yangonchronicle2011 |
၃.၁၂.၂၀၁၁
ပြည်တွင်းသတင်းများ
- စာချုပ်ပါ အခွင့်အရေးဖောက်ဖျက်၍ ဒဂုံစင်တာပိုင်ရှင်ကို ဆိုင်ခန်းငှားသူများက စုပေါင်းတိုင်ကြားမည်
- ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်ဟု ပြန်ရောက်လာသည့် သီးလေးသီးအဖွဲ့သားများဆို
- အမျိုးသမီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ထားရှိတော့မည်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- ၂၀၁၂ ဇန်နဝါရီမှသာ လွှတ်တော်အစည်းအဝေး ပြန်စမည်
- ပြည်သူ့ဆန္ဒသဘောထားမပါသည့် ရပ်ကွက်အုပ်ချု့ပ်ရေးမှူးများ ရှိနေဆဲ
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
********************************************
ပြည်တွင်းသတင်းများ
စာချုပ်ပါ အခွင့်အရေးဖောက်ဖျက်၍ ဒဂုံစင်တာပိုင်ရှင်ကို ဆိုင်ခန်းငှားသူများက စုပေါင်းတိုင်ကြားမည်
ပြည်လမ်းမပေါ်တွင် အသစ်ဖွင့်လှစ်လိုက်သည့် ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင် ပိုင်ဆိုင်သည့် ဒဂုံစင်တာ ၂ အတွင်းရှိ ဆိုင်ခန်းများအား အခကြေးငွေဖြင့် ငှားရမ်းထားသော်လည်း ယင်းဆိုင်ခန်းများ ငှားရမ်းစဉ်က ချုပ်ဆိုခဲ့သည့် စာချုပ်ပါအချက်အလက်များကို ဒဂုံစင်တာ ဘက်မှ လိုက်နာခြင်းမရှိခြင်းကြောင့် နစ်နာသူများက စုပေါင်းတိုင်ကြားရန် စီစဉ်နေကြောင်းသိရသည်။
“နွေရာသီမှာ အဲယားကွန်းဖွင့်မပေးဘူး။ မီးလိုင်းမရသေးဘူးဆိုပြီး အကြောင်းပြနေတာ တစ်လလောက်ရှိပြီ။ ဒါကြောင့် ကျွန်တော်တို့ တိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်”ဟု ယင်းစင်တာတွင် ဖက်ရှင်ဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။
ယင်းဆိုင်ခန်းများကို တစ်ပေပတ်လည်လျှင် တစ်လ နှစ်ထောင့်ငါးရာကျပ်ဖြင့် ငှားရမ်းထားရခြင်းဖြစ်ကာ၊ ဆိုင်ခန်းတစ်ခန်း ဖွင့်လှစ်ရန်အတွက် ဆိုင်ခန်းကြေးမှာ တစ်လလျှင် အနည်းဆုံး ခြောက်သိန်းကုန်ကျကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
ယင်းကိစ္စရပ်ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေထံ တိုက်ရိုက်တိုင်ကြားမည်ဖြစ်ကာ၊ တရားမျှတစွာ ဆုံးဖြတ်ပေးပါရန်ကိုလည်း ထည့်သွင်းပန်ကြားမည် ဖြစ်ကြောင်း တိုင်ကြားရန် စီစဉ်နေသူများက ဆိုသည်။
“သူ့လို လူမျိုးတစ်ယောက်နဲ့ ကျွန်တော်တို့ တရားရင်ဆိုင်မယ်ဆို မျှတမှဖြစ်မယ်။ ဒါကြောင့် ဝန်ကြီးချုပ်ကို မျှမျှတတစီစဉ်ပေးဖို့ တောင်းဆို တာပါ”ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ဒဂုံစင်တာ ၂ ၏ အထပ်ခြောက်ထပ်တွင်ရှိသည့် ဆိုင်ခန်းများ အပြည့်ငှားရမ်းပြီးဖြစ်သော်လည်း၊ အဲယားကွန်းမရသေးသဖြင့် ဆိုင်ခန်း အများစုမှာ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
“ဒီလိုစင်တာထဲမှာ အဲယားကွန်းမရတော့ ဈေးဝယ်သူက မလာတော့ဘူး။ ကျွန်တော်တို့ဖွင့်တဲ့ နေ့တိုင်းလို အရင်းရှုံးနေရတယ်။ အခန်းပြန်အပ် ရအောင်လည်း တစ်နှစ်စာ သိန်းခုနှစ်ဆယ်ပေးထားရတာဆိုတော့”ဟု ဆိုင်ခန်းရှင်တစ်ဦးက ဆက်လက်ပြောကြားသည်။
ဆိုင်ခန်းများ အဲယားကွန်းမရ၍ တိုင်ကြားရန် စီစဉ်နေသည့်ကိစ္စရပ်နှင့် ပတ်သက်၍ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ “တရားဝင်မီးလိုင်း မရသေးလို့ပါ။ ခဏသည်းခံနေဖို့ လိုပါတယ်”ဟု ပြန်လည် ဖြေကြားသည်။
ဦးဝင်းအောင်ပိုင်ဆိုင်သည့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီလက်အောက်ရှိ လုပ်ငန်းခွဲများမှား အကျင့်ပျက်မှုများစွာ ဖြစ်နေကြောင်း စက်သုံးဆီ အရောင်းဆိုင်တာဝန်ခံတစ်ဦးက ထုတ်ဖော်ပြောကြားသည်။
“သူတို့ပိုင်တဲ့ သူရိယစွမ်းအင် စက်သုံးဆီအရောင်းဆိုင်တွေဆို အစိုးရခွဲတမ်းရတဲ့ ဓာတ်ဆီတွေကို ကားတွေ ဆီမပေးဘဲ ပိုင်ရှင်ကိုယ်တိုင် ခိုးရောင်းခိုင်းနေတာရှိတယ်”ဟု ယင်းတာဝန်ခံက ဆိုသည်။
YC(KS)
-----------------------------------------------------------------------------------------------------------------------------------
ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်ဟု ပြန်ရောက်လာသည့် သီးလေးသီးအဖွဲ့သားများ ဆို
မြန်မာပြည်သူများအတွက် အကျိုးရှိစေသည့် လူမှုရေး၊အနုပညာရေး လုပ်ငန်းများတွင် အားကျိုးမာန်တက် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သီးလေးသီးအဖွဲ့သားများက ဒီဇင်ဘာ ၂ ရက်နေ့တွင် တစ်ညီတစ်ညွတ်တည်း ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျန်ရှိနေသည့် သီးလေးသီးအဖွဲ့သားများဖြစ်ကြသည့် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီးမြစပယ်ငုံတို့သည် ဒီဇင်ဘာ ၂ ရက်နေ့၊ ညနေ ၆ နာရီတွင် မြန်မာနိုင်ငံသို့ပြန်ရှိလာကာ ကြိုတင်ရောက်ရှိနေသည့် အဖွဲ့သားများနှင့်လက်တွဲကာ အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
“ကျွန်တော်တို့တွေ လုပ်စရာတွေ အများကြီးပါ။ညီညီညွတ်ညွတ်နဲ့ကို ဆက်လုပ်ကြမှာပါ”ဟု လူရွှင်တော် ကြယ်သီးက ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် သီးလေးသီးအဖွဲ့သားများဖြစ်ကြသည့် လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနှင့် ခေါင်းဆောင်မင်းသမီး ချောစုမျိုး တို့သည် သမ္မတကြီး၏ ပြည်တော်ပြန်ရန်ကြိုဆိုချက်ကို ထောက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ကျန်ရှိခဲ့သည့် လူရွှင်တော် ကြယ်သီး၊ ပန်းသီးနှင့် မင်းသမီးချောစုမျိုးတို့က ယင်းတို့၏ ဆရာဦးသူရ (ခ) ဇာဂနာ အကျဉ်းထောင်မှ မလွတ်မြောက်သေးသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်မလာ နိုင်သေးကြောင်း သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
“အခုတော့ အကိုကြီးလွတ်ပြီလေ။ ဒါကြောင့် ကျွန်မတို့ပြန်လာခဲ့တာပါ”ဟု မမြစပယ်ငုံက ပြန်လာခဲ့သည့် အကြောင်းရင်းကို ဆိုသည်။
ပြန်ရောက်လာသည့် သီးလေးသီးအဖွဲ့သားများအား ကိုဇာဂနာနှင့်အခြားသော လူရွှင်တော်များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
“သူတို့ပြန်လာတာ အမတို့ထက် ကံကောင်းတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူစုံ၊တက်စုံ ကြိုဆိုတာခံရတယ်။ အမတို့တုန်းက ဘယ်သူမှ မလာဘူး”ဟု မချောစုမျိုးက ဆိုသည်။
YC(KS)
-----------------------------------------------------------------------------------------------------------------------------------
အမျိုးသမီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ထားရှိတော့မည်
လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအချို့တွင် အမျိုးသမီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ထားရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမျိုးသမီးများအတွက် ယခုကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးပြီး နိုင်ငံ၏ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ ပါဝင်ခွင့်ရရှိနိုင်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက် ကြိုဆိုကြောင်း ယာဉ်မောင်းတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ စနစ်ပြောင်းချိန်တွင် နိုင်ငံတွင်းရှိ အမျိုးသမီးများအတွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးသင့်ပြီး အမျိုးသမီးများ ယာဉ် မောင်းလိုင်စင်ထုတ်ယူရာတွင်လည်း ကညနရုံးမှ သတ်မှတ်ချက် စစ်ဆေးမှုအောင်မြင်ပါက လိုင်စင်အနီ(ဃ)နှင့် ယာဉ်နောက်လိုက် လိုင်စင်များကိုပါ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ဘတ်စ်ကားများပေါ်တွင် မိန်းကလေးများအား နှောင့်ယှက်ရမ်းကားသူများ၊ ကာယအိနြေ္ဒပျက်ပြားစေရန် လုပ်ဆောင်သည့်သူများ၏ ရန်များမှ မြန်မာအမျိုးသမီးများ ကင်းဝေးစေရန် အမျိုးသမီးသီးသန့်ယာဉ်လိုင်းများကိုလည်း စီစဉ်လျက်ရှိကြောင်း သိရသည်။
အမျိုးသမီးသီးသန့် ယာဉ်လိုင်းထားရှိရန် ကိစ္စရပ်နှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ်နေ အမျိုးသမီးတစ်ဦးက “အမျိုးသမီးသီးသန့် ယာဉ် လိုင်းတွေ ပေါ်လာမယ်ဆိုရင်တော့ တော်တော်ကိုကောင်းပါတယ်။ ရုံးတက်၊ ရုံးဆင်း ကားကျပ်တဲ့အချိန်မျိုးဆိုရင် မိန်းကလေးတွေကို ထိကပါး၊ ရိကပါး လုပ်ချင်တဲ့ အချောင်သမားတွေက ချောင်းနေကြတာ။ အမျိုးသမီးသီးသန့်ယာဉ်လိုင်းလုပ်မယ်ဆိုရင်တော့ ကားကျပ်နေရင်တောင် အမျိုးသမီးချင်းတွေပဲ ဆိုတော့ စိတ်ချ၊ လက်ချစီးနိုင်တာပေါ့” ပာု ၎င်းအမြင်ကို ပြောကြားခဲ့သည်။
YC
***************************************************************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
၂၀၁၂ ဇန်နဝါရီမှသာ လွှတ်တော်အစည်းအဝေး ပြန်စမည်
၂၀၁၂ ခုနှစ် ဇန်နဝါရီမှသာ ပထမအကြိမ် ဒုတိယလွှတ်တော်ပုံမှန်အစည်းအဝေးများကို ပြန်လည်စတင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခင် ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် ဒုတိယလွှတ်တော်ပုံမှန်အစည်းအဝေးများတွင် ဆွေးနွေး၍ မပြီးပြတ်သေးသည့် ဥပဒေများကို နောင်လာမည့် လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် ဒုတိယလွှတ်တော်ပုံမှန်အစည်းအဝေးများတွင် အောင်မြင်မှု အတော်အသင့်ရရှိခဲ့ပြီး ပြည်သူတို့၏ အသံများကို တင်ပြဆွေးနွေးခွင့်ရရှိခဲ့သော်လည်း နောင်လာမည့် လွှတ်တော်ပုံမှန် အစည်းအဝေးများတွင် ယခုထက်ပို၍ ဆွေးနွေးရန် ကြိုးစားသွားမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
ယခုကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် ဒုတိယလွှတ်တော်ပုံမှန်အစည်းအဝေးများတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့ိုင်ရာ ဥပဒေများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း စသည့်ဥပဒေများကဲ့သို့ အခြားအရေးကြီးသော ဥပဒေများကို အတည်ပြုနိုင်ခဲ့သော်လည်း ပြင်ဆင်ရန် လိုအပ်သော အရေးပေါ်စီမံချက်ဥပဒေကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ၌ ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် ဥပဒေများလည်း ရှိနေသေးသည့်အတွက် ပယ်သင့်သည်များ၊ ဖယ်သင့်သည် များကို ထုတ်ဖယ်၍ ဥပဒေသစ်များ အတည်ပြုနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref:နေပြည်တော်တိုင်းမ်
-----------------------------------------------------------------------------------------------------------------------------------
ပြည်သူ့ဆန္ဒသဘောထားမပါသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရှိဆဲ
အုပ်ချုပ်ရေးပိုင်း၏ အခြေခံအကျဆုံးဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေး၌ အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရာတွင် ပြည်သူများ၏ သဘောဆန္ဒမပါဝင်ဘဲ သက်ဆိုင်ရာ၏ဆန္ဒအရသာ ရွေးချယ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရှိနေဆဲဖြစ်ကြောင်း တောင်ဒဂုံရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်အတွင်းနေထိုင်သူအများစုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်သည့် ဆယ်အိမ်မှူး၊ ရာအိမ် မှူးများကို မိမိတို့ဆန္ဒအရ ရွေးချယ်ရမည်ဆိုသည်ကို သိရှိခြင်းမရှိသည့်အပြင် ကြောက်စိတ်များကို ဖယ်ရှားနိုင်ခြင်း မရှိသေးသည့်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှာ ထင်သလိုကျဲခွင့်ရရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ ရပ်ကွက်ထဲမှာ အခု ဘယ်သူက အုပ်ချုပ်ရေးမှူးလဲဆိုတာတောင် ကျွန်တော်မသိဘူး။ ဘယ်သူက မဲပေးပြီး ဘယ်သူတွေက ရွေးချယ်နေတယ်ဆိုတာကို ပြောလို့မကောင်းတော့ မပြောတော့ပါဘူး။ တကယ်ကို ရပ်ကွက်အကျိုးမျှော်ကိုးပြီး အမှန်တကယ် အလုပ်လုပ်မယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုပဲ အလိုရှိပါတယ်”ပာု လှိုင်သာယာ မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ယခုကျင်းပပြီးစီးခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေးများ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်အပ်ရေးနှင့် ပတ်သက်၍ ရပ်ရွာမှ ကြည်ညိုလေးစားသော ပုဂ္ဂိုလ်များကို ခန့်အပ်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုမှ ပြည်ထောင်စု လွှတ်တော်သို့ ဥပဒေကြမ်းတင်သွင်းခဲ့ကြောင်း သိရသည်။
လွှတ်တော်မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကြမ်းကို အတည်ပြုပြီးပါက လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အပြောင်းအလဲဖြစ်လာနိုင်ကြောင်း ရပ်ကွက်နေပြည်သူအချို့မှ မျှော်လင့်လျက်ရှိကြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ရပ်ကွက်ထောက်ခံစာအတွက် ငွေတောင်း ခံမှု၊ ဧည့်စာရင်းတိုင်ကြားရာ၌ ငွေကြေးကောက်ခံမှုများအပြင် အဓမ္မအလှူငွေ ကောက်ခံမှုဖြစ်စဉ်များပါ ရှိနေသေးကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၈၉) တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူများ တာဝန်ပေးအပ်ရာတွင် ရပ်ရွာမှ ကြည်ညိုလေးစားပြီး အကျင့်သိက္ခာ သမာဓိရှိသူများကိုသာ တာဝန်ပေးအပ်သင့်ကြောင်း ဖော်ပြထားသည်။
YC
********************************************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ကျွန်တော်တို့ကဒီကြားဖြတ်ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ မဟာမိတ်ပါတီ ၁၀ ပါတီစုပေါင်းထားတဲ့ ၁၀ ပါတီက ညှိနှိုင်းဆွးနွေးထားတာရှိတယ်။ ၁၀ ပါတီက မဲဆန္ဒနယ်တစ်ခုမှာ တစ်ယောက်ပဲပြိုင်၊ ကျန်တဲ့သူက ဝင်ကူဆိုပြီးလုပ်ထားတာ အဲဒါကလည်း ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက စီစဉ် ထားတာ၊ ကျွန်တော်ဆိုရင် မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှာ ဝင်ဖို့ စာရင်းပေးထားတယ်။ ဒါပေမဲ့ အခုကျတော့ NLD ကပါ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ်ဆိုတော့ ကျွန်တော်တို့ရဲ့အစီအစဉ်တွေက ပျက်သွားပြီ။ ဘယ်လိုလုပ်ရမလဲမပြောတတ်သေးဘူး။ ပြန်တိုင်ပင်ရဦးမယ်။ NLD က ဒီ ရွေးကောက် ပွဲမှာ ဝင်ပြိုင်လာခဲ့ရင်လည်း ကျွန်တော်တို့အတွက်က အခက်အခဲမရှိပါဘူး”
နိုဝင်ဘာ ၂၄ ထုတ် Popular News အတွဲ (၃) အမှတ် (၄၇) တွင်ပါသည့် “NLD ကြားဖြတ်ဝင်မည်ဆိုခြင်းကြောင့် ၁၀ ပါတီ၏ အစီအစဉ် ဖျက်သိမ်းခဲ့ဟုဆို” သတင်းမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“စည်းမျဉ်းစည်းကမ်းနဲ့ ပြောပြီးတော့ အပေါ်စီးကနေဆက်ဆံမယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည် မျက်နှာ၊ ပြည်သူ့မျက်နှာကိုငှဲ့ပေမယ့် ပြန်စဉ်းစားရမယ်။ မြန်မာပြည်နိုင်ငံရေးက မူလည်း အရေးကြီးသလို၊ လူလည်းအရေးကြီးတယ်။
ဒီဇင်ဘာ ၁ ထုတ် Venus News အတွဲ (၃) အမှတ် (၂၀) တွင်ပါသည့် “NLD ပါတီနှင့် ပူးပေါင်းရန် မဖြစ်နိုင်သေးကြောင်း ဦးသိန်းညွှန့်” ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“အဓိကရည်ရွယ်ချက် သုံးချက် ချမှတ်ထားပါတယ်။
တစ်။ အဖွဲ့ချုပ်က အမြဲတမ်းပြောဆိုနေတဲ့ တရားဥပဒေစိုးမိုးရေးပါပဲ။ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး မရှိရင်မဖြစ်ပါဘူး။ ဒါဟာ လက်ရှိ အခြေအနေ အားလုံးရဲ့ အဓိကလို့ အစ်မထင်ပါတယ်။
နှစ်။ တိုင်းရင်းသားများ သွေးစည်ညီညွတ်ရေးပါ။ ဒါက သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ အစ်မတို့နိုင်ငံက ပြည်ထောင်စုနိုင်ငံပါ။ တိုင်းရင်းသား တွေနဲ့ ညီညီညွတ်ညွတ် လက်တွဲသွားနိုင်ဖို့ဟာက သိပ်ကိုအရေးကြီးပါတယ်။
သုံး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့လိုတာ တွေရှိတယ်လို့ ယူဆထားပါတယ်။ အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ လိုသလို တကယ်တမ်းရေရှည် တည်တံ့ဖို့ဆိုရာမှာ တပ်မတော်နဲ့ ညှိနှိုင်းဖို့လိုတယ်ဆိုတာကိုလည်းလက်ခံထားပါတယ်။
ဒီဇင်ဘာ ၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၁) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည် ပြောပြတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘာကြောင့်ဘယ်လို” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်
***************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.