Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ရှမ်းပြည်နယ်၌ တပ်မတော်နှင့် SSA တိုက်ပွဲအရှိန်မြင့်မားမှုကြောင့် စစ်ဘေးရှောက်ဒုက္ခသည် ၂၀၀၀ နီးပါးသို့မြင့်တက်
  2.  အင်ဒိုသမ္မတ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်မည်
  3. မြန်မာနိုင်ငံ မဏ္ဍိုင်ကြီးသုံးခုအတွက် UNDP မှအမေရိကန်ဒေါ်လာသန်း ၁၅၀ ကူမည်
  4. ဝန်ကြီးဌာနများ ယခုဘဏ္ဍာနှစ်တွင် ငွေကျပ်ဘီလီယံတစ်သောင်းငါးထောင်ကျော်သုံးစွဲမည်

ရှမ်းပြည်နယ်၌ တပ်မတော်နှင့် SSA တိုက်ပွဲအရှိန်မြင့်မားမှုကြောင့် စစ်ဘေးရှောက်ဒုက္ခသည် ၂၀၀၀ နီးပါးသို့မြင့်တက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တန့်ယန်းမြို့အနီး၌ အစိုးရ၏တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင် တပ်ဖွဲ့(SSA)တို့၏ တိုက်ပွဲအရှိန်မြင့်မားနေသည့်အတွက် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၂၀၀၀ နီးပါးသို့မြင့်တက်ခဲ့ပြီး အဆိုပါ ဒုက္ခသည်များမှာ သောက်သုံးရေပြတ်လပ်မှုများ၊ စားနပ်ရိက္ခာရှားပါးမှု အခက်အခဲများနှင့် တွေ့ကြုံရလျက် ရှိကြောင်း သိရသည်။

ထိုသို့ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဒေသခံဒုက္ခသည်အရေအတွက် မြင့်တက်လာခဲ့သော်လည်း စစ်ဘေးရှောင်တိမ်းရန် နေရာအတည်တကျမရှိဘဲ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတပ်ဖွဲ့နှင့် အစိုးရ၏တပ်မတော်တို့အကြား သဘောထားတင်းမာမှုများကြောင့် တိုက်ပွဲများဖြစ်ပွား၍ ဒေသခံပြည်သူများဒုက္ခတွေ့နေသည့်အပေါ် စာနာနားလည်မှုများထား၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အမြန်ဆုံးပြုလုပ်သင့်ကြောင်း ရှမ်းပြည်နယ်ဒေသခံတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတပ်မတော်(SSA)တို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ဇန်နဝါရီလအတွင်းက အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ရရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် နှစ်ဖက်တပ်များ အထင်အမြင် လွဲမှားမှုများကြောင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အစိုးရ၏ တပ်မတော်နှင့် တစ်နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိထားသည့် SSA တပ်ဖွဲ့များ သည် အဆိုပါနှစ်အတွင်း အနည်းဆုံးတိုက်ပွဲပေါင်း အကြိမ် ၁၀၀ ဖြစ်ပွားသကဲ့သို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)တောင်ပိုင်းနှင့်လည်း အနည်းဆုံးတိုက်ပွဲပေါင်း အကြိမ် ၆၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

YC


 အင်ဒိုသမ္မတ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်မည်

လက်ရှိ အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူစီလိုဘမ်ဘန်းယူဒိုယိုနို (Susilo Bambang Yudhoyono)သည် လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည်ဖြစ်ပြီး ၎င်း၏ အဆိုပါ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မေလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာသို့ သွားရောက်လည်ပတ်၍ အင်ဒိုနီးရှားသမ္မတနှင့်တွေ့ဆုံခဲ့ပြီး မြန်မာ-အင်ဒိုနှစ်နိုင်ငံ ကုန်သွယ်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

YC


မြန်မာနိုင်ငံ မဏ္ဍိုင်ကြီးသုံးခုအတွက် UNDP မှအမေရိကန်ဒေါ်လာသန်း ၁၅၀ ကူမည်

Country Programme Action Plan အစီအစဉ်အရ မြန်မာနိုင်ငံ၏ မဏ္ဍိုင်ကြီးသုံးခု အတွက် ကုလ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကို ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွက် ကူညီမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ငွေကြေးအစီအစဉ်ကို ပထမမဏ္ဍိုင်ဖြစ်သော စဉ်ဆက်မပြတ် လူ့အဖွဲ့အစည်းဆိုင်ရာ အလုံးစုံ ဖွံ့ဖြိုးမှု၊ ထိရောက်သော ဒေသတွင်း အုပ်ချုပ်မှုတို့အတွက် ဒေါ်လာ ၅၉ သန်း၊ ဒုတိယ မဏ္ဍိုင်ဖြစ်သော ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် သဘာဝဘေးအန္တရာယ် စွန့်စားရမှု လျော့ကျရေးတို့အတွက် ဒေါ်လာ ၄၆ သန်းနှင့် တတိယ မဏ္ဍိုင်ဖြစ်သည့် ဒီမိုကရေစီအုပ်ချုပ်မှုနှင့် ထိရောက်သော ဖွံ့ဖြိုးမှုတို့အတွက် ဒေါ်လာ ၄၅ သန်းတို့ကို ခွဲဝေသုံးစွဲသွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၉ နှစ်ကြာ လူ့စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (HDI) ကိုသာ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လကုန်မှစ၍ Normal Country Status (ပုံမှန်နိုင်ငံ အဆင့်အတန်း)ကို ပြန်လည် ရရှိခဲ့၍ ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်အတွက် အမျိုးသားစီမံကိန်း ၀န်ကြီးဌာနနှင့် UNDP တို့အကြား နိုင်ငံဆိုင်ရာ သဘောတူညီမှုကို ဧပြီလ ၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

YC


ဝန်ကြီးဌာနများ ယခုဘဏ္ဍာနှစ်တွင် ငွေကျပ်ဘီလီယံတစ်သောင်းငါးထောင်ကျော်သုံးစွဲမည်

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ၃၀ သည် ဘဏ္ဍာငွေကျပ်သန်ပေါင်း ၁၅၁၉၇၆၈၄ ဒသမ ၆၀၀ သုံးစွဲမည်ဖြစ်ကြောင်း ဘဏ္ဍာနှစ်အရအသုံးမှန်းခြေ ငွေစာရင်းအရ သိရှိရသည်။

ယခုနှစ်မှစ၍ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေရရှိသုံးစွဲမှုများကိုလည်း ၆ လတစ်ကြိမ် လျာထားသည့်စာရင်းများ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရှိမရှိစိစစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆ လနှင့် ဒုတိယ ၆ လရငွေနှင့် အသုံးစရိတ်အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ပြည်ထောင်စုလွှတ်တော်တွင် သီးခြားတင်သွင်းသွားမည်ဖြစ်ပြီး ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတွင်လည်း အသုံးစရိတ်တိုးမြှင့်ထားကြောင်း သိရသည်။

၂၀၁၃ -၂၀၁၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများဖြစ်သည့် မြန်မာ့လေကြောင်း၊ မြန်မာ့သဘောင်္ကျင်းလုပ်ငန်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ အစည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများအား ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယခုနှစ်ဝန်ကြီးဌာနအလိုက် သုံးစွဲမည့်အသုံးစရိတ်မှာ ပြည်ထဲရေး ကျပ်သန်းပေါင်း ၂၄၃၉၈၁ ဒသမ ၈၇၇၊ ကာကွယ်ရေး ၂၂၂၄၈၃၇ ဒသမ ၄၀၂၊ နယ်စပ်ရေးရာ ၂၆၆၂၂၄ ဒသမ ၅၅၈၊ နိုင်ငံခြားရေး ၅၇၃၃၂၃ ဒသမ ၉၆၀၊ ပြန်ကြားရေး ၈၂၀၀၂ ဒသမ ၂၁၀၊ သာသနာရေး ၁၁၅၃၉ ဒသမ ၂၀၄၊ သမဝါသမ ၄၄၃၉ ဒသမ ၄၇၉၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ၄၄၉၃၂၆ ဒသမ ၁၅၃၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ၂၆၂၈၅ ဒသမ ၄၄၄၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၅၃၉၁၆၀ ဒသမ ၁၇၅၊ ပို့ဆောင်ရေး ၅၅၃၄၁ ဒသမ ၅၃၇၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ၃၃၄၈၇၂ ဒသမ ၈၃၁၊ လျှပ်စစ်စွမ်းအား ၁၈၄၉၁၃၅ ဒသမ ၂၅၅၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၂၆၈၆၃ ဒသမ ၅၂၈၊ စွမ်းအင် ၃၁၆၈၆၀၄ ဒသမ ၉၇၇၊ စက်မှု ၇၉၈၇၅၃ ဒသမ ၀၃၁၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၂၀၃၅၃ ဒသမ ၈၆၈၊ အားကစား ၁၃၆၈၃၂ ဒသမ ၃၄၂၊ ပညာရေး ၉၀၇၉၇၆ ဒသမ ၆၂၄၊ ကျန်းမာရေးး ၄၉၉၃၀၆ ဒသမ ၃၀၃၊ သတ္တုတွင်း ၁၆၄၇၂၂ ဒသမ ၃၃၄၊ ယဉ်ကျေးမှု ၁၂၅၅၃ ဒသမ ၄၂၁၊ ဘဏ္ဍာရေးနှင့်အခွန် ၂၀၄၅ ၆၁၇ ဒသမ ၄၀၈၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံဖြိုးတိုးတက်မှု ၈၁၃၇၆ ဒသမ ၁၉၅၊ ဆောက်လုပ်ရေး ၇၀၄၀၃၃ ဒသမ ၆၃၂၊ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၇၀၆၁ ဒသမ ၄၂၉၊ ရထားပို့ဆောင်ရေး ၃၂၈၉၅၅ ဒသမ ၃၁၉၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ၁၀၈၉၈ ဒသမ ၁၈၅၊ သိပ္ပံနှင့် နည်းပညာ ၁၁၁၂၀၃ ဒသမ ၃၉၇၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၈၁၂၇ ဒသမ ၅၂၂ တို့ဖြစ်ကြောင်း သိရှိရသည်။

 YC


ရင်းနှီးမြုပ်နှံမှုဥပဒေ၏ မရေရာမှုများက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို နှောင့်နှေးစေကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြောကြား

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးကာလတွင် အခြေခံအဆောက်အအုံများလုံလောက်မှုမရှိခြင်းနှင့် ရင်းနှီးမြုပ်နှံမှု ဥပဒေ၏ မသေချာမရေရာခဲ့မှုများက မြန်မာနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြုပ်နှံမည့် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများကို နှောင့်နှေး စေခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်ကဏ္ဍများတွင် ကူညီထောင်ပံ့မှုများပြုလုပ်ပေးရန်နှင့် မြန်မာနိုင်ငံသို့ ရင်းနှီးမြုပ်နှံမှုများ လာရောက် ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်မှ ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ ရေးဆွဲအတည်ပြုရာတွင် အချိန်များစွာကြာမြှင့်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ ထွက်ရှိသောအချိန်တွင်လည်း နည်းဥပဒေနှင့် ရှေ့နောက်မညီညွှတ်မှုများ များစွာရှိခဲ့ကြောင်း စီးပွားရေးပညာရှင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်(လသာ) က ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေးကဏ္ဍနှင့် အင်တာနက်ဆက်သွယ်ရေး ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံမှုများကို ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကိုလည်း ထောက်ခံကြောင်း ဦးကြည်မြင့်(လသာ) က ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲကာလများတွင် အကူအညီပေးလိုသည့် နိုင်ငံအများအပြား အဆင်သင့် ရှိနေခြင်းသည် မြန်မာနိုင်ငံအတွက် လက္ခဏာကောင်းတစ်ရပ်ဟု ထင်မြင်ယူဆမိပြီး မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြုပ်နှံ လိုသူများ တွေဝေနှောင့်နှေးနေစေနိုင်သည့် အခြေခံအအောက်အအုံများ ပြည့်စုံလုံလောက်မှုမရှိခြင်းကို ဦးစွာဖြေရှင်း ဆောင်ရွက်သင့်ကြောင်း စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါ်ရီရီမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီအပြောင်းအလဲများအတွက် အကူအညီအထောက်အပံ့များ ပြုလုပ်ပေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ထပ်မံတိုက် တွန်းပြောကြားခဲ့ ကြောင်း သိရှိရသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment