Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၈.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်-မြန်မာပိုက်လိုင်းစီမံကိန်းကို မြန်မာဒုသမ္မတ အမွှန်းတင်

(Xinhua သတင်းမှ 28 Feb 2012 ရက်စွဲပါ “Myanmar vice president speaks highly of Sino-Myanmar pipelines project” ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ အရပ်သားကမ္ဘာကို ကမ္ဘာ့ဘဏ် အလေးထားသင့်

(Human Rights Watch မှ 13 Feb 2012 ရက်စွဲဖြင့် ဖော်ပြထားသော World Bank : emphasize civic participation in Burma ကို ဘာသာ ပြန်ဆိုသည်)

  1. စီးပွားရေးတိုးတက်မှုနှင့်အတူ ပေးဆပ်လိုက်ရသော လူသားချင်းစာနာမှုဆိုင်ရာ တန်ဖိုးများ

(IRIN News မှ 27 Feb 2012 ရက်စွဲပါ Myanmar: Humanitarian cost of economic development ကို ဘာသာ ပြန်ဆိုသည်)

********************************************************************************

တရုတ်-မြန်မာပိုက်လိုင်းစီမံကိန်းကို မြန်မာဒုသမ္မတအမွှန်းတင်

(Xinhua သတင်းမှ 28 Feb 2012 ရက်စွဲပါ “Myanmar vice president speaks highly of Sino-Myanmar pipelines project” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာဒုသမ္မတ ဦးတင်အောင်မြင့်ဦးက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်မှ တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို တနင်္လာနေ့တွင် အမွှန်းတင် ပြောဆိုလိုက်သည်။

ယင်းစီမံကိန်းကို အခြားကုမ္ပဏီများနှင့်အတူ အကောင်အထည်ဖော်နေသော တရုတ် CNPC ကုမ္ပဏီက မြန်မာနိုင်ငံ၏ လူမှုကူညီရေး လုပ်ငန်းများအား ပံ့ပိုးပေးခြင်းကိုလည်း ဒုတိယသမ္မတက အသိအမှတ်ပြု ပြောကြားခဲ့သည်။ ရခိုင်ကမ်းရိုးတန်းမှ မဒေးကျွန်းသည် ရေနံစိမ်းပိုက်လိုင်း စတင်ရာ နေရာ ဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းကိုမူ ရမ်းဗြဲကျွန်းပေါ်တွင် စတင်နေခြင်းဖြစ်သည်။ ၎င်း ရေနံနှင့်ဓာတ်ငွေ့ အမြွှာ ပိုက်လိုင်းများသည် မြန်မာနိုင်ငံ အတွင်း ရခိုင်ပြည်နယ်၊ မကွေးဒေသ၊ မန္တေလးဒေသ နှင့် ရှမ်းပြည်နယ်ကို ဖြတ်သန်းကာယူနန်ပြည်နယ်မှ ရွှေလီတွင် တရုတ်ပြည်နယ်ထဲသို့ ဝင်ရောက်မည် ဖြစ်သည်။

မြန်မာပိုင်နက်ထဲတွင် ထိုရေနံပိုက်လိုင်းက ၇၇၁ ကီလိုမီတာနှင့် ဓာတ်ငွေ့ပိုက်လိုင်းက ၇၉၃ ကီလိုမီတာ အသီးသီး ဖြတ်သန်းသွားကြမည်ဟု ဆိုသည်။

စီမံကိန်းလုပ်ငန်းစဉ်ကို လာရောက်စစ်ဆေးသော ဒုတိယသမ္မတက အဆိုပါ ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းများသည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု မရှိသော ဒေသများကို ဖြတ်သန်းသွားခြင်းဖြစ်ပြီး ယင်းဒေသများရှိ ပညာရေး၊ ကျန်းမားရေး ကဏ္ဍများအတွက် ရန်ပုံငွေ လှူဒါန်းသော တရုတ်ကုမ္ပဏီကို ကျေးဇူးတင်ပါသည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဒေသခံများနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းတို့အား လက်တွေ့အကျိုးဖြစ်ထွန်းစေခြင်း အပါအဝင် ပိုက်လိုင်းတလျှောက် ဒေသများတွင် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဆက်လက်ကူညီရန် ဒုသမ္မတက ထုတ်ဖော် ပြောဆိုသည်။

တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု အဆင်ပြေချောမွေ့နေပြီး သတ်မှတ်ချိန်အတိုင်း ပြီးစီးကာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဒုသမ္မတက ဆက်လက် ပြောကြားသည်။

ပိုက်လိုင်း တည်ဆောက်နေသော တရုတ် SAEOP ကုမ္ပဏီဥက္ကဋ္ဌ ရှန်ကျားလင်ကလည်း ပိုက်လိုင်း ပြီးစီးမှု အနေအထားနှင့် စီမံကိန်းနယ်မြေ တစ်လျှောက် လူမှုကူညီရေးကိစ္စများကို ရှင်းလင်းပြောကြားသည်။ ထို့အပြင် ၂၀၁၁ ခုနှစ်အတွင်းစာသင်ကျောင်း၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၂၄ ခု နှင့် နယ်ခံပြည်သူများအတွက် စက်ရေတွင်း တူးဖော်ရန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၀၇ သန်းကို တရုတ် CNPC, SAEOP, SEAGP ကုမ္ပဏီများက လှူဒါန်းခဲ့သည်ဟု ရှန်ကျားလင်က ထုတ်ဖော်ပြောဆိုသည်။

ရှန်ကျားလင်က ဆက်လက်၍ ၂၀၁၁ မတ်လရှယ်ယာရှင်များ အစည်းအဝေးဆုံးဖြတ်ချက်အရ ပိုက်လိုင်းနယ်မြေ တလျှောက် ဒေသခံများ၏ အကျိုးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာတစ်သန်းနှစ်စဉ် သုံးစွဲသွားမည်ဟုလည်း အသိပေး ပြောကြားသည်။

CNPC နှင့် ရှယ်ယာဝင် ကုမ္ပဏီများအနေဖြင့် မြန်မာပြည်တွင်း ဓာတ်အား ဖူလုံမှု ရှိစေရန်အတွက် ရခိုင်ပြည်နယ် ဓာတ်အားကွန်ယက်ကို အကူအညီ ပေးရန် စဉ်းစားနေကြသည်ဟုလည်း ရှန်ကျားလင်က ပြောကြားသွားသည်။

************************************************************************************************

မြန်မာနိုင်ငံမှ အရပ်သားကမ္ဘာကိုကမ္ဘာ့ဘဏ်အလေးထားသင့်

(Human Rights Watch မှ 13 Feb 2012 ရက်စွဲဖြင့် ဖော်ပြထားသော World Bank : emphasize civic participation in Burma ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် စီစဉ်နေသောဖွံ့ဖြိုးရေးအစီအစဉ်များတွင် အရပ်ဖက် အဖွဲ့အစည်းပါဝင်မှုကို အားပေး မြှင့်တင်သင့်သည်ဟု ဖော်ပြထားသောပေးစာတစ်စောင်ကို Human Rights Watch က ယနေ့ထုတ်ပြန်သည်။ ကမ္ဘာ့ဘဏ်ဒါရိုက်တာများဘုတ်အဖွဲ့သည် မြန်မာနိုင်ငံတွ် ပြုလုပ် မည့် အစီအစဉ်များအပေါ် ဆွေးနွေးရန် ၂၀၁၂ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၌ တွေ့ဆုံခဲ့ကြသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာအစိုးရအားပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကိုတိုးမြှင့်ရန်၊ လူမှုဆိုင်ရာ လိုအပ်ချက်များကို ဦးစားပေး အရေးပေါ် ဆောင်ရွက်ရန်၊ မှန်ကန်စွာဖွံ့ဖြိုးရေးအတွက် မလုပ်မဖြစ်အပြောင်းအလဲများကိုစနစ်တကျလုပ်ဆောင်ရန် အားပေးတိုက်တွန်းသင့်သည်ဟုလည်း HRW က တင်ပြထားသည်။

“မြန်မာအစိုးရဲ့ လုပ်နေတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ ပစ်မှတ်ဟာ မြန်မာပြည်သူတွေသာ ဖြစ်ရမယ်ဆိုတဲ့ အချက်ကိုသေချာအောင်လုပ်ဖို့ ကမ္ဘာ့ဘဏ်မှာ အခွင့်အလမ်း ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၂၀ လောက်တံခါးပိတ်ထားခဲ့တာပါ။ အခုအချိန်မှာ တံခါးဖွင့်ဆက်ဆံမှုကို အားလုံး သေချာပေါက် ပါဝင်နိုင်အောင် ကမ္ဘာ့ဘဏ်နဲ့ မြန်မာအစိုးရကလုပ်ဆောင်နိုင်ပါတယ်”ဟု HRW ဒါရိုက်တာအဖွဲ့ဝင် ArvindGanesan က ပြောကြားသည်။

၁၉၈၇ ခုနှစ်နောက်ပိုင်းကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအားငွေကြေးကူညီမှု မပြုတော့ခြင်း၏ အကြောင်းရင်းမှာ မြန်မာနိုင်ငံကချေးငွေပြန်ဆပ်ခြင်း၊ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများမလုပ်ခြင်းတို့ကြောင့် ဖြစ်သည် ကုသမဂ္ဂ၏ လူသားရင်းမြစ်ဖွံ့ဖြိုးမှု ညွှန်းကိန်းဇယားတွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် အဆင့်သတ်မှတ်ချက် ၁၄၇ ဖြင့် ဒေသတွင်းပျမ်းမျှအဆင့်၏ အောက်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှု အနေအထားမှာ စိတ်ပျက်စရာပင် ဖြစ်သည်။ အဆိုပါ ညွှန်းကိန်းသည် ပြည်သူများ၏ ဘဝမျှော်မှန်းချက်၊ ပညာရေးနှင့် အခြားဆင်းရဲမွဲတေမှုကိန်းဂဏန်းများကိုတွက်ချက်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မနှစ်ကမတ်လတွင် အာဏာလွဲပြောင်းရယူထားသောအစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ပြုသည့် ဥပဒေပြဒါန်းခြင်း၊ မီဒီယာဆင်ဆာကိုဖြေလျော့ပေးခြင်းတို့ကိုလုပ်ဆောင်ခဲ့သော်လည်းတောင်တန်းဒေသများမှ ကာလရှည် ပြည်တွင်းစစ်နှင့် ပတ်သက်ဆက်နွယ်နေသော ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ယခုအချိန်တိုင်အောင် ဖြေရှင်းဆောင် ရွက်ခြင်းမရှိသေးဟု HRW က ထုတ်ဖော်တင်ပြထားသည်။

Human Rights Watch အုပ်စုကကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ်ဇိုလစ်နှင့် ဒါရိုက်တာအဖွဲ့ထံလိပ်မှု ထားသောပေးစာတွင် အောက်ပါအတိုင်း တိုက်တွန်းထားသည်။

မြန်မာပြည်သူများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက် တွေ့ထိဆက်ဆံရမည်။ နှစ်ပေါင်းများစွာ အပယ်ခံထားရသော နိုင်ငံနှင့် ပြန်လည်ဆက်ဆံခြင်းဖြစ်၍ ကမ္ဘာ့ဘဏ်၏ ပွင့် လင်းမြင်သာ၊ ထင်ပေါ်စွာတွေ့ထိဆက်ဆံမှုသည် အလွန်အရေးကြီးသည်။ ကမ္ဘာဘဏ်နှင့် အဆက်အသွယ်ရှိသောအရပ်သားပြည်သူများအားအစိုးရက ပြစ်ဒဏ်ပေးခြင်းမပြု အောင်သေချာလုပ်ဆောင်ရန် လိုအပ်သည်။ ယခင် ၂၀၀၈ နာဂစ်အလွန်ကာလတွင် နိုင်ငံခြားအဖွဲ့အစည်းများ နှင့် ဆက်သွယ်လုပ်ကိုင်သော လူမှုကူညီလှုပ်ရှားသူများကို ဖမ်းဆီးပြစ်ဒဏ်ပေးခဲ့သော သာဓကများ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ သယံဇာတများနှင့် မကြာမှီထွက်ပေါ်လာမည့် ကမ္ဘာ့ဘဏ်အကူအညီများကို မြန်မာပြည်သူတို့၏ အကျိုးအတွက်သာအသုံးပြုရန်၊ ကိုယ်ကျိုးအတွက် အဂတိလိုက်စားခြင်းမပြုစေရန် အခွန်ဝင်ငွေနှင့် ဘတ်ဂျက်ပွင့်လင်းမြင်သာရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့နှင့် ပတ်သက်သော ချို့ယွင်းချက်များကို အလေးထားဖြည့်ဆည်းဆောင်ရွက်ရန် လိုသည်။ ပြည်သူများလွတ်လပ်စွာသဘောကွဲလွဲခွင့်ပြုခြင်း၊ အဓမ္မလုပ်သားခိုင်းစေသော အလေ့အထကို ဖယ်ရှားခြင်း၊ မြန်မာပြည်သူများ၊ အထူးသဖြင့် လယ်သမားများအားမြေပိုင်ဆိုင်ခွင့်ပေးခြင်းစသည်တို့အပါ အဝင် ပြည်သူလူထုကို လူရာသွင်းသော ဖွံ့ဖြိုးရေးလုပ်ငန်းများ လွယ်ကူချောမွေ့အောင် စနစ်တကျပြုပြင် ပြောင်းလဲမှုများပြုလုပ်ရန် မြန်မာအစိုးရအားတိုက်တွန်းရမည်။

သန်မာတဲ့ လူ့အဖွဲ့အစည်း၊ ပိုမိုထိရောက်တဲ့ အစိုးရပိုမိုအောင်မြင်တဲ့ နိုင်ငံဖြစ်လာဖို့အတွက် ဖွံ့ဖြိုးရေးအစီအစဉ်မှာအရပ်သားတွေပါဝင်မှုနဲ့ ခွန်အားဖြည့် ပြည်သူလူထုစတဲ့အချက်တွေဟာ ၂၀၁၁ အခြေခံအုတ်မြစ် တွေပဲဖြစ်ပါတယ်ဟုကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဇိုလစ်က ၂၀၁၁ ဧပြီလတွင် အာရပ်နွေဦး အပြောင်းအလဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဇိုလစ်ရဲ့ အာရပ်နွေဦးအပေါ်အမြင်ကိုပံ့ပိုးနိုင်မယ့်အခွင့်အလမ်းကို မြန်မာနိုင်ငံကပေးနေပါပြီ၊ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး အစီအစဉ်မှာ လူထုပါဝင်ရေးကို အားပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အနေအထားအပေါ် သိသိသာသာအကျိုးရှိအောင် လုပ်ဆောင်နိုင်ခွင့် ရှိနေပါတယ် ဟု HRW ဒါရိုက်တာ Ganesan  က ပြောကြားသွားခဲ့သည်။

**************************************************************************************************

စီးပွားရေးတိုးတက်မှုနှင့်အတူ ပေးဆပ်လိုက်ရသော လူသားချင်းစာနာမှုဆိုင်ရာ တန်ဖိုးများ

(IRIN News မှ 27 Feb 2012 ရက်စွဲပါ Myanmar: Humanitarian cost of economic development ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မကြာသေးမီက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော ဖွံ့ဖြိုးတိုးတက်မှုများသည် ကျေးလက်နေပြည်သူများ အထူးသဖြင့် တိုင်းရင်းသားများအား မမြင်နိုင်သော ပေးဆပ်ရမှုများ ရှိလာနိုင်သည်ဟု သုံးသပ်သူများက ပြောကြားလိုက်သည်။

မကြာမီက ရန်ကုန်တွင် ကျင်းပသော အလုံးစုံတိုးတက်ရေးအတွက် ကွန်ဖရင့်တွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်း နိုဘယ်ဆုရှင် ဂျိုးဇက် စတစ်ဂလစ်က မြန်မာနိုင်ငံသည် ဆင်းရဲသော ပြည်သူများ ရှိနေမည့် ချမ်းသာသော တိုင်းပြည်ဖြစ်လာရန် အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၁ ခုနှစ်တွင် သတ္တုတွင်း၊ ရေနံနှင့် ဓာတ်ငွေ့၊ ရေအားလျှပ်စစ်တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ဝ ဘီလျံရှိကြောင်း အစိုးရ၏ အဆိုအရ သိရှိရသည်။ ဒေါ်လာ ၃.၆ ဘီလျံတန် ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းမှာ ပတ်ဝန်းကျင် ဆိုင်ရာနှင့် လူအများ ရွှေ့ပြောင်းရခြင်းအပါအဝင် လူမှုရေးအရ စိုးရိမ်ရမှုများအပေါ် ဆန္ဒပြမှုများကြောင့် ရပ်ဆိုင်းခဲ့ရသော်လည်း ထိုသို့သော ဝေဖန်မှုများ ရှိနေသည့်ကြားမှ ရေနက်ဆိပ်ကမ်း စီမံကိန်းမှာမူ ဆက်လုပ်နေဆဲ ဖြစ်သည်။

တနင်္သာရီတိုင်း၊ ထားဝယ်မှ ဘီလျံများစွာတန်သော စီမံကိန်းများသည် ထောင်ပေါင်းများစွာသော ရွာသားများအား ပြောင်းရွှေ့မှု ဖြစ်စေမည် ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းမှုများ တိုးလာမည်ဟု ယုံကြည်ကြောင်း ပြည်တွင်း NGO တစ်ခုဖြစ်သော Another Development for Burma မှ ညှိနှိုင်းရေးမှူး Saw Frankie Abreu က ပြောသည်။

မြန်မာအစိုးရကမူ အဆိုပါစီမံကိန်းသည် ပြည်တွင်းစီးပွားရေး အားကောင်းလာနိုင်ကြောင်း ကာကွယ် ပြောဆိုခဲ့သည်။ လှုပ်ရှားသူများကမူ တိုးတက်မည် ဆိုသော်လည်း ပေးဆပ်ရသည့်တန်ဖိုး ကြီးမားကြောင်း ဝိုင်းဝန်း ပြောဆိုကြသည်။

အစိုးရသည် ရွာလေးရွာ ပြောင်းရွှေ့ရန် အသစ်ဆောက်လုပ်ပေးနေသော်လည်း လုံလောက်မှု မရှိသေးကြောင်း Saw Frankie က ပြောသည်။ ထိုသို့ ရွာများကို ရွှေ့ပြောင်းပေးခြင်းသည် ထိုရွာများတွင် နေထိုင်သော တိုင်းရင်းသားများ၏ လူနေမှုဘဝများပေါ်တွင် ပြင်းထန်စွာ သက်ရောက်မှုများ ရှိကြောင်း၊ နေရာသစ်တွင် အသားကျရန် မလွယ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Burma Partnership မှ ညှိနှိုင်းရေးမှူး ခင်ဥမ္မာက ပြောသည်။ "ဒီဒေသမှာ မွန်နဲ့ ကရင်လူမျိုးတွေက အများစုနေထိုင်တာပါ။ သူတို့က ကွမ်းသီးစိုက်ပါတယ်။ သူတို့ ဘဝတွေဟာ သူတို့နေထိုင်တဲ့ မြေပေါ်မှာ လုံးဝ တည်မှီနေပါတယ်" ဟု ခင်ဥမ္မာက IRIN သို့ ဆက်လက် ပြောသည်။

ရွှေ့ပြောင်းရန် ဆောက်လုပ်နေသော ရွာများတွင် ထားဝယ်မှ ၆ဝ ကီလိုမီတာ မြောက်ဘက်ရှိ "ဘဝကျေးရွာ" လည်း ပါဝင်သည်။ "အများစုက လယ်သမားတွေ ရှိတဲ့ ရွာတွေ ဆိုပေမဲ့ ဘဝကတော့ တံငါရွာပါ။ အဲဒီရွာကမြေက စိုက်ပျိုးလို့ မရပါဘူး" ဟု Frankie က ပြောသည်။ အချို့မှာ ထိုင်းသို့ သွားရန် ကြိုးစားနေသည်ဟု ခင်ဥမ္မာက ပြောသည်။

ထားဝယ်အနီး ဘဝရွာမှ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်နေသူ ဖြစ်သော ဝင်းကေသီက "ကျွန်မ ထိုင်းမှာ အလုပ်လုပ်နေတာ ငါးနှစ် ရှိပါပြီ။ ကျွန်မမိသားစုက ဘဝရွာမှာပါ။ အခု ဘယ်ကို ရွှေ့ရမယ် မသိသေးပါဘူး။ ဒါကြောင့် သူတို့ကို ဒီကိုပဲ ခေါ်လိုက်တော့မယ်" ဟု ပြောသည်။

"ရွာကတခြားလူတွေလည်း ထိုင်းကို ရွှေ့ဖို့ပဲ ပြောနေကြတယ်။ ရွာမှာလူတွေ သူတို့ အနာဂတ်အတွက် စိတ်ပူနေကြတယ်။ အခုတော့ အဆောက်အဦးတွေ မှိုပေါက်သလိုပဲ။ သူတို့ ဆောက်လုပ်ရေးကို အရှိန်မြှင့်နေကြတယ်" ဟု သူမက ဖြည့်စွက်ပြောကြားသည်။

International Organization for Migration က မကြာသေးမီက ခန့်မှန်းရာတွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင် မထားသော မြန်မာရွှေ့ပြောင်းလုပ်သား (၄)သန်းခန့် ရှိမည်ဟု ဆိုသည်။ "ဒေသခံတွေက ဒီစီမံကိန်းအကြောင်း ကြားကာစကတော့ အောက်ခြေလူတန်းစားတွေက အရမ်းကို အကောင်း မြင်ကြပါတယ်။ သူတို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရတော့မယ်။ လမ်းပန်း ဆက်သွယ်ရေးတွေ ကောင်းလာတော့မယ်။ ဒါဆို သူတို့ ပစ္စည်းတွေ မြို့ကို တက်ရောင်းဖို့ လွယ်လာမယ်ပေါ့။ အခုတော့ သူတို့ စိန်ခေါ်မှုတွေကို စပြီး သဘောပေါက်လာကြပါပြီ" ဟု Saw Frankie က ပြောသည်။

********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment