Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. Ayala Corp က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေ

(19 April 2013 ရက်စွဲပါ Fox Business မှ Ayala Corp: looking for Myanmar Investment Opportunities သတင်းကို ဘာသာပြန်ဆိုသည်)

  1. မငြိမ်သက်မှုများနောက်ကွယ်မှ ဘာသာရေးအစွန်းရောက်များ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့ မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွင် ပါဝင်ပတ်သက်ခဲ့

(The Japan Times News မှ 03.04.2013 ရက်စွဲပါ “Some members of the Buddhist clergy have been involved in the violence against Muslims” သတင်းကို ဘာသာပြန်ဆိုပါသည်။)


Ayala Corp က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေ

(19 April 2013 ရက်စွဲပါ Fox Business မှ Ayala Corp: looking for Myanmar Investment Opportunities သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by online

Ayala Corp စီးပွားရေးလုပ်ငန်းစုက အရှေ့တောင်အာရှနှင့် ချိတ်ဆက်မှုပိုမိုရရှိအောင် ပြင်ဆင်နေသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေနေပါသည်ဟု ယင်းလုပ်ငန်းစုဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်က ပြောကြားလိုက်ပါသည်။

ကြီးမားကျယ်ပြန့်သော ဖိလစ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးက မြန်မာနိုင်ငံတွင်ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် အခွင့်အလမ်းများ ရှာဖွေရန်အတွက် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း Jaime Augusto Zobel de Ayala က Ayala နှစ်ပတ်လည် အစည်းအဝေးပွဲအပြီး သတင်းအကျဉ်းချုပ်တင်ပြရာတွင် ပြောဆိုခဲ့သည်။

“ကျွန်တော်တို့မှာ ဒီစီးပွားရေးထဲကို တစ်စိတ်တပိုင်းအနေနဲ့ ပါဝင်ဖို့အတွက် ပြင်းပြတဲ့စိတ်ဝင်စားမှု ရှိနေပါတယ်”ဟု မစ္စတာ ဇိုဘယ်က ပြောပါသည်။

“အာဆီယံမှာ ကျွန်တော်တို့အကျိုးစီးပွား ကျယ်ပြန့်အောင်လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ၎င်းက ဆိုသည်။ အဖွဲ့ဝင် ဆယ်နိုင်ငံရှိသော အာဆီယံသည် ၂၀၁၅ တွင် လွတ်လပ်သောကုန်သွယ်မှုဧရိယာ ဖြစ်လာမည်ဖြစ်ပြီး မြန်မာနှင့် ဖိလစ်ပိုင်မှာ ယင်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍ၌ ပါဝင်ဆောင်ရွက်ခွင့်ရရန် Ayala သည် စင်္ကာပူကုမဏီနှင့်အတူ တင်ဒါပြိုင်ဆိုင်ထားသည်ဟု မစ္စတာ ဇိုဘယ်က ဆိုသည်။ Ayala နှင့် Singtel သည် Globe Telecom Inc. (GLO.PH) တွင် အကျိုးတူပူးပေါင်းထားသော ပါတနာများဖြစ်သည်။

ဖိလစ်ပိုင်တွင် Ayala သည် အစိုးရ၏ Public Private-Partnership program ၌ အထူးအားဖြင့်အခပေးလမ်းနှင့် လေဆိပ်စီမံကိန်းများတွင် လေလံဝင်ပြိုင်ထားသည်။ ၄ ကီလိုမီတာ အခပေးလမ်းတစ်ခု လေလံအောင်ခဲ့ပြီး ၇.၇ ကီလိုမီတာ အမြန်လမ်းအတွက် မယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

Ayala သည်Ayala လုပ်ငန်းစုကြီး၏ ပိုင်ဆိုင်မှု ဖွံ့ဖြိုးရေးကဲ့သို့ အခြားစီးပွားရေးများတန်ဖိုးတက်စေမည့် အစိုးရလေဆိပ်၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းစီမံကိန်းများကို အထူးသဖြင့် ပို၍ စိတ်ဝင်စားကြောင်း ယင်းလုပ်ငန်းစု၏ မဟာဗျူဟာနှင့် ဖွံ့ဖြိုးရေးဌာနမှူး John Eric Francia ကပြောကြားသည်။

ကုမဏီက ရင်းနှီးမြှုပ်နှံမှုအတွက် ၁ ဘီလီယံကို လျာထားကြောင်း၊ ယင်းမှ ပမာဏအတော်များများမှာ လတ်တလော ကြီးကြီးမားမားပြောင်းလဲနေသည့် စွမ်းအင်ကဏ္ဍအတွက် ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်နှစ်က ၃၂၅ မီလီယံ ဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ကျန်သည်များကို ၂၀၁၆ အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မစ္စတာ ဖရန်စီယာက ဆိုသည်။

စွမ်းအင်ကဏ္ဍ၏ ရည်မှန်းချက်မှာ မဂါဝပ်တစ်ထောင် ထုတ်လုပ်နိုင်သော နျူကလီယာမဟုတ်သောသမရိုးကျနှင့် သဘာဝအလျှောက်ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင် အသုံးပြု စက်ရုံလုပ်ငန်းများ တည်ထောင်ရန်ဖြစ်သည်။


မငြိမ်သက်မှုများနောက်ကွယ်မှ ဘာသာရေးအစွန်းရောက်များ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့ မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွင် ပါဝင်ပတ်သက်ခဲ့

(The Japan Times News မှ 03.04.2013 ရက်စွဲပါ “Some members of the Buddhist clergy have been involved in the violence against Muslims” သတင်းကို ဘာသာပြန်ဆိုပါသည်။)

စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှ လွန်မြောက်ပြီး နှစ်နှစ်အကြာတွင် မြန်မာနိုင်ငံသည် ဗုဒ္ဓ္ဓဘာသာဘုန်းကြီးများ ပါဝင်ပတ်သက်နေသည်ဟု ပညာရှင်များက ခြေရာခံမိထားသည့် ဘာသာရေးအစွန်းရောက်မှု အသွင်ဆောင်သည့် မွတ်စလင် ဆန့်ကျင်ရေး လှိုင်းလုံးများ ဖြစ်ပွားလျှက်ရှိသည်။

ဗလီများနှင့် စာသင်ကျောင်းများ ဖျက်ဆီးခံခဲ့ရသော လွန်ခဲ့သည့် နှစ်ပတ်က အကြမ်းဖက်မှုဖြစ်စဉ်တွင် မျက်မြင် သက်သေများက ထိုအဖြစ်အပျက်သည် စနစ်တကျ ကြိုတင်ကြံစည်မှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ပြောကြားသည်။

“မြန်မာပြည်ထဲမှာ မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်တွေနဲ့ ပဋိပက္ခတွေဖြစ်ပွားအောင် လှုံ့ဆော်နေတဲ့သူ တွေ ရှိနေတယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ အဲဒီထဲမှာ အယူဝါဒမတူညီမှုတွေကို သည်းခံခြင်းမရှိဘဲ မြန်မာပြည်မှ ဗုဒ္ဓဘာသာ ဝင်အများစုအပေါ် သြဇာကြီးတဲ့ ဘုန်းတော်ကြီးများက မွတ်စလင်မုန်းတီးရေး တရားတွေ ဟောနေကြတာလဲ ပါ ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) မှ ဂျင်မ်ဒဲလား ဂီယာကိုမာ (Jim Della-Giacoma) က ဆိုပါသည်။

“မွတ်စလင်အိမ်နီးချင်းတွေ ပြိုလဲပျက်စီးခဲ့ရမှုတွေဟာ စနစ်တကျ နည်းလမ်းတွေ သုံးပြီး အဖျက်ဆီးခံခဲ့ရတာပါ၊ အဲဒါဟာ နောက်ထပ် လူမျိုးရေးပြဿနာတွေကို ရည်ရွယ်ချက်ရှိရှိ ကြံစည်ဖန်တီးဖို့ နည်းလမ်းပေးနေသလိုပါပဲ” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

တချိန်က ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ဦးဆောင်သူအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူ အများစုရှိသည့် မြန်မာပြည်သူများ၏ ကိုးကွယ်လေးစားခြင်းခံရသည့် ဘုန်းကြီးများသည် ယခုဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှု များတွင် ပါဝင်ပတ်သက်ခဲ့သည်။

ဘုန်းကြီးအချို့က အကြမ်းဖက်မှုတွင် ပါဝင်နေခဲ့ပြီး အခြားသူများက မွတ်စလင်များပိုင်ဆိုင်သော ဆိုင်များကို ဖျက်ဆီးခဲ့ကြကာ၊ အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်သောသူများ၏ အမှတ်အသားဖြစ်သည့် ၉၆၉ စတစ်ကာများ ကပ်ထားသော ဗုဒ္ဓဘာသာဝင်များ၏ ဆိုင်များကိုမူ ဝင်ရောက်ကြည့်ရှုရုံ မျှသာ ပြုလုပ်သွားကြသည်။

"ရန်သူကို ကျရှုံးလို့ကတော့ ကျွန်ုပ်တို့ရဲ့ နိုင်ငံသားတွေ၊ ဘာသာစကားနဲ့ ကိုးကွယ်ယုံကြည်မှုတွေ အားလုံး ပျက်စီးသွားလိမ့်မယ်" ဟု မန္တလေးမှ မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးတစ်ပါးဖြစ်သူ ဦးဝီရသူက အဖြစ်အပျက်များအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် လတ်တလောတွင် မှတ်ချက်ပြုပြောကြားသည်။

“သူတို့ဟာ ဒီငွေကြေးတွေနဲ့ မိန်းကလေးတွေကို ဝယ်ယူပြီး အတင်းအကျပ်ဘာသာပြောင်းခိုင်းတယ်။ မွေးလာတဲ့ ကလေးတွေအားလုံးဟာလည်း ဒီနိုင်ငံကို အန္တရာယ်ပေးမှာပဲ။ သူတို့တွေဟာ ဘာသာစကားတွေ၊ ကိုးကွယ်ယုံကြည်မှု တွေကို ဖျက်ဆီးလိမ့်မယ်” ဆိုသည့် ၎င်း၏ စကားသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

လူထုအခြေပြုအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များထဲမှ သဘောထားပျော့ပြောင်းသူများက ဗုဒ္ဓဘာသာအများစု နေထိုင်သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပေါ် အရိပ်မည်းထိုးလျှက်ရှိသည့် ဤအကြမ်းဖက်မှုကို ထိန်းသိမ်းရန် ဆော်သြနေလျှက် ရှိနေသည်။

“ကျွန်တော်တို့အားလုံး ဒီလို ဆိုးရွားလှတဲ့လူတစ်စုရဲ့ အကြမ်းဖက်ရမ်းကားမှုကို တွန်းလှန်ကြဖို့လိုပါတယ်” ဟု ရန်ကုန်မြို့နေ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် “Pray For Myanmar” အဖွဲ့ကို တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်း က ဆိုပါသည်။

၎င်းက ဆက်လက်၍ “ကျွန်တော်တို့တတွေဟာ လူမျိုးရေးနဲ့ဘာသာရေး အဓိကရုဏ်းတွေကို ကာကွယ်ရမှာပါ” ဟု ထပ်မံပြောကြားသည်။

လတ်တလောဖြစ်ပွားခဲ့သော ပဋိပက္ခမှာ မတ်လ (၂၀) ရက်နေ့က မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် စတင်ခဲ့သော အငြင်းပွားမှုမှ  စတင်ခဲ့ခြင်းဖြစ်ပြီး ထိန်းချုပ်ရန်ခက်ခဲသော အကြမ်းဖက်မှုအဖြစ်သို့ လျှင်မြန်စွာ ကူးစက်သွားခဲ့သည်။

ထိုမှတဆင့် လက်နက်များကိုင်ဆောင်ထားသော လူအုပ်စုများသည် တစ်မြို့ပြီးတစ်မြို့လိုက်လံ၍ မွတ်စလင်များ ၏ ဗလီများနှင့် နေအိမ်များကို ဖျက်ဆီးခဲ့ကြသည်။

ထိုအကြမ်းဖက်မှုသည် ယမန်နှစ်က ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အနည်းဆုံး လူ (၁၈၀) သေဆုံးခဲ့ရသည့် ဗုဒ္ဓဘာသာ-မွတ်စလင် အဓိကရုဏ်း၏ နောက်ဆက်တွဲဖြစ်သည်။ ထိုဒေသရှိ လူနည်းစု မွတ်စလင်များမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ဝင်ရောက်လာသူများဟု သတ်မှတ်ခြင်း ခံထားရသူများဖြစ်သည်။

ရိုဟင်ဂျာများကို အဓိက ပစ်မှတ်ထားသော မွတ်စလင်ဆန့်ကျင်ရေး အမုန်းမီးသည် လူမှုကွန်ယက်စာမျက်နှာ ဝက်ဘ်ဆိုဒ်များသို့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ရိုဟင်ဂျာများသည် မြန်မာအစိုးရ၏ နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခြင်းကို ကာလရှည်ကြာခံစားခဲ့ရပြီး ၎င်းတို့ကို "ဘင်္ဂါလီများ" ဟု သမုတ်ခြင်းခံနေရသည်။

မည်သို့ပင်ဖြစ်စေ လတ်တလောတွင် အကြမ်းဖက်မှုသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် နိုင်ငံတို့မှ ပြောင်းရွှေ့လာခဲ့ကြသော မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ခုကျော် နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသား မွတ်စလင်များကိုပါ ပစ်မှတ်ထားခံနေရသည်။

မွတ်စလင်အားလုံးကို ဆန့်ကျင်သည့် ဘုန်းကြီး အရှင်ဝီရသူ က "၉၆၉" လှုပ်ရှားမှုသည် လတ်တလော ဖြစ်ပွားခဲ့ သည့် မငြိမ်မသက်ဖြစ်ခြင်းများနှင့် မပတ်သက်ဟု ငြင်းဆိုခဲ့သည်။

"ကျွန်တော်တို့ဟာ ရခိုင်တိုင်းရင်းသားဗုဒ္ဒဘာသာဝင်တွေကို အကြမ်းဖက်နေတဲ့ ဘင်္ဂါလီတွေကိုပဲ ပစ်မှတ်ထားတာ ပါ။ ကိုယ့်နိုင်ငံထဲကို ဝင်လာပြီး ကိုယ့်နိုင်ငံသားတွေ၊ ဘာသာစကားတွေ၊ ကိုးကွယ်ယုံကြည်မှုတွေကို စော်ကားလာတဲ့ ဘင်္ဂါလီတွေကို ကာကွယ်ဖို့ကိုသာ တရားဟောနေတာပါ" ဟု ယင်းကဆိုသည်။

မြန်မာနိုင်ငံသို့လာရောက်သော ကုလသမဂ္ဂ လူ့အခွင့်အရေးသံတမန် "သောမတ်စ်အိုဂျေကွင်တားနား" (Thomas Ojea Quintana) က "လုံခြုံရေးတင်းကျပ်မှု မဆောင်ရွက်နိုင်ခြင်းက ပြဿနာကို ပိုမိုကြီးထွားစေပြီး ထိုအကြမ်းဖက်မှုတွင် အစိုးရကပါ ပါဝင်ပတ်သက်နေသည်”ဟူသည့် ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းပယ်ခဲ့သည်။

ကြာသာပတေးနေ့က သမ္မတဦးသိန်းစိန်သည် ရုပ်မြင်သံကြားမှတဆင့် နိုင်ငံကို မိန့်ခွန်းပြောရာတွင် နိုင်ငံရေးအမြတ်ထုတ်သူများနှင့် ဘာသာရေးးအစွန်းရောက်များကို သည်းခံမည်မဟုတ် ဟု ပြောကြားခဲ့သည်။

“ဒါဟာ ရဲ့ရင့်ပြတ်သားတဲ့ မိန့်ခွန်းပါ” ဟု တသီးပုဂ္ဂလ လေ့လာသူ “Mael Raynaud” က ဆိုသည်။

“မြန်မာသမ္မတရဲ့ တိုင်းပြည်ကိုပြောတဲ့ မိန့်ခွန်းထဲက ဘာသာရေးအစွန်းရောက်တွေဆိုတာ ဗုဒ္ဓဘာသာဘုန်းကြီး တွေကို ရည်ညွှန်းတာ ထင်ရှားပါတယ်။ ဒါမျိုးပြောဆိုမှုကို အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး” ဟု ၎င်းက ထပ်မံပြောဆိုသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment