Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၁၁.၂၀၁၁

ဘာသာပြန် သတင်းများ (အပိုင်း - ၂)

  1. အမေရိကန်ကုမ္ပဏီများ၏ လျှို့ဝှက်ချက်များကို ရုရှားနှင့်တရုတ်တို့က အွန်လိုင်းမှခိုးယူဟု အမေရိကန်ပြော

(3 November 2011 ရက်စွဲပါ BBC News မှ US: Russia, China stealing mline from US companies ကို ဘာသာပြန်ပါသည်။ )

  1. မြန်မာကို ကာကွယ်စောင့်ရှောက်သူ အသစ်တစ်ဦးပေါ်ထွန်းပြီလော

(The Japan Times သတင်းစာမှ၊ 2 Nov 2011 ရက်စွဲပါ၊ "Myanmar's new guardian?" ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

***************************************************************************************

 ဘာသာပြန် သတင်းများ

အမေရိကန်ကုမ္ပဏီများ၏ လျှို့ဝှက်ချက်များကို ရုရှားနှင့်တရုတ်တို့က အွန်လိုင်းမှခိုးယူဟု အမေရိကန်ပြော

( 3 November 2011 ရက်စွဲပါ BBC News မှ US: Russia, China stealing mline from US companies ကို ဘာသာပြန်ပါသည်)

တရုတ်နှင့် ရုရှားတို့သည် အမေရိကန်ကုမ္ပဏီများထံမှ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို အင်တာနက်မှတဆင့် လျှို့ဝှက် ခိုးယူရာတွင် အလွန်တက်ကြွသော ကျူးလွန်သူများဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာက ပြောပါသည်။

အစီရင်ခံစာတွင် တရုတ်မှပုဂ္ဂိုလ်များနှင့် ရုရှားထောက်လှမ်းရေးတို့အား ထိပ်တန်း ဥပဒေချိုးဖောက်သူများအဖြစ် အထူးထုတ်ဖော် ရေးသား ထားပါသည်။

အမေရိကန်အမျိုးသား တန်ပြန်ထောက်လှမ်းရေး အမှုဆောင် Robert Bryant က သတင်းထောက်များသို့ ပြောကြားရာတွင် အွန်လိုင်းစပိုင် ပြုလုပ်မှုသည် အမေရိကန်စီးပွားရေးအတွက် အသံမထွက်သော အန္တရာယ်ဖြစ်ကြောင်း ပြောခဲ့ပါသည်။ တရုတ်နှင့် ရုရှားသံရုံးများက အဆိုပါ စွပ်စွဲမှုများကို ငြင်းဆိုခဲ့ပါသည်။

Foreign Spies Stealing US Economic Secrets in Cyberspace ဟု အမည်ပေးထားသော အစီရင်ခံစာတွင် ပုဂ္ဂလိက ကုမ္ပဏီများနှင့် အင်တာနက်လုံခြုံရေး ပညာရှင်များက ကွန်ပြူတာကွန်ရက်များသို့ ဝင်ရောက်ပြီး အားကောင်းသော တိုက်ခိုက်မှုများ ပြုလုပ်ခြင်းများသည် တရုတ်ပြည်တွင် မြစ်ဖျားခံသည်ဟု သတင်းပေးပို့ကြသည်ဟု ဖော်ပြထားပါ သည်။သို့သော် ၎င်းတို့သည် အဓိကလက်သည်ကို ခြေရာမခံနိုင်သေးပါ။

Google က ပြောကြားခဲ့ရာတွင် ၎င်းသည် 2010 တွင် ၎င်း ပိုင်ဆိုင်သော အချက်အလက်များကို တရုတ်ဟက်ကာများက ခိုးယူခဲ့သည်ဟု ဆိုပါသည်။

အခြေအမြစ်မရှိသော စွပ်စွဲမှုများ

ရုရှား၏ တိုက်ခိုက်မှုများသည် တရုတ်ထက် အနည်းငယ်နောက်ကျသော်လည်း၊ ၎င်းတို့သည် နည်းပညာ အဆင့်မြင့်ပြီး ခရီးရောက်သည်ကို တွေ့ရပါသည်။

သုတေသနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ ကွန်ပြူတာစနစ်များထံမှ ခိုးယူများ ပြန့်ပွားလာနေသော်လည်း၊ ၎င်းတို့ကို မည်သူ ခိုးယူနေသည်ကို ခြေရာခံရန်နှင့် ဖော်ထုတ်ရန် ခက်ခဲလျက်ရှိနေပါသေးသည်။

ပြီးခဲ့သည့်နှစ်က FBI သည် အမေရိကန်ကုမ္ပဏီ (100) ထက်မနည်းအား အွန်လိုင်းလုံခြုံရေး အန္တရာယ်ရှိကြောင်း သတိပေးခဲ့ပါသည်။

အစီရင်ခံစာတွင် သာမန်ကဲ့သို့မဟုတ်ပဲ ကုန်သွယ်မှုလျှို့ဝှက်ချက်များ၊ တစ်ဦးချင်းပိုင်နှင့် နည်းပညာများကို အွန်လိုင်းတွင် စုဆောင်း နေသည်ဟု သံသယရှိသော တိုင်းပြည်များ၏ အမည်ကို ပွင့်လင်းစွာ ထုတ်ဖော်ထားပါသည်။

တာဝန်ရှိသူများက ပြောကြားရာတွင် အင်တာနက်စပိုင် လုပ်ဆောင်မှုများနှင့် ပတ်သက်၍ သံသယရှိသော နိုင်ငံအများအပြား ရှိသော်လည်း၊ ရုရှားနှင့် တရုတ်တို့၏ အမည်ကိုသာ ထုတ်ဖော်ရခြင်းမှာ ၎င်းတို့၏ ခြိမ်းခြောက်မှုအန္တရာယ်မှာ ကြီးမားခြင်းကြောင့်ဟု ဆိုကြပါသည်။

အမေရိကန်တန်ပြန်ထောက်လှမ်းရေးသည် သေးငယ်သူများ တဖြည်းဖြည်း ကျူးလွန်မှုများတွင် ပါဝင်လာမည်ကို စိုးရိမ်ရသောကြောင့် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့များသို့ သတင်း အချက်အလက်များနှင့် ပညာရှင်များ ထိရောက်စွာ ပံ့ပိုးပေးလျက်ရှိကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။

အမေရိကန်နိုင်ငံတွင်ရှိသော ရုရှားနှင့် တရုတ် အစိုးရတာဝန်ရှိသူများက အစီရင်ခံစာကို ငြင်းဆိုကြပါသည်။

"ကျွန်တော်တို့ဟာ တရုတ်အပေါ် တမင်ရည်ရွယ်ချက်နဲ့ အခြေအမြစ်မရှိ စွပ်စွဲမှုတွေကို ဆန့်ကျင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ တရားမဝင် အင်တာနက် လုပ်ရှားမှုမှန်သမျှကို လက်မခံပါဘူး" ဟု တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Wang Baodong က Washington Post သို့ ပြောကြား ခဲ့ပါသည်။

*************************************************************************************

မြန်မာကို ကာကွယ်စောင့်ရှောက်သူ အသစ်တစ်ဦးပေါ်ထွန်းပြီလော

(The Japan Times သတင်းစာမှ၊ 2 Nov 2011 ရက်စွဲပါ၊ "Myanmar's new guardian?" ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

တစ်ချိန်တစ်ခါက စစ်ဘက်အရာရှိ ဗိုလ်ချုပ်ကြီးများဖြစ်ခဲ့ဖူးပြီး ယခုအခါ နူးညံ့သိမ်မွေ့သော နိုင်ငံရေးသမားများအဖြစ် ထူးခြားအံ့သြစရာ ကောင်းလောက်အောင် အသွင်ပြောင်းထားသော မြန်မာအစိုးရ ခေါင်းဆောင်ကြီးများသည် ယိုင်နဲ့နဲ့ဖြစ်နေသော မြန်မာပြည်၏ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေးရာ မူဝါဒများကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် သမိုင်းတွင်လောက်သည့် လုပ်ရပ်များလုပ်ကိုင်နေသည့် သဘောမျိုး တွေ့ရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ရှိသည့်အနက် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့က လတ်တလော ကာလအတွင်း ၂၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ ထို့ပြင် သတင်းအချက်အလက်နှင့် အင်ဖော်မေးရှင်းများ အမြန်နှုန်းဖြင့် စီးဆင်းနိုင်သည့် အင်တာနက် ဝက်ဘ်ဆိုက်များအပေါ် ပိတ်ပင်ထားမှုများကိုလည်း  ပြန်လည်ဖွင့် ပေးခဲ့သလို မီဒီယာဆင်ဆာ တည်းဖြတ်မှုများကိုလည်း စတင်ဖြေလျှော့ပေးလာသည်။

သမ္မတဦးသိန်းစိန်ကိုယ်တိုင်သည်ပင် ယခင် စစ်အစိုးရ၏ ထိပ်တန်းရန်သူသဖွယ်ဖြစ်ခဲ့သော ဒီမိုကရေစီနှင့် အတိုက်အခံခေါင်းဆောင် နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအိမ်တော်သို့ ဖိတ်ခေါ်ပြီး ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများအတွက် မြန်မာစစ်အစိုးရ၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ပြည်ပြေးများ ပြန်လည်  မဝင်ရောက် လာသေးသရွေ့ ထင်မြင်သုံးသပ်ချက်များ ဖြစ်ပေါ်နေမည်ဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးနှင့်အတူ အကောင်အထည်ဖော် လုပ်ဆောင်ရမည့် အရေးကိစ္စများစွာ ကျန်ရှိနေပါသေးသည်ဟု အဆိုးမြင်သဘောဖြင့် ပြောဆိုမှုများမှာလည်း မှန်ကန်နေမည့်သဘောတွင် ရှိနေနိုင်သည်။ သို့သော် ထူးခြားသည့်အချက်မှာ မြန်မာပြည်တွင်း အမှန်တကယ် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများသည် မှန်ကန်ပါသည်ဟူသော ရှုမြင်မှုမျိုးဖြစ်အောင် မပြောင်းလဲနိုင်သေးခြင်းပင် ဖြစ်သည်။

ရိုးရှင်းစွာပြောရမည်ဆိုပါက မည်မျှပင်သေးငယ်သည်ဖြစ်စေ ကောင်းမွန်သောအရာတစ်ခု ပေါ်ပေါက်လာခြင်းသည် ကောင်းမွန်သည့်အရာ တစုံတခုမျှ မပြုလုပ်ဘဲနေခြင်းထက် ကောင်းသည်မဟုတ်ပါလော။ ဘာမှမဖြစ်ဘဲ၊ မရှိဘဲနေခြင်းထက် တစ်စုံတစ်ခုဖြစ်လာခြင်း၊ ရှိလာခြင်းကပို၍ ကောင်းသည် မဟုတ်ပါလော။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်သို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် လာရောက်လည်ပတ်မှုနှင့် ပြည်တွင်း၊ ပြည်ပမီဒီယာစာမျက်နှာ အသီးသီးတွင် ဝေဝေဆာဆာဖော်ပြခဲ့ကြသော မြန်မာနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှုတို့ကို ကြည့်လျှင် မြန်မာ အုပ်ချုပ်ရေး ယန္တရားသစ်သည် အမေရိကန်အစိုးရ သာမက ဂျပန်အပါအဝင် ကမ္ဘာ့နိုင်ငံအစိုးရအဖွဲ့အသီးသီးအား မျက်နှာချိုသွေးရန် ကြိုးပမ်း နေသည်ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်၏။

နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများတစ်ဖြစ်လဲ အရပ်ဘက် အစိုးရခေါင်းဆောင်ကြီးများသည် ဂျပန်အစိုးရထံမှ စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကူညီပံ့ပိုးမှုများရရှိရန် မည်မျှအတိုင်းအတာအထိ အရေးကြီးသည်ဟူသည့် အချက်ကို ကောင်းစွာ နားလည် သဘောပေါက် ထားကြသလို အာရှပစိဖိတ် ဒေသတွင်း ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ အခန်းကဏ္ဍကိုလည်း ကောင်းစွာနားလည်ထားပြီး ဖြစ်သည်။ အထူးသဖြင့် အရှေ့တောင်အာရှ ဒေသ နိုင်ငံများအဖွဲ့(အာဆီယံ)အပေါ် ဂျပန်၏ သြဇာလွှမ်းမိုးမှုကို ၎င်းတို့က သိရှိနားလည်ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်နိုင်ငံသို့ အစောတလျင်ရောက်ရှိလာမှုမှာ သမ္မတဦးသိန်းစိန်က တရုတ် ကျောထောက် နောက်ခံ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမည်ဟုကြေညာလိုက်ပြီးနောက် တရုတ်-မြန်မာ ဆက်ဆံရေး အတန်ငယ် အေးခဲသွားသည့် အချိန်တွင် ဖြစ်ပေါ်ခဲ့ရာ တိုက်ဆိုင်မှု တစ်ခုအဖြစ် မည်သို့မျှ ပြော၍ရမည် မဟုတ်ပေ။ မြစ်ဆုံ စီမံကိန်းကို တရုတ် China Power Investment ကော်ပိုရေးရှင်းက တာဝန်ယူ အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး ကုန်ကျစရိတ် ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိမည်ဟု ခန့်မှန်းထားသည်။

တရုတ်-မြန်မာအကြား ဆက်ဆံရေးဆက်လက် အေးခဲရပ်တန့်နေစဉ်အတွင်း ဂျပန်-မြန်မာနှစ်နိုင်ငံအကြား သံတမန်ရေးနှင့် စီးပွားရေးအရ ဆက်သွယ်မှုများမှာ ပိုမိုကြီးထွားလာလျက်ရှိသည်။ ယခုနှစ်အစောပိုင်းကာလတွင်ပင် မြန်မာနိုင်ငံသို့ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Makiko Kikuta သွား ရောက်လည်ပတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့မှအရာရှိကြီးများနှင့်တွေ့ဆုံခဲ့သည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့ဖြစ်သည့် Keidanren သည်လည်း မြန်မာပြည်တွင်း စီးပွားရေးလုပ်ငန်းများဝင်ရောက် လုပ်ကိုင်နိုင်မည့် နည်းလမ်းများရှာဖွေရန်အလို့ငှာ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း သွားရောက်လည်ပတ်ခဲ့သည်။

ဦးဝဏ္ဏမောင်လွင် ဂျပန်သို့လာရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး Koichiro Genba အားမျက်နှာချိုသွေး တွေ့ဆုံရန် ကြိုးပမ်းမှု၏ အဓိက ဦးစားပေးမှုမှာ ၂၀၁၄ အာဆီယံအလှည့်ကျ ဥက္ကဌရာထူး မြန်မာနိုင်ငံရရှိရေးတွင် ဂျပန်အစိုးရ၏ ထောက် ခံမှုရရှိရန်သာဖြစ်ပေလိမ့်မည်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးရာ၌ ယခုလအတွင်း ရန်ကုန်မြို့၌ ကျင်းပမည့် အာဆီယံ-ဂျပန် စီးပွားရေး ဆွေးနွေးပွဲ(AJBM) ကိစ္စသည်လည်း အခြားသောခေါင်းစဉ်အဖြစ် ပါဝင်ကောင်းပါဝင်နိုင်ဖွယ်ရှိသည်။ အဆိုပါ ဆွေးနွေးပွဲသည် မြန်မာအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်ပြီး အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်များဆိုင်ရာ ဆွေးနွေးပွဲမှာမူ ဂျပန်နိုင်ငံ၌ လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။

AJBM ဆွေးနွေးပွဲသည် အာဆီယံနှင့် ဂျပန်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးအရ ဆက်ဆံမှုများ ပိုမိုတိုး မြှင့်နိုင်ရေးအတွက် လွန်စွာ အရေးပါသော အခွင့်အလမ်း တစ်ရပ်ဖြစ်သလို မြန်မာနိုင်ငံအနေဖြင့်လည်း ဂျပန်မှ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်ပအကူအညီ အထောက် အပံ့များ ပိုမိုရရှိရေးအတွက် အခွင့်အရေးကြီးတရပ် ဖြစ်ပေသည်။ လတ်တလောရရှိသော စာရင်းဇယားများအရ ဂျပန်သည် မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် နိုင်ငံများစာရင်း၌ အဆင့် ၁၂ နေရာတွင်သာရှိသည်။ သို့သော် အဆိုပါ အဆင့်သတ်မှတ်မှုမှာ မကြာမီအနာဂတ် ကာလအတွင်း ပြောင်းလဲလာတော့မည်ဖြစ်သည်။

ပို၍ဆိုပါက ယခုရန်ကုန်တွင်ကျင်းပမည့် ၃၇ ကြိမ်မြောက် AJBM ဆွေးနွေးပွဲသည် သမ္မတဦးသိန်းစိန် အုပ်ချုပ်ရေးအဖွဲ့၏ သံတမန် အခင်းအကျင်းအတွက် အနေအထားကောင်းများ ပိုမိုဖြစ်ထွန်းလာစေ လိမ့်မည်။ ယခင် မြန်မာစစ်အစိုးရသည် ဆိုးရွားသော လူ့အခွင့်အရေး မှတ်တမ်း များကြောင့် နိုင်ငံတကာ သံတမန်ဆက်ဆံရေး နယ်ပယ်တွင် ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံခံခဲ့ရသည်။

ဂျပန်-မြန်မာ အစိုးရနှစ်ရပ်စလုံးကလည်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းရာ၌ သံတမန်ရေးအရ အဖုအထစ်ဖြစ်မည့် ကိစ္စများကို ရှောင်ရှားရန် ကြိုးပမ်းနေပုံရသည်။ မကြာသေးခင်က သေဆုံးခဲ့သော အသက် ၃၁ နှစ်အရွယ် ဂျပန်နိုင်ငံသူတိုးရစ်ဖြစ်သော Chiharu Shiramatsu ၏ အမှုကိုကြည့်လျှင် တွေ့နိုင်သည်။

Mrs Chiharu Shiramatsu သည် မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံရှေးဟောင်းမြို့အနီးတွင် စက်တင်ဘာလ ၂၈ ရက် နေ့က သူမ ငှားရမ်းစီးနင်းသော မော်တော်ဆိုက်ကယ်သမား၏ မုဒိမ်းကျင့်သတ်ဖြတ်မှုခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဂျပန်အစိုးရ အရာရှိကြီးများ၏ လူသိရှင်ကြား တုံ့ပြန်မှုတစုံတရာ မတွေ့ရသလို ဂျပန်မီဒီယာများတွင် လည်း ရေးသားဖော်ပြမှုမရှိသလောက်ပင်ဖြစ်သည်။ ဂျပန်နှင့် မြန်မာအကြား နီးကပ်သော ချစ်ကြည်ရင်းနှီးမှု ဖြစ်ပေါ်လာရေးအတွက် တွန်းအားပေးမှုများကို ကြည့်လျှင် အာရှဒေသတွင်း တရုတ်သြဇာအာဏာ လွှမ်းမိုးလာမှုနှင့် ပတ်သက်၍ နှစ်ဖက် စလုံးက စိုးရိမ်ပူပန်မှုက အခရာကျနေသည်ကို တွေ့နိုင်သည်။ ဂျပန်သည် ဒေသတွင်း၌ သူ၏ပါဝါအပျော့ (Soft Power) လျော့ကျ လာသည့်အတွက် စိုးရိမ်ပူပန်လာသည်မှာ နှစ်ကာလကြာပြီဖြစ်သည်။ ထို့ပြင် တစ်နေ့ထက်တစ်နေ့ ကြွယ်ဝချမ်းသာမှု မြင့်တက်လာသော တရုတ်ကြောင့် ဒေသတွင်း ခွဲခြားဆက်ဆံခံရမည်ကို ထိတ်လန့်လျက်ရှိသည်။

ကချင်ပြည်နယ်  မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းမည်ဟု ကြေညာလိုက်ခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်၏ ထိန်းချုပ်မှုကို လက်သင့် မခံသည့် အမှတ်သင်္ကတတစ်ခုဖြစ်ပြီး မြန်မာပြည်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုသည် ထိုရေအားလျှပ်စစ်စီမံကိန်းထက်ပင် နက်နက်နဲနဲ ကျော်လွန် နေသည် ဟူသည့်အချက်ကို ဖော်ပြရာရောက်သည်။ ထို့ပြင် မြန်မာအစိုးရအပေါ် ခြွင်းချက်မရှိထောက်ပံ့ပေးခဲ့သော၊ အထူးသဖြင့် စစ်လက်နက်များ ရောင်းချပေးခဲ့သော တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား ပြန်လည်ချိန်ညှိလိုသည့်သဘောမျိုးလည်းဖြစ်သည်။ တရုတ်နိုင်ငံသည် ၁၉၈၈ခုနှစ်မှစ၍ မြန်မာနိုင်ငံကို ဂျက်တိုက်လေယာဉ်များ၊ ရေတပ်သုံးသင်္ဘောများနှင့် တင့်ကားများအပါအဝင် အမေရိကန် ၁ မှ ၂ဘီလီယံတန်ဖိုးရှိ စစ်လက်နက်များ ရောင်းချခဲ့သည်။

ဂျပန်နိုင်ငံမှ မူဝါဒရေးဆွဲသူများကလည်း မြန်မာ-တရုတ်အကြား ကြီးမားကျယ်ပြန့်သည့် ကွာဟချက်ကြောင့် ဖြစ်သော ဂယက်ရိုက်ခတ်မှုများကို ကောင်းစွာနားလည်သဘောပေါက်သည့် အားလျော်စွာ မြန်မာနိုင်ငံတွင်း တစ်ဖြည်းဖြည်း ချင်းဖြစ်ပေါ်လာသည့် ပါဝါဟာကွက်ကို ဂျပန်အနေဖြင့် အစားထိုး ဝင်ရောက်နိုင်မည့် နည်းလမ်းများ ဖော်ဆောင်ပေးလျက် ရှိသည်။ သို့သော် ယခုနှစ် အစောပိုင်းကာလအတွင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Makiko Kikuta ခရီးစဉ်ကို ကြည့်ပါက မြန်မာသို့ ဂျပန်ပြန်လည်ဝင်ရောက်လာမှုမှာ ချိန်ခွင်လျှာမျှသည့်အနေအထားတွင်ရှိနေသေးသည်ဟု ယူဆနိုင်သည်။ Makiko Kikuta သည် ရန်ကုန်မြို့တွင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး နေပြည်တော်သို့ သွားရောက်ကာ မြန်မာ စစ်ဗိုလ်ချုပ်ကြီး များအား ဂါရဝပြုတွေ့ဆုံခဲ့သည်မှာ အောင်မြင်သော အနေအထားတရပ်ကို ဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့်မူ ပိုမိုရည်ရှည်ခံပြီး တရုတ်နိုင်ငံထက် ကျင့်ဝတ်စောင့်ထိန်းမှုရှိနိုင်မည့် မြန်မာ့ရေးရာ မူဝါဒတရပ်ကို ဖော်ထုတ်လာမည့် သဘောတွင် ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် လမ်းကြောင်းမှန်ပေါ်သို့ တက်ရောက်နိုင်ရန် သေးငယ်သော လုပ်ရပ်အချို့ စတင်လုပ်ကိုင်နေပြီ ဖြစ်သော်လည်း ဂျပန်ကဲ့သို့သော အခြားကမ္ဘာ့နိုင်ငံများအနေဖြင့် သတိကြီးစွာဖြင့် ချဉ်းကပ်သည့်နည်းလမ်းကို ဆက်လက်ထိန်းသိမ်းသွားရန် အလွန်ပင်အရေးကြီးပါသည်။ ဆိုပါက အရေးကိစ္စ အားလုံးမှာ နှိုင်းယှဉ်ချက်များသာဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင်း တိုးတက်ဖြစ်ထွန်းမှုမှာ အလွန်ပင်နည်းပါးသောကြောင့် ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား ၂၀၈ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိလိုက်သည့် ကိစ္စကိုပင် အကောင်းဆုံး ဖြစ်ရပ်တစ်ခုဟု ဆိုရမလိုပင် ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာအာဏာပိုင်များက ထိုသို့ ကောင်းမွန်သည့်လုပ်ရပ်မျိုး ကာလကြာရှည်စွာ မပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် နိုင်ငံရေးအကျဉ်းသား ၁၈၀၀ ခန့် ဆက်လက်ထိန်းသိမ်း ခံထားရဆဲဖြစ်ရာ ၂၀၀ ကျော်ခန့် လွှတ်ပေးရုံဖြင့် အပြောင်းအလဲ မဖြစ်သေးဟုပင် ဆိုရပေမည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၎.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1.  မုဆိုးစိုင်သင် လွှတ်တော်နှင့် ဘတ်ဂျက်ဆွေးနွေးပွဲ

************************************************************************************

ဆောင်းပါးကဏ္ဍ

 မုဆိုးစိုင်သင် လွှတ်တော်နှင့် ဘတ်ဂျက်ဆွေးနွေးပွဲ

ပြည်သူ့ခေတ်အယ်ဒီတာ

ဦးစွာပြောရမည်ကမုဆိုးစိုင်သင်ကိစ္စ။

ဖွတ်၊ ပုတက်ပဲဖမ်းဖူးသည့် မုဆိုးပိုနက်သောတောထဲဝင်၍ စိုင်တို့၊ ဆတ်တို့တွေ့တော့ ရုတ်တရက် ဘယ်ဖမ်း တက်မည်လဲ။ သို့သော် အဲသည် စိုင်တို့၊ ဆတ်တို့၏ အလေ့အထများကိုဂရုစိုက်လေ့လာ၊ သူတို့ သဘာဝသူတို့ အမူအကျင့်တွေ မြင်၊ သူတို့ သွားလမ်းလာလမ်းတွေ သိ၊ သူတို့ပျော့ကွက်တွေ သတိထားမိတော့မှ ဖမ်းရန်နည်းလမ်းကို ရှာ တွေ့လိမ့်မည်။

သူဖမ်းချင်သည့် စိုင်တို့၊ ဆတ်တို့ကပဲ မုဆိုးအား အတတ်ပညာတွေ သင်ပေးသွားသည့် သဘော။ အဲသည်မှာ အရေးကြီးသည်က လေ့လာချင် ဆည်းပူးချင် သင်ယူမှတ်သားချင်သည့် စိတ်ဓာတ်။ သည်စိတ်မျိုးကလူတိုင်းမှာရှိသည်မဟုတ်။ ကိုယ့်မှာရှိသည့် မစို့မပို့အသိကိုမစို့မပို့မှန်းသိသူ၊ ကိုယ်လုပ်ကိုင်ရမည့် အရာကို ပြည့်ပြည့်စုံစုံသိအောင် လုပ်တတ်သူများမှာသာရှိတတ်သည့် စိတ်ဓာတ်မျိုး ဖြစ်သည်။ စင်စစ်၊ မည်သည့် လုပ်ငန်းမဆို အသစ်ဝင်ရောက် လုပ်ကိုင်သူကတော့ မုဆိုးစိုင်သင်မှပင် စတင်ရမည်ဖြစ်သည်။ ကိုယ့်ပညာ ပမာဏက ဘယ်လောက် ဘယ်ရွေ့ရှိပြီးကိုယ်ကိုင်တွယ်မည့် လုပ်ငန်းက အတိုင်းအဆ ဘယ်မျှကြီးမားသည်ကို မစဉ်းစားနားမလည်၊ ငါတတ်ပါတယ်ကွ၊ ဘယ်ဟာမဆိုငါလုပ်နိုင်တယ် ဟူသောမာနမျိုးနှင့် လုပ်လျှင် တလွဲတချော်တွေဖြစ်မှာသေချာသည်။

အထူးသဖြင့် အများနှင့်ဆိုင်သည့် ကိစ္စကြီးမျိုးတွေ တာဝန်ယူမည့်၊ တာဝန်ယူခွင့်ရထာသည့် ပုဂ္ဂိုလ်တွေ မှာအဲသည် စိတ်ဓာတ်မျိုးရှိသော် အများအတွက် ထိခိုက်နစ်နာမှာသေချာသည်။ အဲသည်လိုလုပ်ဆောင်မှု ကြောင့်သည် တိုင်းပြည်မှာ ဆုံးရှုံးမှုတွေ ကြီးမားခဲ့တာ၊ ဆုံးရှုံးမှု၏ ဒဏ်ရာဒဏ်ချက်တွေ သည်ကနေ့ထိ ခံစားနေရတာလည်း အားလုံး အသိ ဖြစ်သည်။ ထို့ကြောင့်၊ လုပ်ပိုင်ခွင့်များရယူထားသောပုဂ္ဂိုလ်တို့ တကယ်လုပ်ကိုင်နိုင်သော စွမ်းရည်ရှိရေးနှင့် တကယ် လုပ်ကိုင်နိုင်သောစွမ်းရည်ရှိရေးနှင့် တကယ်အောင်မြင်အောင် လုပ်ဆောင်လိုသော စေတနာစိတ်ဓာတ် ရှိရေးသည် တိုင်းပြည်အတွက် အလွန်အရေးကြီးပါသည်။

ယခုနှစ် စောစောပိုင်းတုန်းကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌  ကျင်းပသည့် တွေ့ဆုံပွဲတစ်ခုတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ကော်မတီများ စွမ်းဆောင်ရည် မြင့်မား အရေးအတွက် လေ့ကျင့် ပျိုးထောင်မှု (capacity building) အစီအစဉ်များ ပြုလုပ်နေကြောင်းပြောဆိုတာ ကြားလိုက် ရသည့်အခါ ကျွန်တော် အံ့သြသွားမိသည်။

နှစ်ပေါင်းများစွာအတတွင် သည်စကားမျိုးမကြားခံရဖူးသောကြောင့် ဖြစ်သည်။ ယခင် အစဉ်အဆက်ကတော့ ကုလားထိုင်ပေါ်ရောက်လာလျှင် အဲသည် ကုလားထိုင်နှင့်ဆိုင်သော လုပ်ငန်းအရပ်ရပ်ကိုသည် အလုပ်နှင့် ဘာမှမသက်ဆိုင်ခဲ့သူ နကန်းတစ်လုံးမျှ မသိသူက လူတတ်လုပ်ပြီး စီမံဖန်တီးတာတွေပဲ တွေ့ကြုံခဲ့ရသည်။ ယခုတော့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရေးရာကော်မတီဝင်တွေ ကိုယ်နှင့်သက်ဆိုင်ရာကဏ္ဍမှာ ကျွမ်းကျင်အောင် လေ့လာကြဖို့ (Self-Study လုပ်ဖို့)၊ အချင်းချင်းဆွေးနွေးကြ အလုပ်ရုံဆွေးနွေးပွဲ စာတမ်းဖတ်ပွဲတွေ လုပ်ကြဖို့၊ နိုင်ငံခြား လွှတ်တော်များသို့လည်း သွားရောက်လေ့လာကြဖို့ တိုက်တွန်းပြောဆိုတာ၊ ဆော်သြလုပ်ဆောင်တာတွေ ရှိလာသည့်အခါ အခြေခံသဘောထား ကတော့ ကောင်းနေပြီ၊ ရှေ့အတွက် အလားအလာမဆိုးဟု မြင်မိသည်။

အရှိကိုအရှိအတိုင်း ဝန်ခံပြောဆိုတာသဘော၊ ပွင့်လင်းသောရှင်းလင်းမြင်သာသောသဘောဟုလည်းဆိုနိုင်သည်။ ယခုအဲသည် သဘောအရ လွှတ်တော် ကိုယ်စားလှယ်များ အရည်အသွေး ဖြည့်ဆည်းတည်ဆောက်ရေး လုပ်ငန်းတစ်ရပ် အနေဖြင့် ရသုံးခန့်မှန်းခြေ ငွေစာရင်း(ဘတ်ဂျက်) ရေးဆွဲခြင်းနှင့် စပ်လျဉ်းသည့်  ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို အောင်တို ဘာ ၁၈ ရက်နေ့ကစတင်၍ ၅ ရက်တာကျင်းပခဲ့တာတွေ တွေ့ရသည်။

ဆွေးနွေးပွဲပထမနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယကဦးခင်အောင်မြင့်က ‘လွှတ်တော်၏ တတိယပုံမှန် အစည်းအဝေးတွင် နိုင်ငံတော် ရသုံးခန့်မှန်းခြေ ငွေစာရင်း ဥပဒေကြမ်းကို ဆွေးနွေးကြရမည် ဖြစ်သည့်အတွက် ပညာရပ်ဆိုင်ရာရှုထောင့်မှ ဆွေးနွေးနိုင်ကြစေရန်’ ယခုရှင်းလင်း ဆွေးနွေးပွဲကိုကျင်းပခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ‘မိမိအပါအဝင် လွှတ်တော်ကိုယ်စားလှယ် အများစုသည် ရာခိုင်နှုန်းပြည့်နီးပါး လွှတ်တော် အတွေ့အကြုံမရှိသူများ ဖြစ်ကြသဖြင့် လွှတ်တော် ကိုယ်စားလှယ် အများစုသည် ရာခိုင်နှုန်းပြည့်နီးပါး လွှတ်တော် အတွေ့အကြုံမရှိသူများ ဖြစ်ကြသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေး မြင့်မာရေးအတွက် ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ပေးရခြင်းဖြစ် ကြောင်း’ ဖွင့်ဟပြောဆိုခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲအတွင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခနှင့် အငြိမ်းစားပါမောက္ခ၊ ဘဏ္ဍရေးဆိုင်ရာ အငြိမ်းစား ညွှန်မှူး စသည့် ပုဂ္ဂိုလ်တို့ကဘတ်ဂျက်အကြောင်းကို ရှုထောင့်စုံမှ ရှင်းလင်းတင်ပြ ကြပြီးလွှတ်တော်ကိုယ်စားလှယ်တို့ သိလို၍ မေးမြန်းဆွေးနွေးသည်များကို ပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ဆွေးနွေးပွဲ ၅ ရက်လောက် တက်ရုံဖြင့် ဘတ်ဂျက်ရေးရာ၌ ကျွမ်းကျင်သူ များ ဖြစ်လာနိုင်ကြမည် မဟုတ်။ သို့သော် လေ့လာသော၊ အာရုံစူးစိုက်သောကိုယ်စားလှယ်သည် ပညာရှင်တို့ ပုံစံကျ ရေးဆွဲလာမည့်  ရသုံးခန့်မှန်းခြေငွေစာရင်းမူကြမ်းတွင် အစိုးရကငွေကိုဘယ်ကဘယ်လိုရှာ၍၊ ဘယ်နေရာတွေတွင် ဘယ်လောက် သုံးစွဲရန် လျာထားထားသနည်းဟူသည်ကိုနားလည်သိရှိကာ၊ ဘဏ္ဍငွေ ရှာဖွေမှုအပိုင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ခွဲဝေသုံးစွဲမှုအပိုင်းနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းပြည် အကျိုးစီးပွား အများပြည်သူ အကျိုးစီးပွား ရှုထောင့်မှ စစ်ဆေးစိစစ်ခြင်း၊ ထောက်ပြ ဝေဖန်ခြင်း၊ ဖြုတ်ပယ်- ဖြည့်စွက်- ပြင်ဆင်ရန် အကြံပြုခြင်းတို့ကိုကား ဥပဒေပြု သမားပီသစွာ လုပ်ကိုင်နိုင်လိမ့်မည်ဟု မျှော်လင့်သည်။

မည်သို့ပင်ဖြစ်စေ၊ မုဆိုးစိုင်သင် ဘတ်ဂျက် ဆွေးနွေးပွဲဖြင့် စွမ်းရည်ဖြည့်တင်းခဲ့သောမုဆိုးတို့ အစိုးရက လွှတ်တော်တွင် ဘတ်ဂျက် ဥပဒေမူကြမ်းတင်ချိန်၌  တကယ်ထိရောက်စွာဆွေးနွေးဝေဖန်နိုင်စွမ်းရှိ၊ မရှိဟူသည်ကို များ မကြာမီ ပင် မြင်တွေ့ကြရမည်ဖြစ်ပါသည်။

(ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၇) တွင်ပါသည့် ထုတ်ယူဖော်ပြပါသည်။)

***************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs