Transparency Myanmar

transparency.myanmar@gmail.com

(pajamasmedia.com မှ ၄-၁-၂၀၁၁ ရက်စွဲပါ Ryan Mauro ၏ Burma: The World's Next North Korea ကို ပြန်ဆိုသည်။)

မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား နိုင်ငံများကဲ့သို့ နျူကလီယာ မိစ္ဆာ ဝင်ရိုးတန်း နိုင်ငံများသို့ နောက်ထပ် အလားတူ နိုင်ငံ အဖြစ် မြန်မာ နိုင်ငံကို ထည့်သွင်းနိုင်သည်။

မြန်မာ အစိုးရက နျူကလီယာ လက်နက် နိုင်ငံ ဖြစ်လာရန် ကြိုးပမ်း အားထုတ်နေကြောင်း မြန်မာနိုင်ငံကို စွန့်ခွာလာသူများ၊ အတိုက်အခံ အုပ်စုများ၏ အခိုင်အမာ ပြောကြားချက်များကို Wikileaks က လွှင့်ထုတ်ပေးသော Cables များက ဖော်ပြလျက် ရှိသည်။

၂၀၀၄ နိုဝင်ဘာလက အထောက်အထား တစ်ခုအရ မြန်မာ ထိပ်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်များသည် ၎င်းတို့ကို အမေရိကန် ပြည်ထောင်စုက အလေးထား လာအောင် နျူကလီယာ ပိုင်ဆိုင်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကို သိရှိလိုကြသည်ဟု အိန္ဒိယ သံတမန် အရာရှိကြီး တစ်ဦးက ပြောကြားသည်။ သံသယ ဖြစ်ဖွယ် ကုန်စည်များ သယ်ယူမှုကို သတင်းပေးများက သတင်းပို့နေကြောင်း အခြား အထောက်အထားများက ဖော်ပြသည်။ မြန်မာနိုင်ငံသည် Software Training အတွက် ရုရှား၊ Hardware အတွက် မြောက်ကိုရီးယား တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း အစိုးရ အတွင်းမှ သတင်းရပ်ကွက် တစ်ခုက သြစတြေးလျ သံအမတ်ကြီးအား ၂၀၀၉ တွင် ပြောကြားခဲ့သည်။

ရန်ကုန် အမေရိကန် သံရုံး၏ ၂၀၀၄ သြဂုတ်လက ဆက်သွယ်သော Cable တစ်ခုတွင် "မြို့တော်၏ အနောက်မြောက်ဘက် မိုင် ၃၀၀ အကွာရှိ မြေအောက် စီမံကိန်း နေရာ တစ်ခုကို အင်ဂျင်နီယာ အဖွဲ့မှ မြန်မာ အရာရှိ တစ်ဦးက ညွှန်ပြခဲ့သည်" ဟု သတင်း ပေးပို့ထားသည်။ ၎င်းမြေအောက် ဥမင်အောက်ခြေမှ အထက် တောင်ကုန်းထိပ်အထိ တိုင်းထွာပါက ပေ ၅၀၀ ခန့် ရှိမည်ဟု ဆိုသည်။ ၎င်းနေရာတွင် မြောက်ကိုရီးယား ပညာရှင် ၃၀၀ ခန့် အလုပ်လုပ် နေကြသည် ဟုလည်း  ၎င်းက အခိုင်အမာ ပြောကြားသည်။ အဆိုပါ အရေအတွက်၏ မှန်ကန်မှုနှင့် ၎င်းအရာရှိ ပြောကြားသော အခြား အကြောင်း အချက်များကို Cable သတင်းပို့ ရေးသားသူက သံသယ ရှိနေသည်။ အဆိုပါ အရာရှိက "မြောက်ကိုရီးယားများ ထိုနေရာမှ အပြင်သို့ မထွက်ရသလို၊ သူ့လို အပြင်လူများလည်း မဝင်နိုင်ကြ" ဟု ပြောကြားထားရာတွင် ၎င်းမည်ကဲ့သို့ မြင်တွေ့ခဲ့သည် ဟူသော မေးခွန်း ပေါ်ထွက်လာသည်။

သို့သော်လည်း မြန်မာ အစိုးရ၏ နျူကလီယာ စီမံကိန်းနှင့် ပတ်သက်သော သတင်းများကို မှန်ကန်ကြောင်း သက်သေ ပြမည့် တိကျ လုနီးပါး အထောက်အထား ရှိသည်။ မြန်မာ့ တပ်မတော်မှ ထွက်ပြေးသွားသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ၎င်း၏ လက်ထဲမှ လျှို့ဝှက် အထောက်အထားနှင့် ဓာတ်ပုံ ရာပေါင်း များစွာကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ ပေးပို့ ဖြန့်ချိခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းအထောက် အထားများက ကြီးမားသော မြေအောက် ဥမင် အဆောက်အဦး ကွန်ယက်ကို ၁၉၉၆ ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်းနှင့် ၂၀၀၁ နောက်ပိုင်း အနည်းဆုံး ဒေါ်လာ ၃.၅ ဘီလျံခန့် ကုန်ကျခဲ့ကြောင်း ထုတ်ဖော် ထားသည်။ မြန်မာ အစိုးရက မြောက်ကိုရီးယား၏ အကူအညီဖြင့် ယူရေနီယံ သန့်စင်မှုနှင့် ပလူတိုနီယံ ပြန်လည် သန့်စင်မှု လုပ်နိုင်မည့် စီမံကိန်းများကို ဆောင်ရွက်နေကြောင်းကို IAEA ဒါရိုက်တာဟောင်း Robert Kelly ယုံကြည်စေရန် အထက်ပါ အထောက်အထားများက လုံလောက်မှု ရှိသည်။

သြစတြေးလျမှ မဟာ ဗျူဟာမြောက်နှင့် ကာကွယ်ရေး ဆိုင်ရာ လေ့လာမှု ဗဟိုကလည်း အလားတူ ကောက်ချက် ချထားသည့် လေ့လာမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ရုရှား အကူအညီဖြင့် တည်ဆောက်ခဲ့သော အရပ်ဖက်သုံး နျူကလီယာ စီမံကိန်း၏ အနီးတဝိုက်တွင် လျှို့ဝှက် နျူကလီယာ စီမံကိန်း တည်ဆောက်ခြင်းကို သီးခြားစီ အတည်ပြု ပြောဆိုခဲ့သော တပ်ပြေး နှစ်ဦးကို အစီရင်ခံစာ ရေးသားသူများက မေးမြန်း စူးစမ်းခဲ့ကြသည်။ ၂၀၀၇ ခုနှစ်တွင် အစ္စရေးက ဖျက်ဆီးခဲ့သော ဆီးရီးယား နျူကလီယာ ဓာတ်ပေါင်းဖိုနှင့် ဒီဇိုင်းတူသည်ဟု အစီရင်ခံစာ ရေးသူများ သုံးသပ်ထားသော မြန်မာ လျှို့ဝှက် နျူကလီယာ စီမံကိန်း နယ်မြေတွင် မြောက်ကိုရီးယား လူမျိုး ၆၀ ခန့် ရှိသည်ဟု တပ်ပြေး တစ်ဦးက ပြောဆိုသည်။

မြန်မာ့ တပ်မတော် အကြီးအကဲ တစ်ဦး ပါဝင်သော အစည်းအဝေးများကို ၂၀၀၈ နိုဝင်ဘာ ၂၂ မှ ၂၉ အထိ မြောက်ကိုရီးယားတွင် ပြုလုပ်ခဲ့ခြင်းကိုလည်း ဒီမိုကရက်တစ် မြန်မာ့အသံ DVB က ရရှိသော အထောက်အထားများက ညွှန်ပြနေသည်။ တပ်မတော် အကြီးအကဲ တစ်ဦး၏ ၂၀၀၈ မြောက်ကိုရီးယား ခရီးစဉ်ကို မြန်မာ အရာရှိ တစ်ဦးက ပြောကြားခဲ့ခြင်းမှာ စကား ကျွံသွားခြင်း ဖြစ်သည်ဟု Wikileaks မှ လွှင့်ထုတ်သော Cable တစ်ခုတွင် ပါရှိသည်။

DVB သည် မြန်မာနိုင်ငံ၏ လျှို့ဝှက် နျူကလီယာ လက်နက် အစီအစဉ်နှင့် ပတ်သက်၍ ထောက်လှမ်း ရသမျှ အားလုံးကို သတင်း မှတ်တမ်းကာ (Documentary) အသွင်ဖြင့် ပြည်သူများ ကြည့်ရှုနိုင်ရန် တင်ဆက်ခဲ့သည်။ ယခု လောလောဆယ်တွင်မူ စစ်အစိုးရသည် ယူရေနီယံ အပေါ်တွင်သာ အာရုံထားနိုင်ပြီး၊ Yellow Cake ထုတ်လုပ်ရေးကိုသာ ပြုလုပ်လျက် ရှိသည်။ ထွက်ပြေးလာသူ တစ်ဦးက ပြောကြားရာတွင် အစိုးရက နျူကလီယာကို ၂၀၂၀ တွင် ပိုင်ဆိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။ သြစတြေးလျ လူမျိုး လေ့လာသူများက ပြောကြားရာတွင် အခြား အဓိက ပြဿနာများ မရှိပါက မြန်မာနိုင်ငံသည် နျူကလီယာကို ၂၀၁၄ တွင် ပိုင်ဆိုင်နိုင်မည်ဟု ခန့်မှန်းခဲ့သည်။ အခြေခံ ကျကျ ရိုးရိုး စဉ်းစားရလျှင် အနောက် နိုင်ငံများသည် မြန်မာနိုင်ငံကို နျူကလီယာ မိစ္ဆာဝင်ရိုးတန်း နိုင်ငံစာရင်းမှ ဖယ်ထုတ်ရန် မသင့်သေးဟု ဆိုရမည် ဖြစ်သည်။ မြန်မာ အစိုးရသည် အီရန်၏ နျူကလီယာ ကြိုးပမ်းမှုတွင် လိုနေသော ကွက်လပ်အား ဖြည့်ဆည်း ပေးနိုင်သည့် အနေအထားတွင် ရှိနေသည်။ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ တစ်ဦး၏ အဆိုအရ ၎င်းသည် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် အီရန် ထောက်လှမ်းရေးနှင့် နျူကလီယာ သိပ္ပံပညာရှင် တစ်ဦး တွေ့ဆုံ၍ Yellow Cake နမူနာကို လက်ခံ ရယူခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကိစ္စသာ မှန်ကန်ပါက အီရန်သည် ၎င်း၏ အရေးကြီးလှသော ယူရေနီယမ် ကုန်ကြမ်း ပြတ်လပ်မှု အတွက် ဖြည့်ဆည်းရန် မြန်မာ နိုင်ငံဖက် ခြေဦးလှည့်ကာ အကူအညီ ပေးလာနိုင်သည်။

ထို့အပြင် မြောက်ကိုရီးယားသည် မြန်မာ နိုင်ငံသို့ နျူကလီယာ ပစ္စည်းများ သင်္ဘောဖြင့် တင်ပို့ခြင်း၊ ပြည်ပရှိ ရာဇဝတ်မှု ကွန်ရက်များနှင့် ဆက်သွယ်၍ တရားမဝင် လှုပ်ရှားမှုများ ပြုလုပ်ကြောင်း ကုလ သမဂ္ဂမှ အတည်ပြုပြီး ဖြစ်သည်။ နောက်တစ်ဆင့် တက်၍ အဂတိ လိုက်စားသော မြန်မာ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် နျူကလီယာ ပစ္စည်းများကို ရာဇဝတ်ကောင်များ သို့မဟုတ် အကြမ်းဖက် သမားများသို့ ရောင်းချကောင်း ရောင်းချနိုင်ပေသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလက Cable တွင် ဖော်ပြထားရာ၌ မြန်မာ အရပ်သား တစ်ဦးသည် ၎င်းတွင် ရှိသော ယူရေနီယမ်-၂၃၈ များကို အမေရိကန်က မဝယ်ပါက ထိုင်း၊ တရုတ် သို့မဟုတ် အခြားနိုင်ငံ တစ်ခုသို့ ရောင်းချမည်ဟု အမေရိကန် သံတမန်အား ခြိမ်းခြောက်ခဲ့ကြောင်း၊ ၎င်းတွင် မြန်မာ ယူရေနီယံ ၅၀ ကီလို စည်ပိုင်းထဲတွင် ရှိကြောင်း ဆိုသည်။ တဖန် ၎င်းက ၂၀၀၀ ကီလိုအထိ ရောင်းချနိုင်ကြောင်း ပြောခဲ့သည်။ နောက်ထပ် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ Cable တွင် မြန်မာ အစိုးရသည် တရုတ်နိုင်ငံသို့ ယူရေနီယမ် အရိုင်း ၁၁၂ မက်ထရစ်တန် သံသယ ဖြစ်ဖွယ် သင်္ဘော တင်ပို့မှု ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

အနောက် နိုင်ငံများတွင် မြန်မာနိုင်ငံကို နျူကလီယာ အစီအစဉ်များ အတွက် အရေးယူရန် လုံလောက်သော အကြောင်းပြချက်များ ရှိသည်။ နျူကလီယာ လက်နက် ကိုင်သော စစ်အစိုးရ၏ သိသာသော အန္တရာယ်များကို အသာ ထားဦး၊ ယခု အစီအစဉ်သည် ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို ဖြစ်စေနိုင်မည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်များသည် ၎င်းကဲ့သို့သော ပြောမရ ဆိုမရ အစိုးရများ၏ နျူကလီယာ ကြိုးပမ်းမှုများကိုလည်း အကူအညီ ပေးနိုင်သည်။ မြောက်ကိုရီးယားသည် မြန်မာ အစိုးရအား ကူညီရင်း အကျိုးအမြတ်များ ရသည်။ ထို့အတူ အကျင့်ပျက် ခြစားမှုနှင့် ယဉ်ပါးပြီးသော မြန်မာ အစိုးရ ပုဂ္ဂိုလ်များသည်လည်း ၎င်းတို့၏ နျူကလီယာ နည်းပညာကို အချိန်မရွေး ပြန်လည် ရောင်းချ ပေလိမ့်မည်။

မြန်မာနိုင်ငံသည် နျူကလီယာ မပြန့်ပွားရေး စာချုပ်၏ ပိုမို ဝင်ရောက် စစ်ဆေးခွင့်ကို ခွင့်ပြုမည့် Additional Protocol ကို လက်မှတ် ရေးထိုးရခြင်း မရှိသေးပေ။ ထို့ကြောင့်ပင် မြန်မာနိုင်ငံသည် နျူကလီယာ ပါဝင်မှု အနည်းဆုံး ရှိခဲ့လျှင် စစ်ဆေးမှု မလိုပဲ ပြုလုပ်ခွင့် ပြုသော IAEA ၏ Small Quantities Protocol မှ ကင်းလွတ်နေကြောင်း IAEA ၏ ဒါရိုက်တာဟောင်း Robert Kelly က ပြောသည်။ Kelly က ပြောကြားရာတွင် တုန်လှုပ်ဖွယ် ကောင်းသည့် အချက်မှာ Protocol ၏ ခွင့်ပြုချက်အရ IAEA သည် မြန်မာ နျူကလီယာ ပညာရှင်များကို လေ့ကျင့် သင်ကြား ပေးနေကြောင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ နျူကလီယာ ပြန့်ပွားရေးကို ကိုင်တွယ်ရသည်မှာ လွယ်ကူ သေးငယ်သော ကိစ္စရပ် တစ်ခုကား မဟုတ်ပေ။ ထို့ကြောင့် စတင် ကိုင်တွယ်သည့် အနေဖြင့် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် မြန်မာနိုင်ငံကို Small Quantities Protocol နှင့် အကျုံး မဝင်ကြောင်း အရေးဆို သင့်ပြီး မြန်မာ အစိုးရအား Additional Protocol အား လက်မှတ် ရေးထိုးရန် ဖိအားပေးရမည် ဖြစ်သည်။ အကယ်၍ မြန်မာ စစ်အစိုးရ အဖွဲ့ဝင်များသည် အမေရိကန်၏ အာရုံစိုက်မှုကို ခံလိုကြောင်း အမှန်တကယ် ဟုတ်မှန်ပါက ၎င်းတို့အား အာရုံစိုက်ပြီး၊ အာရုံစိုက် ခံရလိုမှု အတွက် ၎င်းတို့ နောင်တ ရအောင် ပြုလုပ်ပေး ရပေလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

( ၅ ရက် ဇန်နဝါရီလ ၂၀၁၁ ရက်စွဲပါ AFP မှ Cambodian Officials told to declare assets သတင်းကို တိုက်ရိုက် ဘာသာ ပြန်သည်။)

ကမ္ဘောဒီးယား နိုင်ငံတွင် ထိန်းမနိုင် သိမ်းမနိုင် များပြားနေသော အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရန် အတွက် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တစ်သိန်းကျော်အား ယခုလ မှစ၍ ပိုင်ဆိုင်မှုများ ကြေညာရန် အမိန့် ထုတ်ခဲ့သည်ဟု အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန် အပါအဝင် ရာထူးကြီး ဝန်ထမ်းများသည်လည်း ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၊ ကားများ၊ စီးပွားရေး လုပ်ငန်းများနှင့် အခြား ပိုင်ဆိုင်မှုများကို လျှို့ဝှက် ကြေညာရမည် ဖြစ်သည်ဟု အစိုးရ၏ အဂတိ လိုက်စားမှု ဆန့်ကျင်ရေး အမျိုးသား ကောင်စီမှ ပြောခွင့်ရ ပုဂ္ဂိုလ် Keo Remy က ပြောကြားခဲ့သည်။

"ဒါဟာ ကျွန်တော်တို့ တိုင်းပြည် အတွက် သမိုင်းဝင် လုပ်ရပ်ပါပဲ" ဟု ၎င်းက AFP သို့ ပြောကြားခဲ့သည်။

အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် အသစ် ဖွဲ့စည်းခဲ့သည့် Anti-Corruption Unit (ACU) သို့ မိမိ ပိုင်ဆိုင်မှုများကို တင်ပြရန် လိုအပ်မည် ဖြစ်ပြီး၊ ပြည်သူလူထုကိုမူ အသေးစိတ် ထုတ်ပြန်လိမ့်မည် မဟုတ်ဟု Keo Remy က ပြောကြားခဲ့သည်။

"ပိုင်ဆိုင်မှု ကြေညာလွှာ တင်ခြင်း လုပ်ငန်းကို လျှို့ဝှက်ချက် တစ်ခု အနေနဲ့ လုပ်ဆောင် သွားမှာပါ" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး တည်ငြိမ်မှုကို အလေးထားသလို၊ အစိုးရ ပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ ကိုယ်ရော စိတ်ပါ လုံခြုံမှု အတွက် အလေးပေး ဆောင်ရွက်သွားမှာပါ" ဟု ဆိုသည်။

ပိုင်ဆိုင်မှု ကြေညာခြင်း အတွက် နောက်ဆုံး ရက်ကိုမူ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

အတိုက်အခံ ပါတီတစ်ခု ဖြစ်သော Sam Rainsy ပါတီမှ ပြောခွင့်ရ ပုဂ္ဂိုလ် Yim Sovann က အဆိုပါ လုပ်ရပ်သည် အဓိပ္ပာယ် မရှိသော လုပ်ရပ်အဖြစ် ဝေဖန်ခဲ့သည်။

"ပိုင်ဆိုင်မှုကို လျှို့ဝှက် ကြေညာတယ် ဆိုတော့ ဘာထူးသေးလဲဗျ" ဟု ၎င်းက ဆိုသည်။

"အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်ဖြစ်လို့ ကျွန်တော်တို့ မထောက်ခံပါဘူး" ဟု Yim Sovann က ဖြည့်စွက် ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပါလီမန်၏ အတည်ပြုချက် ရယူပြီး ပြဋ္ဌာန်းသွားမည် ဖြစ်သည်။ ရေးဆွဲပြီး အသင့် ဖြစ်နေသည့် ဥပဒေတွင် လာဒ်ငွေ ရယူကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ် အထိ ချနိုင်ကြောင်း သိရှိရသည်။

အာဏာ အလွဲ သုံးစား ပြုမှု ဆန့်ကျင်ရေး အသင်း ဖြစ်သည့် Transparency International ၏ မကြာခင်က ထုတ်ပြန်သော အကျင့်ပျက် ခြစားသော နိုင်ငံ စာရင်းတွင် ၁၇၈ နိုင်ငံ ရှိသည့် အနက် ကမ္ဘောဒီးယားသည် အဆိုးဆုံး ၁၅၄ နံပါတ် ချိတ်ခဲ့သည်။

ယမန်နှစ်က ထုတ်ပြန်သော Political and Economic Risk Consultancy ၏ အဆိုးဆုံး ခြစားသည့် နှစ်ပတ်လည် စာရင်းတွင် အရှေ့တောင် အာရှ၌ ကမ္ဘောဒီးယားသည် အင်ဒိုနီးရှား နောက်တွင် ဒုတိယ ရပ်တည်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်နဝါရီလ ၅ ရက် ၂၀၁၁ ရက်စွဲပါ Aljazeera သတင်းမှ US looks for China help on N Korea သတင်းကို တိုက်ရိုက် ဘာသာပြန်သည်။)

မြောက်ကိုရီးယား မူဝါဒနှင့် ပတ်သက်သော အမေရိကန် အထူး ကိုယ်စားလှယ်သည် မြောက်ကိုရီးယား ခြိမ်းခြောက်သော အမှု အကျင့်များနှင့် ပတ်သက်၍ ဆွေးနွေးရန် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

Stephen Bosworth သည် တောင်ကိုရီးယားသို့ သွားရောက်ပြီး နောက်တနေ့ ဗုဒ္ဓဟူးနေ့တွင် Beijing သို့ လာရောက်ရန် စီစဉ်ထားသည်။ ၎င်းသည် မြောက်ကိုရီးယားအား နျူကလီယာ လက်နက် ထုတ်လုပ်မှု ရပ်ဆိုင်းစေရန် တိုက်တွန်းရေး ကြိုးစားရန်နှင့် ကိုရီးယား ကျွန်းဆွယ် တင်းမာမှု လျော့ချရန် ကိစ္စများ ဆွေးနွေးမည် ဖြစ်သည်။

Bosworth သည် တောင်ကိုရီးယား၏ နျူကလီယာ ညှိနှိုင်းရေးမှူးချုပ် Wi Sung-Iac နှင့် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီး Kim Sung-Hwan နှင့်လည်းကောင်း အသီးသီး တွေ့ဆုံခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် Bosworth သည် တောင်ကိုရီးယားမှ တာဝန်ရှိသူများသည် မြောက်ကိုရီးယား၏ နျူကလီယာ ဖြစ်ပေါ် တိုးတက်မှု လက်ရှိ အခြေအနေနှင့် အနာဂတ် တုန့်ပြန်မှုများ အတွက် အကဲဖြတ် ဆွေးနွေးရန် လုပ်ဆောင်ခဲ့သည် ဟုဆိုသည်။

ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပေ။

တင်းမာမှု မြင့်တက်လာခြင်း

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုမှာ မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ထိပ်တိုက် ရင်ဆိုင် ရမှုများကို ရပ်ဆိုင်းရန် တောင်းဆိုအပြီး သုံးရက်တွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ်မှာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အပြီး အပြင်းထန်ဆုံး တင်းမာသော နှစ်ဖြစ်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်လည်း မြောက်ကိုရီးယားက တိုက်တွန်းခဲ့သည်။

          ပြီးခဲ့သည့် မတ်လက တောင်ကိုရီးယား ရေတပ်သင်္ဘော တော်ပီဒိုကြောင့် ပျက်စီးခဲ့ပြီး သင်္ဘောသား (၄၆) ဦး သေဆုံးမှုအတွက် မြောက်ကိုရီးယားအား အပြစ်တင်ခဲ့သည်။

          မြောက်ကိုရီးယားက အဆိုပါ စွပ်စွဲမှုကို ငြင်းဆန်ထားသည်။ တောင်ကိုရီးယားသည် ယခင်က မြောက်ကိုရီးယား၏ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကို ဘေးချိတ်ထားခဲ့ပြီး ဆွေးနွေးရန် အမှန် တကယ် လိုလားကြောင်း ပြသရန်နှင့် ရန်လိုမှုများကို စွန့်လွှတ်မှသာ ဆွေးနွေးမည်ဟု ပြောကြား ခဲ့သည်။

          မြောက်ကိုရီးယားက ၎င်းသည် နျူကလီယာ လက်နက် ဖျက်သိမ်းရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးမှာ ပြုံယမ်းက ၎င်း၏ နျူကလီယာ အဆောက်အအုံများကို စစ်ဆေးရန် ကိစ္စ သဘော မတူကြောင်း ငြင်းဆန်ပြီးနောက် ရပ်ဆိုင်းသွားသည်မှာ နှစ်နှစ် ကျော်ပြီ ဖြစ်သည်။

          အမေရိကန် အနေဖြင့် မြောက်ကိုရီးယားနှင့် စကားပြောရန်ပင် တောင်ကိုရီးယားအား ဖိအားပေးခြင်း ရှိမရှိ ဗုဒ္ဓဟူးနေ့က မေးမြန်းရာ Bossworth က "ဘယ်တော့မှ မလုပ်" ဟု ပြောခဲ့သည်။

          ဆွေးနွေးမှုများနှင့် ပတ်သက်၍မူ ၎င်းက မှတ်ချက်ပြုခြင်း မရှိပေ။ ဆွေးနွေးပွဲများ မတိုင်မီ မြောက်ကိုရီးယား အနေဖြင့် ၎င်း၏ နျူကလီယာ လက်နက် ဖျက်သိမ်းရေး နှင့်ပတ်သက်သော ကတိကဝတ်များသည် စစ်မှန်မှု ရှိမရှိကို အမေရိကန်က လေ့လာလျက် ရှိသည်။

          Bossworth သည် ကြာသပတေးနေ့တွင် မြောက်ကိုရီးယား ကိစ္စ ဆွေးနွေးရန် ဂျပန်သို့ သွားရောက်မည် ဖြစ်သည်။

နောက်ဆုံး ဖတ်ရှုရခြင်းအရ ဂျပန်နိုင်ငံ၏ လူသုံးကုန် ပစ္စည်းဈေးနှုန်း ညွှန်းကိန်း (Consumer Price Index CPI) သည် ၂၁ လ ဆက်တိုက် ကျဆင်းခဲ့သည်ဟု ဆိုသည်။

သို့သော် ယခု ကျဆင်းမှုသည် Dow Jones Newswires နှင့် Nikkei တို့မှ စီးပွားရေး ပညာရှင်များအား မေးမြန်း စာရင်း ကောက်ယူပြီး ခန့်မှန်းထားသော ၀.၆% ကျဆင်းရန် ခန့်မှန်းချက်ထက် အနည်းငယ် လိုနေသေးသည်။

သီးခြား ကြေညာချက် တစ်ခုတွင် ဂျပန်နိုင်ငံ၏ အလုပ် လက်မဲ့နှုန်းသည် နိုဝင်ဘာလတွင် ၅.၁% ရှိနေပြီး၊ လွန်ခဲ့သော လက အတိုင်း ရှိနေသည်။ ဈေးကွက်၏ ခန့်မှန်းချက် အတိုင်း ဖြစ်နေသည်။

စက်မှု ထုတ်လုပ်မှုများမှာ နိုဝင်ဘာလတွင် ပြီးခဲ့သည့် လကထက် ၁% တက်လာခဲ့ပြီး၊ ငါးလ ဆက်တိုက် ကျဆင်းနေရာမှ ပြန်တက်လာခြင်း ဖြစ်သည်။

ကားထုတ်လုပ်ရေးတွင် အစိုးရ၏ ကားသစ် ဝယ်ယူရေး မက်လုံးပေး အစီအစဉ်များကြောင့် မြှင့်တက်လာနိုင်ခဲ့သည်။

သို့သော် အစိုးရကမူ ထိန်းထိန်း သိမ်းသိမ်း ပြောခဲ့ရာ "စက်မှုလုပ်ငန်း ထုတ်လုပ်ရေးမှာ အားနည်းနေဆဲ ဖြစ်သည်" ဟုသာ ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(ဇန်န၀ါရီ ၄ ရက်၊ ၂၀၁၁ နေ့စွဲပါ AFP မှ Pratap Chakravarty ရေးသားသော India builds naval research centre ကို တိုက်ရိုက် ပြန်ဆိုသည်)

တောင်အာရှ အင်အားကြီး အိန္ဒိယနိုင်ငံက အိန္ဒိယ သမုဒ္ဒရာတွင် ယင်း၏ ပင်လယ်ပြင် ကာကွယ်ရေး တည်ဆောက်ရန်နှင့် တရုတ် နိုင်ငံ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် ကြိုးပမ်းမှု အစီအစဉ် တစ်ရပ်အဖြစ် စစ်သင်္ဘောများ အတွက် ရေတပ် သုတေသန စင်တာသစ်ကို အင်္ဂါနေ့တွင် စတင် ခဲ့သည်။

တောင်ပိုင်း Kerala ပြည်နယ်တွင် ရူပီးငွေ ၆ ဘီလျံ (ဒေါ်လာ ၁၃၃ သန်း) အကုန် အကျခံ တည်ဆောက်မည့် National Institute for Research and Development in Shipbuilding (NIRDESH) အတွက် ကာကွယ်ရေး ၀န်ကြီး A.K Antony က အုတ်မြစ် ချခဲ့သည်။

၂ နှစ်အတွင်း ပြီးစီး လည်ပတ်မည့် အဆိုပါ စီမံကိန်းသည် အိန္ဒိယ နိုင်ငံအတွက် စစ်သင်္ဘောများ ပုံစံထုတ် တည်ဆောက်ခြင်း နည်းပညာ ဖွံ့ဖြိုးရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ရေတပ် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

Kerala စီမံကိန်း အဖွဲ့သည် အမျိုးသား ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်းနှင့် လွတ်လွတ် ကင်းကင်း သီးခြား ဆောင်ရွက်မည် ဖြစ်ကာ ရုရှားထံမှ စစ်လက်နက် ပစ္စည်း အများဆုံး တင်သွင်းခြင်း အပေါ် အိန္ဒိယ နိုင်ငံ မှီခို နေရခြင်းကို လျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်သည်။

စစ်သင်္ဘော (၁၃၆) စင်းပါ ရေတပ်မတော်က "NIRDESH သည် အိန္ဒိယ၏ ရေပြင်ပိုင်နက် လုံခြုံမှုကို စောင့်ရှောက်နိုင်လိမ့်မည်" ဟု ကြေညာချက်တွင် ပြောကြားသည်။

"ဒီစီမံကိန်းဟာ အိန္ဒိယ ရေတပ်မတော်၊ ကမ်းခြေစောင့်တပ်နဲ့ တခြား ရေပြင် လုံခြုံရေး အဖွဲ့အစည်း တွေကို အင်အား ဖြည့်ပေးမှာ ဖြစ်လို့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒေသတွင်း ရပ်တည်မှုနဲ့ လွှမ်းမိုးမှုကို အကျိုး ဖြစ်ထွန်းစေမှာပါ" ဟု ရေတပ် တာဝန် ရှိသူက ဆိုသည်။

"ကာကွယ်ရေး နည်းပညာရဲ့ အရေးကြီးတဲ့ ဒီလို နယ်ပယ်မျိုးမှာ ကိုယ့်အား ကိုယ်ကိုး ရပ်တည်နိုင်ဖို့ ဒီစီမံကိန်းက သေချာပေါက် ဖြည့်ဆည်းပေးမှာပါ" ဟု Antony က ဆက်လက် ပြောကြားသည်။

သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများ အပါအ၀င် အဓိက ရေတပ် အခြေခံ အဆောက်အဦ စီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံရန် ဘေဂျင်းက ရန်ပုံငွေ သုံးစွဲ နေသော အိန္ဒိယ သမုဒ္ဒရာ တ၀ိုက်တွင် တရုတ်၏ လွှမ်းမိုးမှု ကြီးထွား လာခြင်းကို နယူးဒေလီက စိုးရိမ် ပူပန်လျက် ရှိသည်။

ပြီးခဲ့သော သြဂုတ်လ အတွင်းက တရုတ်-မြန်မာ မဟာမိတ် ၂ နိုင်ငံ အကြား ဆက်ဆံရေးကို တိုးမြှင့်ရန် အတွက် မြန်မာ နိုင်ငံသို့ တရုတ် စစ်သင်္ဘော (၂) စင်း၊ ရှားရှားပါးပါး ၀င်ရောက် ဆိုက်ကပ် လည်ပတ် ခဲ့ချိန်တွင် နယူးဒေလီမှ တာဝန်ရှိသူများ မျက်လုံးပြူးသွားခဲ့ရသည်။

တရုတ် ရေတပ်သည် ဆယ်စုနှစ် တစ်ခုအတွင်း အမေရိကန်ထက် စစ်သင်္ဘောများ ပိုမို လာနိုင် ကြောင်း မကြာသေးမီက အိန္ဒိယ ရေတပ် ဦးစီးချုပ်ဟောင်း Arun Prakash က သတိပေးခဲ့ပြီး ရေတပ် ဆိုင်ရာ ဖြည့်တင်းမှုများ အရှိန်မြှင့်ရန် အိန္ဒိယအား တိုက်တွန်းခဲ့သည်။

ဝေဖန်သူများက ပြောကြားရာတွင် အိန္ဒိယသည် ရေတပ် စစ်အင်အားတွင် တရုတ်နောက်သို့ ရောက်ရှိနေကြောင်း၊ မဟာဗျူဟာ ကျသော အိန္ဒိယ သမုဒ္ဒရာတွင် အိန္ဒိယ အနေဖြင့် အင်အား ကြီးမားရေး အားထုတ် သင့်သည်ဟု ဆိုကြသည်။ အိန္ဒိယ သမုဒ္ဒရာသည် အာရှမှ ဥရောပနှင့် အရှေ့ အလယ်ပိုင်းသို့ ဆက်သွယ်ရာတွင် အရေးပါ လှသော သင်္ဘော လမ်းကြောင်း ဖြစ်သည်။

"တရုတ်ကို မယှဉ်နိုင်ဘူးလို့ ဆိုတာဟာ အိန္ဒိယ သမုဒ္ဒရာမှာ မိမိ အကျိုးစီးပွားကို မကာကွယ် ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး"ဟု ရေတပ် ဗိုလ်ချုပ်ဟောင်း Raja Menon က AFP သို့ ပြောကြား ခဲ့သည်။

သို့သော် အိန္ဒိယသည် အိန္ဒိယ သမုဒ္ဒရာတွင် မိမိ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး တစ်စိတ် တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံ တောင်ပိုင်း အင်ဒမန် ပင်လယ်ထဲရှိ ကျွန်းငယ်လေးများတွင် စစ်ရေး အင်အား တောင့်တင်းအောင် စတင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

နယူးဒေလီသည် ယင်း၏ (၁၄) စင်းပါ ရေငုပ်သင်္ဘော အုပ်စုကို မြှင့်တင်ရေး အတွက် ယင်း၏ ပထမဆုံး နျူကလီယာ ပါဝါသုံး ရေငုပ်သင်္ဘောကို ၂၀၀၉ ခုနှစ်က စတင် အသုံးပြုခဲ့သည်။ ထို့အပြင် ယင်း၏ စစ်တပ် သင်္ဘောကျင်း များတွင် လေယာဉ်တင် သင်္ဘော တစ်စီး စတင် တည်ဆောက်နေပြီး စစ်သင်္ဘောငယ် အများအပြား ဆောက်လုပ်နေသည်။

ထို့အပြင် ရေပိုင်နက် ထောက်လှမ်းရေး လေယာဉ် (၈) စီး ၂၀၁၅ တွင် ရှိစေရန် ၀ယ်ယူရေး စီစဉ်လျက် ရှိပြီး ၂၀၀၆ ခုနှစ်က Franco-Spanish Scorpene ရေငုပ်သင်္ဘော (၆) စီး ဖြည့်တင်းပြီး ဖြစ်သည်။

စတော့ဟုန်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန၏ အဆိုအရ ၂၀၀၉ ခုနှစ်တွင် တရုတ်၏ စစ်တပ် အသုံးစရိတ်သည် ကမ္ဘာပေါ်တွင် အမေရိကန် ပြီးလျှင် ဒုတိယ အများဆုံး ဖြစ်ကြောင်း ဆိုသည်။

KPMG အကြံပေး အဖွဲ့၏ ခန့်မှန်းချက်အရ အိန္ဒိယသည် ယခုမှ ၂၀၁၆ အတွင်း ကာကွယ်ရေး အမာထည် (defense hardware) အတွက် ဒေါ်လာ (၁၁၂) ဘီလျံ သုံးစွဲရန် လျာထားသည်ဟု သိရှိရသည်။

အိန္ဒိယသည် ၂၀၁၀-၂၀၁၁ မှစ စစ်အသုံးစရိတ်ကို (၄%) မှ (၃၂) ဘီလီယံ ဒေါ်လာထိ တိုးမြှင့် သွားမည် ဖြစ်သည်။ သို့သော် Menon ကဲ့သို့သော ဝေဖန် သုံးသပ် သူများက ရေတပ်အတွက် ကာကွယ်ရေး အသုံးစရိတ်၏ (၁၆%) လျာထား ခြင်းသည် တိုးချဲ့ရေး စီမံချက်အတွက် လုံလောက်မှု မရှိကြောင်း သတိပေးခဲ့သည်။

အိန္ဒိယနှင့် တရုတ်သည် ၁၉၆၂ ခုနှစ်က နယ်စပ်စစ်ပွဲ ခဏတာမျှ ဖြစ်ပွားခဲ့ပြီး ယခုတိုင် မဖြေရှင်း နိုင်သေးသော နယ်နိမိတ် အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Xing Hua သတင်းဌာနမှ Myanmar-India take supportive measures in wake of increase of bilateral trade  သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံ အကြား အပြန်အလှန် ကုန်သွယ်ရေး တိုးတက် လာပြီးနောက် ကုန်သွယ်မှု ချောမွေ့အောင် ဘဏ်လုပ်ငန်း လုပ်ဆောင်ခြင်းကို စေ့စပ် ညှိနှိုင်းကြရန် သဘောတူ ခဲ့ကြသည်။

၂၀၀၉-၁၀ ဘဏ္ဍာရေး နှစ်တွင် အပြန်အလှန် ကုန်သွယ်ရေး တန်ဖိုး အမေရိကန် ဒေါ်လာ (၅) ဘီလျံကျော်သို့ လျှင်မြန်စွာ ရောက်ရှိသွားခြင်းနှင့် နယ်စပ် ကုန်သွယ်ရေး တန်ဖိုး ဒေါ်လာ (၁၄)သန်း ခန့် ရှိလာ ခဲ့ခြင်းကြောင့် နောက်ထပ် ကြိုးပမ်းမှုအဖြစ် နယ်စပ် ကုန်သွယ်ရေးကို ပုံမှန် ကုန်သွယ်ရေး အဖြစ် ပြောင်းလဲရန် အဆိုပါ နှစ်နိုင်ငံ သဘောတူခဲ့ ကြခြင်း ဖြစ်သည်။

အထက်ပါ ဆောင်ရွက်ချက်များကို ပံ့ပိုးရန် အတွက် အိန္ဒိယ ဘဏ်များက မြန်မာ အစိုးရပိုင် ဘဏ် (၃) ခုနှင့် ချိတ်ဆက်ကာ ကူးသန်း ရောင်းဝယ်ရေး ချောမွေ့အောင် ပူးတွဲ လုပ်ဆောင်သွားရန် ကြိုးစားလျက် ရှိသည်။

မြန်မာ နိုင်ငံတွင် နိုင်ငံခြားငွေ လဲလှယ်မှုကို လုပ်ဆောင် ပေးနေသော နိုင်ငံပိုင်ဘဏ် (၃)ခုမှာ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့ ဖြစ်သည်။

ပုံမှန် ကုန်သွယ်ရေး ကဏ္ဍတွင် မြန်မာ့ပဲမျိုးစုံကို အဓိက ၀ယ်ယူသူ အဖြစ် ရပ်တည် နေသော အိန္ဒိယသည် မြန်မာ့ လယ်ယာထွက်ကုန် တင်ပို့မှု (၇၀%) ကို ၀ယ်ယူ တင်သွင်းလျက် ရှိသည်။

ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် နယ်စပ်လမ်းများ အဆင့်မြှင့်ခြင်းနှင့် ကုလားတန်မြစ် ကြောင်း တစ်လျှောက် ရေကြောင်း ပို့ဆောင်မှုတို့၏ အရေးပါမှုကို နှစ်နိုင်ငံစလုံးက အလေးထား ပြောဆိုကြသည်။

မြန်မာနှင့် အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များသည် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု စတင်ရေးနှင့် အပြန်အလှန် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် မကြာမှီက တွေ့ဆုံခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်ရေး အတွက် ကဏ္ဍ (၁၀) ခုကို စီစဉ် ပြင်ဆင်လျက် ရှိကြသည်။

နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှု အတွက် ပြင်ဆင်နေသော ကဏ္ဍများတွင် လယ်ယာထွက်ကုန်နှင့် သစ်တော ထွက်ကုန်များက ဦးဆောင်နေပြီး အိန္ဒိယထံမှ မြန်မာက တင်သွင်းရာတွင် ဆေးနှင့် ဆေးဝါး ပစ္စည်းများက အများဆုံး ဖြစ်သည်။

နှစ်နိုင်ငံ ကုန်သည်ကြီးများ စုစုပေါင်း (၁၇၀) တက်ရောက်ခဲ့ကြသည့် စီးပွားရေး လုပ်ငန်းရှင် များ အစည်းအဝေးတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က "နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ ကုန်သွယ်မှုများမှာ သိသိသာသာ ကြီးထွား လာကာ မြန်မာနိုင်ငံ၏ စီးပွားရေးကို အကျိုး ဖြစ်ထွန်း စေသည်" ဟု ပြောကြားခဲ့သည်။

တရားဝင် ကိန်းဂဏန်းများ အရ မြန်မာ-အိန္ဒိယ အပြန် အလှန် ကုန်သွယ်ရေးသည် ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၁.၁၉ ဘီလျံအထိ ရောက်ရှိကာ ယခင် နှစ်ထက် (၂၆.၁%) မြင့်တက် လာခဲ့ပြီး အိန္ဒိယ နိုင်ငံသည် မြန်မာ နိုင်ငံ၏ စတုတ္ထ အကြီးဆုံး ကုန်သွယ်ဖက် အဖြစ် ထိုင်း၊ တရုတ်၊ စင်ကာပူ တို့၏ နောက်တွင် ရပ်တည်နေသည်။

စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန် တန်ဖိုးမှာ ဒေါ်လာ (၁) ဘီလျံခန့် ရှိကာ အိန္ဒိယထံမှ ပြန်လည် တင်သွင်းမှုမှာ ဒေါ်လာ (၁၉၄) သန်း တန်ဖိုး ရှိသည်ဟု ဗဟို စာရင်းအင်း အဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးဂိတ် (၂) ခုကို ဖွင့်လှစ်ခဲ့ရာ ပထမဆုံး ၁၉၉၅ ဧပြီလတွင် တမူး ၀င်ပေါက်နှင့် ဒုတိယ အနေဖြင့် ၂၀၀၄ ဇန်န၀ါရီလတွင် ရိဒ်ခေါ်ဒါ ၀င်ပေါက် တို့ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ အိန္ဒိယ၏ ရင်းနှီး မြှုပ်နှံမှုမှာ ၂၀၁၀ သြဂုတ်လအထိ အမေရိကန် ဒေါ်လာ (၁၈၉) သန်း ရှိခဲ့ပြီး ၂၀၀၇ စက်တင်ဘာလတွင် ရေနံနှင့် ဓာတ်ငွေ့ ကဏ္ဍသို့ ဒေါ်လာ (၁၃၇) သန်း စီးဝင်ခဲ့ခြင်း ဖြစ်သည်ဟု စာရင်းဇယားများ အရ သိရှိရသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်ကာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကုလားတန် မြစ်ကြောင်း ဘက်စုံ သယ်ယူ ပို့ဆောင်ရေး စီမံကိန်း၏ ဆိပ်ကမ်းနှင့် ရေလမ်းကြောင်း အဆောက်အဦများ တည်ဆောက်ရန် အုတ်မြစ်ချခဲ့သည်။

အဆိုပါ ကုလားတန် မြစ်ကြောင်း စီမံကိန်းကို ၂၀၁၃ တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။

ထို့အပြင် နှစ်နိုင်ငံ သဘောတူညီမှု အောက်တွင် လမ်းစီမံကိန်း အချို့ အကောင်အထည် ဖော်ရန် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ညှိနှိုင်းခဲ့ကြသည့် အဆိုပါ လမ်းစီမံကိန်းများတွင် ပလက်ဝမှ မြစ်ဝသို့ လမ်းဖောက်လုပ်ခြင်း၊ ကလေး-တမူးလမ်း၏ ကလေးဝ-ကျီးကုန်း အပိုင်းကို ပြုပြင်ခြင်းနှင့် ရိဒ်-တီးတိန် လမ်းကို အဆင်မြှင့်ခြင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အိန္ဒိယ နယ်စပ် လမ်းဖောက်လုပ်ရေး အဖွဲ့က တည်ဆောက်ကာ ၂၀၀၁ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့သော (၁၆၀) ကီလိုမီတာ အရှည် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကိုလည်း အဆင့် မြှင့်တင် ဦးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကူးသန်း ရောင်းဝယ်ရေးနှင့် ယဉ်ကျေးမှု အချက်အခြာ မန္တလေး မြို့တော်မှ အိန္ဒိယ-မြန်မာ နယ်စပ်သို့ အရေးတကြီး ချိတ်ဆက်မှု အဖြစ် ဖွဲ့စည်းထားသော နယ်စပ် လမ်းမကြီးသည် အာဆီယံ အမြန် လမ်းမကြီး၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်နေပြီး အိန္ဒိယနိုင်ငံ၊ အာဆီယံ အိမ်နီးခြင်း နိုင်ငံများနှင့် ကုန်သွယ်ရာတွင် မြန်မာနိုင်ငံ အတွက် အရေးကြီးသော ကဏ္ဍမှ ဖြည့်ဆည်း ပေးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံရှိ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းတွင် တောင်ကိုရီးယား နိုင်ငံမှ Daewoo International ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ Daewoo International က ထုတ်ပြန်သော ကြေညာချက်အရ ၂၀၁၃ ခုနှစ်မှစ၍ အဆိုပါ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုများ စတင် ပြုလုပ်နိုင်မည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တောင်ကိုရီးယား စီးပွားရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး Park Young-jun နှင့် အခြားသော စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ကိုရီးယားနှင့် မြန်မာ နှစ်နိုင်ငံ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

မြန်မာ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းကို Daewoo International က တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး ကမ်းလွန် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် အမှတ် A1 နှင့် A3 တို့တွင် အစု ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပါဝင်မည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါ စီမံကိန်းတွင် အိန္ဒိယ နိုင်ငံပိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီကြီးများ ဖြစ်သော ONGC Videsh က ၁၇ ရာခိုင်နှုန်း၊ GAIL က ၈ ဒဿမ ၅ ရာခိုင်နှုန်း၊ Korea Gas ကော်ပိုရေးရှင်းက ၈ ဒဿမ ၅ ရာခိုင်နှုန်း နှင့် မြန်မာ နိုင်ငံပိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းက ၁၅ ရာခိုင်နှုန်း ပါဝင်သည်။

အဆိုပါ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် A1 နှင့် A3 တို့တွင် သဘာဝ ဓာတ်ငွေ့ ကုဗလက်မ ၄ ဒဿမ ၅ ထရီလီယံ မှ ၇ ဒဿမ ၈ ထရီလီယံထိ ရှိသည်ဟု ခန့်မှန်းရသည်။ တူးဖော်ရေး လုပ်ငန်းများ တစ်ကြိမ် အကောင်အထည်ဖော် အောင်မြင်သွားပြီ ဆိုသည်နှင့် တစ်ပြိုင်နက် လာမည့် နှစ်ပေါင်း ၃၀ အထိ နေ့စဉ် သဘာဝ ဓာတ်ငွေ့ ခန့်မှန်းခြေ ကုဗလက်မ သန်း ၅၀၀ ခန့် နေ့စဉ် ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို တရုတ် အမျိုးသား ရေနံကုမ္ပဏီ (CNUOC) သို့ ရောင်းချမည် ဖြစ်ကြောင်း၊ စီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ငွေကြေး ထောက်ပံ့မှုများလည်း အဆင်ပြေ ချောမွေ့လျက် ရှိကြောင်း သိရသည်။

"မြန်မာ သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံမှု တန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၄ ဒဿမ ၇ ဘီလီယံ မှ ၄ ဒဿမ ၈ ဘီလီယံ ခန့်ရှိပါတယ်။ ရှယ်ယာဝင်တွေက ဝေပုံကျ ထည့်ဝင်ကြမှာ ဖြစ်ပါတယ်" Daewoo International မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

Yahoo News ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ဂျပန်နိုင်ငံ အနေဖြင့် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီး မြှုပ်နှံမည့် ကိစ္စနှင့် ပတ်သက်၍ အရေးကြီးသော ဆုံးဖြတ်ချက် ချမှတ်ရမည့် အနေအထားနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ မြန်မာ နိုင်ငံတွင် စီးပွားရေးအရ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်မည်လော၊ သို့မဟုတ် ဘေးထွက် ထိုင်ကာ တရုတ်နှင့် တောင်ကိုရီးယားတို့ အဓိက ကျသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည်များကို ကြည့်နေမည်လော ဟူသော ဒွိဟများကို ဂျပန်နိုင်ငံ အနေဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံရှိ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အသစ်များ မပြုလုပ်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဂျပန်သာ မြန်မာဈေးကွက်တွင်း ဝင်ရောက် ရင်နှီးမြှုပ်နှံမည် ဆိုပါက မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်လျက် ရှိသည့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတို့၏ ဝေဖန် ပြစ်တင်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဂျပန်အစိုးရနှင့် ပူးတွဲထားသော ဂျပန်နိုင်ငံခြား ကုန်သွယ်မှု အဖွဲ့ (JETRO) က မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်ရန် စုံစမ်းမေးမြန်းမှု သုံးခု လက်ခံ ရရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှ လေ့လာ စောင့်ကြည်သူ အများစုကတော့ ရွေးကောက်ပွဲသည် ပျက်ရယ်ပြုစရာ ကောင်းသော နိုင်ငံရေး ဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း သတ်မှတ် ပြောဆိုကြသည်။

"ပြီးခဲ့တဲ့ နှစ်ကာလ အတော် များများထဲမှာ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်တဲ့ ဂျပန်ကုမ္ပဏီ ဦးရေ မြင့်တက်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ ရုံးကို စုံစမ်း မေးမြန်းလာ တာကတော့ တကယ့်ကို ထူးခြားပါတယ်" ဟု ရန်ကုန် အခြေစိုက် JETRO ရုံးခွဲမှ အရာရှိ တစ်ဦးက ပြောကြားသည်။

JETRO မှ ရသော ကိန်းဂဏန်းများ အရ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ဧပြီလမှ သြဂုတ်လ အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) တန်ဖိုးမှာ ဒေါ်လာ ၁၆ ဘီလီယံ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ဧရာမ ရင်းနှီး မြှုပ်နှံကြသော နိုင်ငံများမှာ တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယားနှင့် ထိုင်းတို့ ဖြစ်ကြပြီး အဆိုပါ နိုင်ငံများက သဘာဝ ဓာတ်ငွေ့ နှင့် ရှားပါးသတ္တု အစရှိသော သဘာဝ သယံဇာတ ရှာဖွေ တူးဖော်ရေး အခန်းကဏ္ဍများကို အဓိက ပစ်မှတ်ထားကြသည်။

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အပေါ် ပိတ်ပင်ထားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု အစရှိသော ပြဿနာများကြောင့် နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့်တိုင် မြန်မာနိုင်ငံသည် တည်နေရာအရ စီးပွားရေး တရှိန်ထိုး ဖွံ့ဖြိုးလာသော တရုတ်နှင့် အိန္ဒိယနိုင်ငံ အပါအဝင် အခြားသော အာဆီယံ အဖွဲ့ဝင်နိုင်ငံတို့ ဝန်းရံထားရာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ များစွာ အာရုံစိုက်ခြင်း ခံနေရသည်။

တရုတ်နှင့် အိန္ဒိယဆိုလျှင် ၎င်းတို့၏ ပင်လယ် ထွက်ပေါက်အဖြစ် မြန်မာနိုင်ငံကို အသုံးပြုရန် စီစဉ်ထားပြီး ရေနက် ဆိပ်ကမ်းများ တည်ဆောက်ပေးလျက် ရှိသည်ဟု သိရသည်။ လက်ရှိ စာရင်းဇယားများ အရ မြန်မာနိုင်ငံတွင် ဂျပန် ကုမ္ပဏီပေါင်း ၅၀ ခန့် လည်ပတ် လုပ်ကိုင်လျက် ရှိကြောင်း၊ ယင်းကုမ္ပဏီများသည် ဖိနပ်နှင့် အဝတ်အထည် အစရှိသော အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်း မရှိသော်လည်း ဂျပန် စီးပွားရေး ကုမ္ပဏီကြီးများက ၎င်းတို့၏ နိုင်ငံဂုဏ်သိက္ခာ ထိခိုက်မည် စိုးသောကြောင့် မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်ဘဲ ရပ်ဆိုင်းထားခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအား အလုံအလောက် မရှိမှု၊ စီးပွားရေး ပေါ်လစီများ မှန်းဆ၍ မရနိုင်လောက်အောင် အပြောင်းအလဲ များလွန်းမှု အစရှိသည် တို့ကိုလည်း ဂျပန်စီးပွားရေး ကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်ကြီးများက ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကြီးထွားလာသည်မှာ ၁၉၉၀ ပြည့် နှစ်ဝက်ခန့်က ဖြစ်သည်။ ထိုစဉ်က ဂျပန် Mitsui ကုမ္ပဏီက စက်မှုဇုန်တစ်ခု တည်ဆောက်ရန် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး Fuji Bank ကလည်း မြန်မာနှင့်အတူ အကျိုးတူ ဖက်စပ်ဘဏ် တစ်ခု ဖွင့်လှစ်ရန် သဘောတူခဲ့သည်။ သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကြီးထွားခြင်းမှာ ခဏတာလေးမျှသာ ဖြစ်ခဲ့ရသည်။

ရန်ကုန် အခြေစိုက် JETRO အကြီးအကဲဖြစ်သူ Eitaro Kojima က ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မစတင်မီ ကာလအတွင်း မြန်မာနိုင်ငံတွင်း စီးပွားရေး ထိန်းချုပ်မှုများ ဖြေလျှော့ ပေးလာနိုင်ကြောင်း ခန့်မှန်း ပြောဆိုသည်။

"အာဆီယံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စတင်တဲ့ အချိန်မှာ မြန်မာ့ စက်မှုလုပ်ငန်း အခန်းကဏ္ဍက ပြဿနာကြီး တစ်ခု ဖြစ်လာမှာကို မြန်မာ အစိုးရက အလွန် အမင်း စိုးရိမ်နေပုံ ရပါတယ်" ဟု Eitaro Kojima က ပြောကြားသည်။ "မြန်မာ့ စက်မှုလုပ်ငန်း တိုးတက် ဖွံ့ဖြိုးဖို့အတွက် စီးပွားရေး ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Asahi သတင်းစာမှ သတင်း ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.