Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. မြန်မာနိုင်ငံအား G-8 ဆက်လက်ကူညီမည်
  2.  မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်နှစ်နေရာအတွက် ဆန်ခါတင် ကုမ္ပဏီ ၁၂ ခုစာရင်းကြေညာ
  3. ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက်များအတွက် ပဏာမရွေးချယ်
  1. တပ်မတော်နှင့် SSPP/SSA တို့တိုက်ပွဲထပ်မံဖြစ်ပွားမှုကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရရှိ

မြန်မာနိုင်ငံအား G-8 ဆက်လက်ကူညီမည်

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက်ရှိပြီး အဆိုပါလုပ်ဆောင်မှုများအပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် G-8 အဖွဲ့မှ ဆက်လက်ကူညီ ပေးသွားမည်ဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် G-8 ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နေမှုများတွင် တိုးတက်မှုများ တွေ့ရသည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးလုံးဝရရှိနိုင်စေရေးအတွက် ကချင်နှင့် ရခိုင်အရေးဖြေရှင်းရာတွင် အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တိုးတက်မှုများရှိလာစေရေးအတွက် တိုက်တွန်းကြောင်း G-8 မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် G-8 နိုင်ငံကြီးများအနေဖြင့် ဆက်လက်ကူညီသွားမည်ဖြစ်သည့် အပြင် ကျန်ရှိနေသေးသည့် အရေးကြီးပြဿနာများကိုဖြေရှင်းရာတွင်တွင် ကူညီသွားမည်ဖြစ်ပြီး နိုင်ငံတကာအလှူရှင်များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင်းရှိ ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်အားကြီးနိုင်ငံများဖြင့်ဖွဲ့စည်းထားသည့် G-8 အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဂျပန်၊ ရုရှား၊ ဂျာမဏီ၊ ကနေဒါ၊ ပြင်သစ်၊ ယူကေ၊ အီတလီနှင့် အမေရိကန်နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။

YC


 

 မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်နှစ်နေရာအတွက် ဆန်ခါတင် ကုမ္ပဏီ ၁၂ ခု စာရင်း ကြေညာ

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ နိုင်ငံတကာအဆင့်မီစေရန် အစိုးရကထပ်မံခွင့်ပြုမည့် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှုလိုင်စင် နှစ်နေရာအတွက် ပြည်ပကုမ္ပဏီ ၁၂ ခုမှ နောက်ဆုံး အဆင့် ယှဉ်ပြိုင်ရတော့မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးအဆင့် ယှဉ်ပြိုင်မည့် ကုမ္ပဏီ ၁၂ ခုမှာ Airtel၊ Axiata၊ Digicel၊ France Telecom၊ KDDI Corporation၊ Millicom International Cellular ၊ MTN Consortium၊ Qatar Telecom၊ Sing Tel၊ Telenor ၊ Viettel၊ Vodafone တို့ဖြစ်ပြီး ၎င်းတို့အထဲမှ အချို့သည် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်အတွက် အခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကော်မတီ၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်နှစ်နေရာအတွက် တင်ဒါလျှောက်ထားလာသည့် ကုမ္ပဏီများအနက် ဆန်ခါတင်ရွေးချယ်ထားသည့် ကုမ္ပဏီများ စာရင်းတွင် အာရှနိုင်ငံမှကုမ္ပဏီများ အများဆုံးပါဝင်ပြီး ဥရောပကုမ္ပဏီနှစ်ခုအဖြစ် နော်ဝေနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ၁၅ နှစ်လုပ်ကိုင်ခွင့်ရရှိမည့် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် နှစ်ခုရရှိရန် မြန်မာအစိုးရမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၉၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဆန်ခါတင်စာရင်းတွင် ကုမ္ပဏီ ၁၂ ခုကျန်ရှိကြောင်းသိရသည်။ အဆိုပါ ဆန်ခါတင်စာရင်းအနက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီများစာရင်းကို ဇွန်လ ၂၇ ရက်နေ့တွင် နောက်ဆုံးထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်စေရန် မြန်မာ့ဆက်သွယ်ရေးမှ ဧပြီလ ၂၄ ရက်နေ့တွင် ချထားပေးမည့် ၁၅၀၀ တန် တန်ဖိုးနည်းတယ်လီဖုန်းအတွက် နိုင်ငံတွင်းရှိမြို့နယ်အသီးသီးတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ပြည်သူများ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်းများစစ်ဆေးကာ ဖုန်းကတ်မဲနှိုက်ပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများ၏ ဆက်သွယ်ရေးလုပ်ငန်းများအဆင်ပြေနိုင်စေရန် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ကျပ်ငါးသိန်းတန် DCMA 800MHz ဖုန်းများအားလည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် ကျပ်ငါးသိန်းတန် GSM ဖုန်းများအားလည်းကောင်း၊ ၂၀၁၁ ခုနှစ်ဧပြီလတွင် ကျပ်နှစ်သိန်းတန် GSM နှင့် CDMA ဖုန်းများကို လည်းကောင်း အဆင့်ဆင့်ဖြေလျော့၍ ဌားရမ်းအသုံးပြုခွင့်ပေးခဲ့ပြီး နောက်ဆုံးအနေဖြင့် ဧပြီလ ၂၄ ရက်နေ့မှစတင်၍ ကျပ် ၁၅၀၀ တန်ဖုန်းများကို ဌားရမ်းသုံးစွဲခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

YC


ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက်များအတွက် ပဏာမရွေးချယ်

မြန်မာနိုင်ငံ၏ ကုန်တွင်းပိုင်းရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက် ၁၈ ကွက်အတွက် ပဏာမရွေးချယ်ခံရသည့် စာရင်းထွက်ပေါ်လာခဲ့ပြီး နိုင်ငံတကာကုမ္ပဏီ ၅၈ ခုနှင့် မြန်မာကုမ္ပဏီတစ်ခု ရွေးချယ်ခံရကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပဏာမရွေးချယ်ခံရသော ကုမ္ပဏီများစာရင်းတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတေးလျ၊ သြစတီးယား၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ အိန္ဒိယ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ရုရှား၊ လူဇင်ဘတ်၊ အဇာဘိုင်ဂျန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဘရူးနိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ ပါကစ္စတန်၊ မလေးရှား၊ ဗီယက်နမ်တို့မှ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ၅၈ ခုပါဝင်ပြီး မြန်မာနိုင်ငံမှ ဦးမိုက်ကယ်မိုးမြင့်၏ MPRL E&P Pte ltd ကုမ္ပဏီတစ်ခုသာ ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

ယခုပမာဏရွေးချယ်ခဲ့သော ကုန်တွင်းပိုင်းရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက် ၁၈ ကွက်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ လျှောက်လွှာ တင်သွင်းခဲ့သည့် ကုမ္ပဏီများထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကုန်းတွင်းပိုင်းလုပ်ကွက်များမှာ နန်းတော်၊ ဇဗ္ဗူတောင်၊ အင်းတော်၊ တောင်ငူ၊ ပျဉ်းမနား၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဖြူ၊ ပုသိမ်၊ ကျောက်ကြီး၊ မင်းတုန်း၊ သဲကုန်း၊ ရွှေဂူ၊ အုန်းတွဲ၊ တက်မ၊ ပြည်၊ ထန်းတပင်၊ မြန်အောင်၊ ရွှေပြည်သာ၊ ပိတောက်ပင်၊ နတ်မိ၊ မြင်သာ စသည့်ဒေသများတွင် တည်ရှိကြောင်းသိရသည်။

ယခုရွေးချယ်ခံထားရသည့် ကုမ္ပဏီများထဲမှ အပြီးသတ်စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး နည်းပညာ၊ ဘဏ္ဍာရေး အခြေအနေနှင့် လုပ်ငန်းအတွေ့အကြုံများကိုအဓိကထား ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရခိုင်ကမ်းလွန်၊ မုတ္တမကမ်းလွန် နှင့် တနင်္သာရီကမ်းလွန် ရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက် ၃၀ ကိုလည်း အိတ်ပိတ်တင်ဒါခေါ်ယူထားကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဧပြီလ ဒုတိယအပတ်တွင် ထုတ်ပြန်ကြေညာထားခဲ့ပြီး လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီများသည် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် Production Sharing Contract (PSC) စနစ်ဖြင့် စာချုပ်ချုပ်ဆိုကာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။

YC


တပ်မတော်နှင့် SSPP/SSA တို့တိုက်ပွဲထပ်မံဖြစ်ပွားမှုကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရရှိ

တပ်မတော်နှင့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ၊ ရှမ်းတပ်မတော် ( SSPP/SSA ) တို့ကြား တိုက်ပွဲများ ထပ်မံဖြစ် ပွားမှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPP/SSA ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းဇင်ထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်နေ့တွင် တပ်မတော်မှ လာရှိုးမြို့ရှိ SSPP/SSA ဆက်ဆံရေးရုံးအနီးရှိ တပ်မတော်စခန်းများသို့ ရိက္ခာပို့ရန်ရှိသည်ဟုအကြောင်းကြားလာသဖြင့် ကားလမ်းပေါ်မှ သွားလာပါက ပြဿနာမရှိကြောင်း အကြောင်းပြန်ခဲ့ပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ထပ်မံဖြစ်ပွားသောတိုက်ပွဲမှာ ဧပြီ ၁၅ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းရှိ နောင်မို ကျေးရွာနှင့် လွယ်ကြဲကျေးရွာအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နမ့်လောင်းအရှေ့ဘက် နောက်မိုကျေးရွာရှိ ပွိုင့် ၁၇၃၂ တောင်ကုန်းရှိ SSPP/SSA လက်အောက်ခံတပ်ရင်းအနီး တပ်မတော်မှ တပ်ရင်းနှစ်ရင်းဖြင့် ရောက်ရှိလာချိန် တွင် မိုင်းထိ၍ ရှေ့ဆက်တိုးခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားကာ ထိုသို့ဆုတ်ခွာချိန်တွင် မိုင်းတောင်းတပ်နယ် လွယ်ကူကျေးရွာဘက်မှ လွယ်ကြဲကျေးရွာဘက်သို့ တပ်မတော်မှ လက်နက်ကြီးဖြင့် အချက် ၂၀ ခန့် ပစ်ခတ် ခဲ့ကြောင်း SSPP/SSA ပြန်ကြားရေး တာဝန်ခံ ဦးစိုင်းဇင်ထွန်းကပြောကြားခဲ့သည်။

ထိုသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက်တစ်နှစ်အရွယ် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တန့်ယန်းမြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းသို့ ပစ်ခတ်သဖြင့် SSPP/SSA ဘက်မှပွိုင့် ၁၇၃၂မှ ပြန်လည်ဆုတ်ခွာလာသော တပ်မတော်စစ်ကြောင်းကို ကားလမ်းပေါ်တွင် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် ရှမ်းပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းတပ်မတော် (SSPP/SSA) တို့ကြား မတ်လ ၂၈ ရက်နေ့ကလည်း တန့်ယန်းမြို့ လွယ်စေး၊ လွယ်လန်းဒေသများတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများသည် လက်ရှိအချိန်ထိ ဖြစ်ပွားနေခြင်းကြောင့် တန့်ယန်းမြို့ပေါ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁၀၀၀ ခန့်ရှိကာ ယခုတိုက်ပွဲဖြစ်စဉ်ကို နိုင်ငံတော်သမ္မတရုံးသို့ အကြောင်းကြားစာ ပေးပို့ထား ကြောင်း သိရှိရသည်။

YC


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment