Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

တရုတ်နှင့် ဗီယက်နမ်တို့တွင် လူ့အခွင့်အရေးအခြေအနေများ ဆိုးရွားလျက်ရှိဟု အမေရိကန်ပြော

(Jakarta Post သတင်းစာမှ US: Human rights worsening in China, Vietnam ကိုဘာသာပြန်ဆိုသည်)

တရုတ်နှင့် ဗီယက်နမ်နိုင်ငံများတွင် လူ့အခွင့်အရေးအခြေအနေများမှာ ဆိုးရွားယိုယွင်းလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များကြောင့် လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်းမွန် လျက်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက သောကြာနေ့တွင်ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၏ လူ့အခွင့်အရေးခြေအနေများကို နှစ်စဉ် အကဲဖြတ်မှုပြုလုပ်လျက်ရှိရာ ယခုတစ်ကြိမ်တွင်လည်း မြောက်ကိုရီးယားနိုင်ငံမှာ အဆိုးရွားဆုံးအဆင့်တွင် ဆက်လက် ကျန်ရှိနေဆဲဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြန်လည်ပြောကြားမှုများကို ဖော်ပြထားသော အစီရင်ခံစားတွင် ယင်းနိုင်ငံတွင် ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ ပျောက်ကွယ်မှုများ၊ မတရားဖမ်းဆီး ချုပ်နှောင်ခံရမှုများ၊ နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံရမှုများရှိကြောင်း ရေးသားထားသည်။

တရုတ်နိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အများပြည်သူရေးရာရှေ့နေများအား ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်ခဲ့သည်ဟူသောအချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတွေ့ရှိခဲ့သည်။

တရုတ်အစိုးရအတိုက်ခံများ၊ ၎င်းတို့၏ ဆွေမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်၊ စည်းရုံးခွင့်များမပြုလုပ်နိုင်အောင်၊ တစ်နည်းအားဖြင့် လှုပ်ရှားမှုမပြုလုပ်နိုင်အောင် ဥပဒေများဖြင့် စနစ်တကျ ဖိနှိပ်ချုပ်ခြယ်မှုများရှိခဲ့သည်။ တိဘက်ဒေသတွင်လည်း အာဏာပိုင်များက ဘာသာရေးလွတ်လပ်ခွင့်အပေါ် ချုပ်ခြယ်မှုများနှင့် ကန့်သတ်ပိတ်ပင်မှုများ တိုးမြှင့်ပြုလုပ်ခဲ့သည်။ အဆိုပါတိဘက်ဒေသမှ ပြည်သူအချို့မှာ ဘေဂျင်းအစိုးရကို ဆန့်ကျင် ကန့်ကွက်ရေးအတွက် မိမိကိုယ်ကိုယ်မိမိ မီးရှို့ခဲ့ကြကြောင်း အစီရင်ခံစာကဆိုသည်။

တစ်ပါတီစနစ်ကျင့်သုံးသော ဗီယက်နမ်နိုင်ငံတွင်မူ အစိုးရက ထင်ရှားကျော်ကြားသော သတင်းဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခြင်း၊ စောင့်ကြည့်ခြင်းများပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။

အင်တာနက်ဝက်ဘ်ဆိုက်ရေးသူများ၊ ဘလော့ဂါများနှင့် အစိုးရအတိုက်အခံများကို ဗီယက်နမ်အစိုးရက ဖမ်းဆီးခြင်း၊ ပြစ်ဒဏ်ပေးခြင်းတို့ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဗီယက်နမ်အစိုးရ အတိုက်အခံများကို ရှင်းလင်းမှုမရှိသော အမျိုးသားလုံခြုံရေးဥပဒေများအသုံးပြုကာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဘာသာရေးနှင့် အလုပ်သမားအခွင့်အရေးများအပေါ် ကန့်သတ်ပိတ်ပင်ခြင်း အစရှိသည်တို့နှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက ပြစ်တင်ဝေဖန်သည်။

သို့သော် မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ မီဒီယာ ဆင်ဆာတည်းဖြတ်မှုများ ဖြေလျှော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ပြုခြင်း အပါအဝင် ဒီမိုကရေစီအသွင် ကူးပြောင်းမှုများနှင့်ပတ်သက်၍ သိသာထင်ရှားသော လုပ်ဆောင်ချက်များကို လုပ်ကိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကဆိုသည်။ ယင်းနှစ်အတွင်းမှာပင် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါလီမန်လွှတ်တော်တွင် နေရာရရှိခဲ့သည်။ သို့တိုင်အောင် နှစ်ပေါင်း ၅၀ ကြာမျှ စစ်အစိုးရ ကျင့်သုံးခဲ့သည့် အာဏာရှင်ဆန်သောစနစ်က ဆက်လက်ကျန်ရှိနေဆဲပင်ဖြစ်သည်ဟု ထောက်ပြသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တိုင်းရင်းသားလူမျိုးများအကြား ပဋိပက္ခနှင့် ဆူပူအကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့သည့် အကွဲအပြဲဖြစ်မှုများကို ကျော်လွှားနိုင်ရန် အရေးပေါ်လုပ်ဆောင်ရမည်ဖြစ်သည်။ ယမန်နှစ်က ရခိုင်ပြည်နယ် တွင်းဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် လူပေါင်း ၁၀၀ ကျော်ခန့်သေဆုံးခဲ့ရသည်။ ယင်းသို့ ကြောက်မက်ဖွယ် ကောင်းသော ပဋိပက္ခကြီးမှာ ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ ကူးစက်ရောက်ရှိလာသည်။ ပဋိပက္ခတွင် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများက အဓိကလွှမ်းမိုးထားသည်။

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကျင့်သုံးခဲ့သည့် အင်ဒိုနီးရှားနိုင်ငံမှာမူ အရှေ့တောင် အာရှဒေသ၏ ကြံ့ခိုင်မှုအရှိဆုံးသော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ခံလာရပြီဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကဆိုသည်။

အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သားအာဏာပိုင်များကို အစီရင်ခံတင်ပြရသည့် အခြေအနေသို့ ပင် ရောက်ရှိလာသည်။ သို့သော် ဘာသာရေးနှင့် လူမျိုးစုငယ်များ၏ အခွင့်အရေးများအပေါ် ဖိနှိပ်ချုပ်ခြယ်မှုမှာ ပြဿနာ တစ်ရပ်ဖြစ်နေသည်ဟု ဆိုသည်။ ပါပူးဝါး၊ အနောက်ပါပူးဝါး၊ မာလူကူတို့ရှိ လူမျိုးစုငယ်များအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရရှိအောင် နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ ဥပဒေများပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည်။

သီရိလင်္ကာနိုင်ငံတွင် အစိုးရက အာဏာတည်မြဲရေးအတွက် တင်းတင်းကျပ်ကျပ်ကိုင်တွယ်ခဲ့ပြီး  အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၂၀၁၂ ခုနှစ်အတွင်း အဓိပ္ပာယ်ပြည့်ဝသော ကြိုးပမ်းဆောင်ရွက်မှု အနည်းငယ်သာလုပ်ဆောင်ခဲ့သည်။ နှစ်ပေါင်း ၄၀ မျှကြာမြင့်သော သီရိလင်္ကာပြည်တွင်းစစ်ပွဲကြီးပြီးဆုံးသွားပြီးနောက် တမီလ်လူနည်းစုနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အစိုးရအနေဖြင့် များစွာကြိုးပမ်းအားထုတ်ရန် လိုအပ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် နှစ်များအတွင်း လူထောင်ပေါင်းများစွာ သေကြေ သို့မဟုတ် ပျောက်ဆုံးခဲ့ကြရခြင်းအတွက် အစိုးရက တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိပေ။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment