Transparency Myanmar

transparency.myanmar@gmail.com

နာမည်ကျော် အမေရိကန် ဘောဂဗေဒ ပညာရှင် Joseph Stiglitz တစ်ယောက် အာရှ ဆန်အိုးကြီး ဖြစ်သည့် မြန်မာပြည်၏ စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေးအတွက် အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့သည်။ မြန်မာ တပ်မတော် အစိုးရ၏ ပေါ်လစီများကို လုံးလုံးလျားလျား လက်သင့် မခံလိုသော ပုံစံဖြင့် သွားရောက်ခဲ့သည် မှာလည်း ထင်ရှားလှ သည်။

မြန်မာ အစိုးရ အရာရှိကြီးများကို ပေးပို့သော အစီရင်ခံချက်တွင် Stiglitz က မြန်မာနိုင်ငံ၌ ပညာရေး၊ ကျန်းမာရေး နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု ဆိုင်ရာ အခွင့်အရေး တို့အတွက် လိုအပ်ချက်များကို ထုတ်ဖော် တင်ပြခဲ့သည်ကို DVB က တွေ့ရှိလိုက် ရပါသည်။ Stiglitz က အားနည်းချက် ရှိသော ကိစ္စများကို ကာကွယ်နိုင်ရေး အတွက် အလေးအနက်ထား တင်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် ပညာရေး အခန်းကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံမှု အနည်းဆုံး လုပ်သော နိုင်ငံဖြစ်သည် ဟူသော အချက်ကို Stiglitz တစ်ယောက် သိရှိလာပါလိမ့်မည်။

မစ္စတာ Stiglitz ၏ မြန်မာပြည် ခရီးစဉ် အတွင်းမှာပင် ဘောဂဗေဒ ပညာရှင်များက မြန်မာနိုင်ငံတွင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု အခွင့်အရေး၊ ဘဏ္ဍရေးစနစ်တို့နှင့် ပတ်သက်ပြီး လုံခြုံမှု အင်မတန် လျော့နည်းသောကြောင့် စီးပွားရေး တိုးတက်မှုကို အလွန်အမင်း ထိခိုက်လျက် ရှိသည် ဟု ပစ်ပစ်ခါခါ ဝေဖန်ကြသည်။

"ဒီအိုင်ဒီယာတွေနဲ့ ခွဲခြမ်း လေ့လာမှုတွေကြောင့် မူဝါဒရေးရာ ဆွေးနွေးမှုတွေ ထွက်ပေါ် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ မဟာမိတ် ဖွဲ့မှုအတွက် ပိုမို နက်ရှိုင်းတဲ့ အရေးကိစ္စတွေ ထွက်ပေါ်လာလိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်" ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး လက်အောက်ရုံးမှ Noeleen Heyzer က နေပြည်တော်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ပြောကြားသည်။

အမှန်စင်စစ် ယခု ခရီးစဉ်တွင် မစ္စတာ Stiglitz သည် မြန်မာနိုင်ငံတွင်း ထင်သာမြင်သာ ရှိသော စည်းမျဉ်း စည်းကမ်းများနှင့် စီးပွားရေးတွင် တစ်ပြေးညီ ယှဉ်ပြိုင်နိုင်မည့် အနေအထားမျိုး ထွက်ပေါ်လာရေးအတွက် အလေးအနက်ထား တိုက်တွန်းခဲ့သည်။ Stiglitz ထောက်ပြသည့် အချက် နှစ်ချက်သည် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော တပ်မတော် အစိုးရ၏ ဝန်ကြီးနှစ်ပါး ဖြစ်သော လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးနှင့် အမျိုးသား စီးပွားရေး စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး တို့အတွက် အတော်အတန်ပင် ထူးဆန်း အံ့ဩဖွယ် ကိစ္စများ ဖြစ်နေပေလိမ့်မည်။ အကြောင်းမှာ သူပြောသည့် နှစ်ချက်စလုံးမှာ နိုင်ငံတော်က ထိန်းချုပ် ကိုင်တွယ်ထားသော ကိစ္စများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။  တပ်မတော် အစိုးရ၏ အာဘော် New Light of Myanmar သတင်းစာက ဆွေးနွေးပွဲတွင် Stiglitz ပြောသော အချက် နှစ်ချက်ကို ဦးစားပေး ရေးသား ဖော်ပြခြင်း မရှိခဲ့သည်မှာ ဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။

မည်သည့်​ နိုင်ငံတွင်မဆို နိုင်ငံရေးနှင့် ဘောဂဗေဒ လုံးလုံးလျားလျား ခွဲခြားထား၍ မရနိုင်ကြောင်း သူက မြန်မာနိုင်ငံတွင် ပမာဏ အမြောက်အမြား ရှိသော သဘာဝဓာတ်ငွေ့ ကိစ္စ အကြောင်း မပြောမီ သတိပေး ပြောဆိုခဲ့သည်။

ထို့နောက် Stiglitz က မြန်မာနိုင်ငံတွင်း သဘာဝ သယံဇာတများ အရေးကိစ္စကို ပိုမို အရှိန်မြှင့်၍ အစီရင်ခံ သုံးသပ်ခဲ့သည်။ ကျိန်စာသင့်စေသည့် သဘာဝ သယံဇာတ ရင်းမြစ်များ ဟု သူက ခေါင်းစဉ် တပ်လိုက်ပြီး အာဖရိက နိုင်ငံများမှ ဖြစ်ရပ်များကို သာဓကပြ ညွှန်းဆိုခဲ့သည်။ အာဖရိကတွင်မူ သဘာဝ သယံဇာတများနှင့် ရင်းမြစ်များမှာ လက်တစ်ဆုပ်စာမျှသာ ရှိသော အီလစ်အသိုင်း၏ ကြိုးကိုင် ခြယ်လှယ်မှုကိုသာ ခံရသည်။

မြန်မာကဲ့သို့သော နိုင်ငံများတွင် အဆိုပါ အရေးကိစ္စမှာ နိုင်ငံတော် အရေးကိစ္စ တစ်ခုမျှသာ ဖြစ်ကြောင်း၊ သို့သော် ခြွင်းချက်များ ထားရှိရမည် ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောဆိုသည်။

"တကယ်လို့ နိုင်ငံ တစ်နိုင်ငံဟာ အခြား တစ်နေရာမှာ ဥစ္စာဓနကို ရင်းနှီး မြှုပ်နှံမှု မလုပ်ဘူး ဆိုရင် စီးပွားရေး တိုးတက်မှုဟာ ရေရှည်ခံဖို့ မလွယ်ပါဘူး" ဟု သူက ပြောသည်။

တကယ်တမ်း ပြောရပါက မြန်မာအစိုးရသည် Stiglitz ထုတ်ဖော် သတိပေးခဲ့သည့် အချက်များကို အလေးအနက် ထားမည့်သူ မဟုတ်ပေ။ မိမိသည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပေးသော အကြံဉာဏ် ကောင်းများကိုလည်း ရယူသူ တစ်ဦး ဖြစ်သည် ဟူသော အချက်ကို ထုတ်ဖော် ပြသရုံ သက်သက်သာ ဖြစ်လေသည်။ ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်ကလည်း နာမည်ကျော် ဘောဂဗေဒ ပညာရှင် Jeffrey Sachs လည်း ထိုနည်းအတိုင်းပင် စစ်အစိုးရကို လာရောက် အကြံဉာဏ် ပေးခဲ့ဖူးသည်။

ယခု ဆွေးနွေးပွဲတွင် Stiglitz အနေဖြင့် အိုင်ဒီယာကောင်းများ ရှိကောင်း ရှိခဲ့ပါလိမ့်မည်။ သို့သော် ပြောသမျှ တစ်လုံးတစ်ဘာသာမှ နားမလည် နိုင်သူများကို မဟာ အိုင်ဒီယာကြီးများ ချပြပေးခဲ့ခြင်း ဖြစ်သည်။ ဆိုရလျှင် Stiglitz သည် နားမကြားသူများကို သာယာ နားဝင်ချို သည့် တေးသံသာများ တီးခတ်ပြနေခဲ့သည့် ပုံစံမျိုးသာ ဖြစ်ခဲ့ရသည်။

ဤသို့ဆိုပါက မြန်မာအစိုးရနှင့် ပြည်သူလူထု လက်တွဲပြီး ခိုင်မာသော စီးပွားရေးစနစ် တစ်ခု ဖော်ထုတ်နိုင်အောင် Stiglitz က ကောင်းစွာ ပြောဆို နားချ နိုင်ခဲ့သည်ဖြစ်စေ၊ နားမချနိုင်ခဲ့သည် ဖြစ်စေ မြန်မာနိုင်ငံတွင်း တိုးတက်မှုမှာ လွန်စွာ နှေးကွေးနေပြီး Stiglitz ၏ခရီးစဉ်သည် အချည်းအနှီးသာ ဖြစ်သည် ဟူသော အချက်ကို မြန်မာ့စီးပွားရေးကပင် သက်သေ ပြသွားပါလိမ့်မည်။

DVB ၏ ခေါင်းကြီးပိုင်း ဖြစ်သော Is Stiglitz speaking the obvious to deaf ears? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, Simon Roughneen, 16th - Dec - 2009

ပြုံးယမ်းနှင့် နေပြည်တော် စစ်အစိုးရကြားတွင် လက်နက်ဝယ်ယူရေး သဘောတူညီချက်များ ရှိနေသော်လည်း ယခု ဘန်ကောက်တွင် ကြားဖြတ် ဖမ်းဆီးရမိသော လက်နက်တင် လေယာဉ်မှာမူ မြန်မာနိုင်ငံသို့ ဦးတည်နေခြင်း ဟုတ်ပုံ မရပါ။ ယခုနှစ် ဇွန်လက လာရောက်ခဲ့သော သီရိလင်္ကာ သမ္မတ မာဟင်ဒါ ရာဂျာပတ်ခ်ဆာ ၏ မြန်မာ ခရီးစဉ်ကို အတုံ့အလှယ် သဘောဖြင့် မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာသို့ နိုဝင်ဘာလက သွားရောက်ခဲ့ပါသည်။

လျှို့ဝှက် သယ်ဆောင်လာသော လက်နက်များ၏ နောက်ဆုံး ဆိုက်ရောက် နေရာကိုမူ အတိအကျ မသိရသေးပါ။ လေယာဉ် အမှုထမ်းများက သီရိလင်္ကာတွင် ရပ်နားဆီဖြည့်မည် ဖြစ်ပြီး ယူကရိန်းတွင် နောက်ဆုံး ဆင်းသက်မည်ဟု အခိုင်အမာ ပြောဆိုနေသော်လည်း လမ်းခရီး တစ်နေရာတွင် လက်နက်များ ချထားခဲ့မည့် အချက်မှာ ထင်ရှားနေပါသည်။ သီရိလင်္ကာ အာဏာပိုင်များက အဆိုပါ လေယာဉ် ၎င်းတို့ နိုင်ငံတွင် ရပ်နားမည့် ကိစ္စနှင့် ပတ်သက်၍ ဘာမှ မသိကြောင်း ငြင်းဆိုခဲ့ပါသည်။

ထိုင်းအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ပါနီတန် ဝါတာနာယာဂွန်ကမူ ၎င်းလေယာဉ်သည် အရှေ့ အလယ်ပိုင်းဒေသတွင် ဆင်းသက်၍ လက်နက် ပစ္စည်းများ ချထားရန် အစီအစဉ် ရှိသည်ဟု ဆိုပါသည်။

ယခုနှစ် စောစောပိုင်းက UAE အာဏာပိုင်များသည် ဘာရိန်း အလံလွှင့်ထူထားသော သင်္ဘောတစ်စင်းပေါ်မှ မြောက်ကိုရီးယား လက်နက် ကွန်တိန်နာ (၁၀) လုံးခန့် ဖမ်းဆီးရမိခဲ့သည်။ အီလူးရှင်း (၇၆) ကုန်တင်လေယာဉ် ကဲ့သို့ပင် ရေနံတွင်းတူး ကိရိယာများဟု လိမ်ညာ ဖော်ပြထားပါသည်။ အဆိုပါ လက်နက်များသည် အီရန်သို့ ပို့ဆောင်မည်ဟု ယူဆရပါသည်။

အခြား မှန်းဆချက် တစ်ရပ်ကမူ အာဖရိကသို့ ပို့ဆောင်မည်ဟု ဆိုပါသည်။ ဆူဒန်သည်လည်း ကုလသမဂ္ဂ လက်နက် ကုန်သွယ်ရေး တားမြစ်ချက် ပြစ်ဒဏ် ချမှတ်ထားသော နိုင်ငံဖြစ်ပြီး တရုတ်နှင့် ရုရှားထံမှ လက်နက် အများစုကို ရရှိနေပါသည်။ ထို့အပြင် အီရန်၊ မြန်မာ စသော အာဏာရှင် နိုင်ငံများနှင့် ယခုနှစ်များအတွင်း ပိုမို ရင်းနှီးစွာ ဆက်ဆံလာသည်ကို တွေ့ရပါသည်။

တစ်နှစ်လျှင် ဒေါ်လာ (၁) ဘီလျံခန့် ရရှိနေသော မြောက်ကိုရီးယား လက်နက် မှောင်ခိုဈေးတွင် အီရန်နှင့် မြန်မာသည် အဓိက ဝယ်ယူသော ဖောက်သည်များ ဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်သူ အာဏာရှင် နိုင်ငံများအုပ်စုသည် လက်နက် မှောင်ခို ရောင်းဝယ်ရေး လုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက် နေကြကြောင်း မှန်းဆချက်များ ထွက်ပေါ်လာပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍတွင် အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်ရေးများကို ဆွေးနွေးရန် ဆူဒန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် လာရောက်ခဲ့ကြောင်း မြန်မာအစိုးရ အာဘော် The New Light of Myanmar သတင်းစာက ဖော်ပြခဲ့ပါသည်။ ဆူဒန်နှင့် မြန်မာသည် တရုတ်နိုင်ငံအတွက် စွမ်းအင် ရင်းမြစ်များ ဖြည့်ဆည်းပေးနေသော နိုင်ငံများဖြစ်၍ နေပြည်တော်နှင့် ခါတွန်ကို နိုင်ငံတကာ အရေးယူ ပိတ်ဆို့ထားမှုကြောင့် အနောက်နိုင်ငံ ပြိုင်ဘက်များ နောက်ကောက် ကျနေချိန်တွင် တရုတ်က အထက်ပါ စွမ်းအင် လမ်းကြောင်းများကို ရယူ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာကဲ့သို့ပင် ဆူဒန်သည်လည်း လာမည့်နှစ်တွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ပြီး ရေနံကြွယ်ဝရာ ဆူဒန်တောင်ပိုင်းသည် မကြာမီ လွတ်လပ်သော ဒေသအဖြစ် ခွဲထွက်လိမ့်မည်ဟု မှန်းဆမှုများ ရှိနေသော်လည်း ခါတွန်က စစ်အင်အား အသုံးပြု၍ နှိမ်နင်းမည့် သဘောရှိပါသည်။

ကုန်တင်လေယာဉ်၏ ခရီးလမ်းဆုံးအဖြစ် နောက်ထပ် မှန်းဆထားသည့် အီရီထရီယာ နိုင်ငံသည် မြောက်ကိုရီးယား ကင်ဂျုံအီး အာဏာရှင် အစိုးရနှင့် ရင်းနှီးသော ပဒေသရာဇ် နိုင်ငံတစ်ခု ဖြစ်ပြီး အီသီယိုးပီးယားနှင့် မဖြေရှင်းနိုင်သော နယ်စပ် ပြဿနာများ ရှိနေသော ဆိုမာလီယာရှိ အစ္စလာမ်မစ် အုပ်စုငယ်များကို ထောက်ပံ့နေသော နိုင်ငံ ဖြစ်ပါသည်။

အဆိုပါ တရားမဝင် လက်နက်များ တင်ဆောင်လာသော လေယာဉ်နှင့် ပတ်သက်သော သတင်းကို အမေရိကန်မှတဆင့် ထိုင်းအာဏာပိုင်များ ရရှိခဲ့သည် ဟူသော ထိုင်းမီဒီယာများ၏ ဖော်ပြမှုကို ထိုင်းအစိုးရနှင့် အမေရိကန်က မှတ်ချက် မပေးသေးပါ။

မည်သို့ပင် ဖြစ်စေ ဘန်ကောက် ဒွန်မောင်းလေဆိပ်သို့ ဆင်းသက် ရပ်နားခဲ့ခြင်းနှင့် ပတ်သက်၍ အတိအကျ မသိရသေးပါ။ ပြုံးယမ်းမှ လက်နက်များ တရားမဝင် သယ်ဆောင်လာသော လေယာဉ်သည် ထိုင်းနိုင်ငံတွင် ရပ်နားခဲ့ခြင်းမှာ မိုက်မဲသော လုပ်ရပ်သာ ဖြစ်ပါသည်။ အကြောင်းမှာ ထိုင်းနှင့် အမေရိကန်ကြားတွင် အလွန် ရင်းနှီးသော စစ်ရေးနှင့် ထောက်လှမ်းရေး ဆက်ဆံမှု လမ်းကြောင်းများ ရှိနေသောကြောင့် ဖြစ်ပါသည်။

အရေးယူ ပိတ်ဆို့မှုများသည် လက်နက်များ တရားမဝင် ပျံ့နှံ့ခြင်းကို တားဆီးနိုင်သည် ဆိုသည့် အချက်ကို ယခုကိစ္စက ညွှန်ပြနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကသာ အတူတကွ ပူးပေါင်း ရပ်တည်ပါက အလွန်ခိုင်မာ အားကောင်းသော ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်သည့် အချက်ကိုပါ ထင်ဟပ်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဘန်ကောက်၏ ဖမ်းဆီးမှုကို ချီးကျူး ဂုဏ်ပြုလိုက်ပါသည်။

ဆွီဒင် အခြေစိုက် လက်နက် စောင့်ကြည့် စစ်ဆေးရေး အဖွဲ့အစည်း SIPRI မှ ကျွမ်းကျင်သူများက အဆိုပါ လေယာဉ်နှင့် ဘန်ကောက် အကျဉ်းထောင်တွင်းမှ ဗစ်တာဘောက်နှင့် ဆက်နွယ်နေသော လက်နက်ကုန်သည်ကို ခြေရာခံ နေပါသည်။ ဆားဗီးယား လက်နက်ကုန်သည် တိုမီဆလက်ပိမ်ဂျာနိုဗစ် နှင့် ဆက်နွယ်နေသော ဘိုက်ကားစ် ကုမ္ပဏီ၏ အောက်တွင် အဆိုပါ လေယာဉ်ကို လတ်တလော မှတ်ပုံတင်ထားကြောင်း သတင်းများ ပေါ်ထွက်လာပါသည်။

SIPRI နှင့် ကုလသမဂ္ဂ သတင်းများအရ အဆိုပါ လေယာဉ်၏ ယခင် ပိုင်ရှင်ဟောင်းများသည် လစ်ဗျား၊ ဆီရီယာ၊ လီယွန်၊ ကွန်ဂို၊ ဆိုဖာလီယာ၊ ဆူဒန်နှင့် ချဒ် နိုင်ငံများသို့ လက်နက်များ တရားမဝင် သယ်ဆောင် ရောင်းဝယ်ခဲ့ကြသည်ဟု သိရပါသည်။ အမေရိကန် ငွေတိုက်ဌာန၏ စစ်ဆေး တွေ့ရှိချက်အရ အဆိုပါ လေယာဉ်ကို ယခင်က ကုမ္ပဏီ (၃) ခု နာမည်ဖြင့် မှတ်ပုံ တင်ထားကြောင်း တွေ့ရှိရပြီး ၎င်းတို့ကို ထိန်းချုပ်ထားသူ ဗစ်တာဘောက်မှာ ကမ္ဘာတစ်ဝှမ်းရှိ အကြမ်းဖက် အဖွဲ့အစည်းများနှင့် သူပုန်အဖွဲ့များကို လက်နက် ဖြည့်ဆည်း ရောင်းချပေးသူ ဖြစ်၍ သေမင်းတမန် ကုန်သည်ဟု အမည်ပေးခြင်း ခံရသူ ဖြစ်သည်။

ယခင်နှစ် မတ်လက ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိသူ ဗစ်တာဘောက်သည် အကြမ်းဖက် အဖွဲ့များနှင့် ဆက်နွယ်သည့် အမှု (၄) မှုဖြင့် နယူးယောက်တွင် တရားစွဲဆိုခြင်း ခံထားရပြီး ၎င်းကို ထိုင်းမှ လွှဲပြောင်း ရယူရန် အမေရိကန်က ကြိုးစားနေပါသည်။

၂၀၀၉ ခုနှစ် အစောပိုင်းက မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဟု သံသယဖြစ်ဖွယ် လက်နက်များ တင်ဆောင်ထားသည့် မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်ခဲ့သောကြောင့် နောက်လှည့် ပြန်သွားခဲ့ဖူးပါသည်။ မြောက်ကိုရီးယားသည် မြန်မာအစိုးရကို သမားရိုးကျ လက်နက်များ ရောင်းချ ဖြည့်ဆည်းပေးနေပြီး နျူကလီးယား လက်နက်ပိုင်ရှင် ကွန်မြူနစ် မြောက်ကိုရီးယားသည် နေပြည်တော်သို့ နျူကလီးယား နည်းပညာများ ဝေမျှနေသည်ဟု တချို့က မှန်းဆနေကြပါသည်။ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာမှ ပညာရှင် Victor Cha က မြန်မာနိုင်ငံသည် ယခုအခါ မြောက်ကိုရီးယားမှ ပေးပို့သော လက်နက်များကို သတိကြီးစွာ ထား၍ လက်ခံနေသည်ဟု ဆိုပါသည်။ မြန်မာအစိုးရအား ပိတ်ဆို့ထားသော အရေးယူမှုများတွင် နိုင်ငံတကာ လက်နက် ကုန်သွယ်ရေး တားမြစ်ချက် မပါဝင်သောကြောင့် အရှေ့တောင်အာရှတွင် အကြီးဆုံးဟု ယူဆရသော ၎င်း၏ တပ်မတော်ကို လက်နက် တပ်ဆင်ရန်အတွက် တရားမဝင် မှောင်ခို လက်နက် ကုန်သွယ်ရေးကို မှီခိုစရာ မလိုပါ။

မြောက်ကိုရီးယားသည် ဘာတွေကို ဘယ်လိုနည်းနဲ့ ရောင်းနေသလဲဟူသော အချက်နှင့် ပတ်သက်၍ တိကျသော သုံးသပ်ချက်များကို Victor Cha က အသိအမှတ်ပြုခဲ့ပြီး ဘယ်သူ့ကို ဆိုသော အချက် ကျန်နေသည်မှာ မဖြစ်နိုင်ဟု ဆိုပါသည်။ တစ်နှစ်တာ လက်နက် ရောင်းဝယ်မှု ပမာဏ ဒေါ်လာ (၁) ဘီလျံခန့် ရှိသည့် မြောက်ကိုရီးယားအတွက် ယခု ဘန်ကောက် ဖမ်းဆီးမှုမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်ခန့်သာ ရှိပါသည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် လတ်တလော တရုတ် ခရီးအပြီးတွင် ဘီဂျင်း ကာကွယ်ရေးဝန်ကြီး သွားရောက်ခဲ့ခြင်းကို Cha က ကိုးကားလိုက်ပြီး တရုတ်သည် မြောက်ကိုရီးယား လက်နက်တင်လေယာဉ်များ ဆီဖြည့် ရပ်နားသည့် ကိစ္စကို စိုးရိမ် ပူပန်ပုံ ရကြောင်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံကို ဖြတ်သန်း၍ မြောက်ကိုရီးယားသည် မကြာခဏ လက်နက်များ ပို့ဆောင်ပုံ ရကြောင်း မှန်းဆ သုံးသပ်လိုက်ပါသည်။ မြောက်ကိုရီးယားတွင် စီးပွားရေး ဘုံးဘုံးလဲပြီး မငြိမ်မသက် ဖြစ်မည်ကို တရုတ်က စိုးရိမ် ပူပန်နေပြီး၊ ပြုံးယမ်းကလည်း ပြည်ပငွေမာ ရရှိရန်အတွက် တရားမဝင် လက်နက် ရောင်းဝယ်ရေးကို မှီခို နေရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Radio Nether lend World Wide, 12th - Dec - 2009

မြန်မာနိုင်ငံမှ စစ်အာဏာရှင် အစိုးရသည် ကရင် တိုင်းရင်းသားများ ကဲ့သို့သော ၎င်း၏ ပြည်သူများကို တိုက်ခိုက်နေခြင်းကြောင့် မကြာခဏ စွပ်စွဲခြင်း ခံနေရပါသည်။

ယခုအခါ မြန်မာနိုင်ငံ အရှေ့ပိုင်း တစ်ခုတည်းမှ ကျေးလက်ဒေသများတွင်ပင် နေစရာ မရှိဖြစ်နေသူ ပြည်သူ (၅) သိန်းခန့် ရှိပါသည်။ ၎င်းတို့သည် စစ်ဖြစ်လုနီးပါး နယ်မြေများအတွင်း နေထိုင်သူများဖြစ်၍ နေရာ ရွှေ့ပြောင်းကြရခြင်း ဖြစ်သည်။ အများစုမှာ ရွာသားများ ဖြစ်ကြပြီး စစ်ပွဲဇုံနယ်မြေအတွင်း မသေချာသော အနာဂါတ်ကြောင့် ၎င်းတို့၏ လယ်ယာများ၊ နေအိမ်များကို စွန့်ခွာရန် အတင်းအကြပ် ဖယ်ရှားခြင်း ခံရပါသည်။

စိုက်ပျိုး၍  မရဘဲ ခက်ခဲသည့် တောင်တန်းနယ်မြေများတွင် ဘဝကို ရုန်းကန် နေထိုင်သူ ကရင် ပြည်သူ (၂) သိန်းခန့် ရှိပါသည်။ ယခုအခါ ထောင်ပေါင်း များစွာသော စစ်သားများ ရောက်ရှိလာကာ ၎င်းတို့အား နယ်မြေအတွင်းမှ မောင်းထုတ် ဖယ်ရှားနေပါသည်။ ဤကိစ္စမှာ ထောက်ပံ့ခြင်း မပြုနိုင်သော ကြီးမားလှသည့် အောက်ခြေ တပ်ဖွဲ့များကို ထိန်းသိမ်းနိုင်ရန် သေချာစွာ စီစဉ်ထားသော တပ်မတော်၏ မဟာဗျူဟာပင် ဖြစ်ပါသည်။ နေစရာ မရှိတော့သော ရွာသားများသည် နေစရာရရန် စစ်တပ်ကို မှီခိုရပြီး အပြန်အလှန်အားဖြင့် စစ်တပ်ကို ကျွေးမွေးခြင်း၊ အလုပ်လုပ် ပေးရခြင်းတို့ပင် ဖြစ်ပါသည်။ သို့ရာတွင် မကြာခဏ အများဆုံး ဖြစ်ပွားသည်မှာ ရွာသားများအား မောင်းထုတ်ပြီး နေအိမ်နှင့် ပိုင်ဆိုင်မှုများကို သိမ်းယူလိုက်ခြင်းပင် ဖြစ်သည်။

ကရင်တို့နှင့် လူမျိုးကြီး မြန်မာစစ်တပ်တို့၏ တိုက်ပွဲများသည် ဒုတိယ ကမ္ဘာစစ် အပြီးမှပင် စ၍ ဖြစ်ပွားခဲ့ပြီး ကမ္ဘာပေါ်ရှိ ပြည်တွင်း ပြဿနာများတွင် အရှည်ကြာဆုံး ဖြစ်ပွားနေသည့် ပြဿနာတစ်ခု ဖြစ်၍ ကရင်တို့သည်လည်း အလွန် ထိရောက်သော လူ့အဖွဲ့အစည်း ကွန်ရက်တစ်ခု အဖြစ် တိုးတက် ပြောင်းလဲခဲ့ပါသည်။ ဝေးလံလှသော ကျေးရွာများသို့ ထောက်ပံ့ရန်နှင့် ဒုက္ခသည် အသစ်များကို ကူညီ၍ လူ့အဖွဲ့အစည်းသစ် တစ်ခု ဖွဲ့စည်းပေးရန်အတွက် စေတနာ့ ဝန်ထမ်းများမှာ အသင့် စုစည်းပြီးသား ဖြစ်ပါသည်။ အဆိုပါ ဒေသတွင် အနေကြာခဲ့သူ သတင်းထောက် Phil Thornton က ပြောကြားရာတွင် ၎င်း၏ လေ့လာ သုတေသန ပြုမှုများအရ စစ်တပ်က တမင် ကျင့်သုံးသော မဟာဗျူဟာ၏  တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ဆိုပါသည်။

ကျေးရွာ ခေါင်းဆောင်များကို ဒုက္ခသည်များ အတွက် ဂရုစိုက်နေရခြင်းဖြင့် အလုပ်များနေအောင် (အစာနှင့် ဆေးဝါး ရရှိအောင် သီတင်းပတ်ပေါင်း များစွာ ခရီးသွားရခြင်း) ပြုလုပ်ထားခြင်းဖြင့် လက်နက်ကိုင် တော်လှန်ရန် အချိန်နှင့် ရင်းမြစ်များ မရနိုင်အောင် စီမံထားခြင်း ဖြစ်သည်။

ကရင် မျိုးဆက်သစ် လူငယ်များမှာ ဒုက္ခသည် စခန်းများတွင် ကြီးပြင်းကြရပြီး ၎င်းတို့၏ လယ်ယာမြေနှင့် ဇာတိမှ ဝေးကွာလှသော နေရာများတွင် ယာယီ နေထိုင်ကြရပါသည်။ အလှူရှင်များမှာလည်း မောပန်းလာပြီး ရင်းမြစ်များလည်း ရှားပါးလာပါသည်။ ဒုက္ခသည် စခန်းတွင်းမှ ကရင်ပြည်သူများသည် မရေရာသော အနာဂါတ်နှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ ဇာတိမြေသို့ ပြန်လည် နေထိုင်နိုင်မည့် မျှော်လင့်ချက်များမှာလည်း မှေးမှိန် ဖျော့တော့လျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New York Times, BENEDICT ROGERS, 18th Dec 2009

ကမ္ဘာကြီးကို ထပ်ကာထပ်ကာ သတိပေးရန် လိုအပ်သော အချက်တစ်ခုမှာ မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်ဆိုသော အချက်ပင် ဖြစ်ပါသည်။

မြန်မာ နိုင်ငံသားများမှာ အစိုးရကို ဆန့်ကျင်မှုအား ပြသမိပါက ရက်ရက်စက်စက် နှိပ်စက်ခံရပါ သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကမ္ဘာကြီးသည် လွန်ခဲ့သော နှစ်နှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြသော သံဃာတော်များ အရေးအခင်းတွင် မျက်မြင် ဖြစ်ခဲ့ပြီး ဖြစ်ပါသည်။ သံဃာတော် အများအပြား ပျောက်ဆုံး၊ အသတ်ခံရပြီး၊ ရာနှင့်ချီ၍ ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပါသည်။

ထို့အပြင် နိုင်ငံရေး လှုပ်ရှားသူ (၂၀၀၀) ကျော်မှာလည်း ယခုအထိ ထောင်များတွင် ရှိနေဆဲ ဖြစ်ပြီး နှိပ်စက်ခံရခြင်း၊ ဆေးကုသပေးမှု မရှိခြင်း၊ သဘာဝ မကျသော ပြစ်ဒဏ်များ ပေးခြင်းတို့ကို ခံခဲ့ရပါသည်။

ကျောင်းသား ခေါင်းဆောင် ဗိုလ်မင်းယုကိုမှာ ထောင်ဒဏ် (၁၀၄) နှစ် အပြစ် ပေးခံရပြီး၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦးမှာလည်း ထောင်ဒဏ် (၉၃) နှစ် ချမှတ်ခြင်း ခံရသည်။ ဒီမိုကရေစီရေး လှုပ်ရှားသူ မင်းကိုနိုင်မှာ ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံရပါသည်။ ထင်ရှားသော လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် နေအိမ် အကျယ်ချုပ်ဖြင့် (၁၄) နှစ် နေခဲ့ရပြီး၊ နောက်ထပ် (၁၈) လ ထပ်တိုးခဲ့ပြန်ပါသည်။

အများစုမှာ မိသားစုနှင့် ဝေးရာ မိုင်ထောင်ချီ ကွာဝေးသော ထောင်များတွင် ထားရှိခြင်း ခံရပြီး၊ အချို့မှာ အလွန် နေမကောင်း ဖြစ်လျက် ရှိကြပါသည်။

စစ်အာဏာရှင် လက်ထက်တွင် လူအများ သတိမပြုမိသော အနှိပ်စက်ခံ အမျိုးအစား တစ်မျိုး ရှိပါသည်။ ၎င်းမှာ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစုများပင် ဖြစ်ပါသည်။

စစ်အစိုးရသည် ကရင်၊ ကရင်နီ၊ ရှမ်းလူမျိုးများကို စစ်ဆင်ရေးများ ပြုလုပ်၍ သွေးထွက်သံယိုမှုများ ရှိစေခဲ့ပါသည်။ ၁၉၉၆ ခုနှစ်မှ စတင်၍ ရွာပေါင်း (၃၃၀၀) ခန့် ဖျက်ဆီးခံရပြီး လူပေါင်း တစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။ ကျွန်ုပ်၏ ကရင်နီ မိတ်ဆွေတစ်ဦးက ပြောရာတွင် ပိုပေါ့ကို အနှေးပြကွက်နှင့် ပြနေသလိုမျိုး အနေအထားဟု ရှင်းပြခဲ့ပါသည်။

အဆိုပါ စစ်ဆင်ရေးတွင် အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ လက်နက်သဖွယ် အသုံးပြုခဲ့ပြီး၊ အဓမ္မ လုပ်အားပေးစေမှု၊ မိုင်းရှင်းရာတွင် လူများအား အသုံးပြုခြင်း၊ ကလေးစစ်သားများအား အတင်းအကြပ် ခိုင်းစေခြင်းများကို တွေ့ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ မြောက်ဘက်နှင့် အနောက်ဘက် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ အများစု နေထိုင်ရာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဘာသာရေးနှင့် ပတ်သက်၍ စနစ်တကျ တရားမျှတမှု မရှိဘဲ ခွဲခြား ဆက်ဆံမှုများကို ကြုံတွေ့ခဲ့ရပါသည်။

ရခိုင်ပြည်နယ်ရှိ မူဆလင်​​ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားအဖြစ် နိုင်ငံသား ဖြစ်ခွင့်ကို ငြင်းပယ်ခြင်း ခံရပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အခြေအနေမဲ့ ထွက်ပြေးကြရပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံတွင် မျိုးဆက်နှင့် ချီ၍ နေထိုင်ခဲ့ကြပါသည်။

ကျွန်ုပ်သည် မြန်မာနိုင်ငံနှင့် သူ၏ နယ်စပ်ဒေသများသို့ အကြိမ် (၃၀) မက သွားရောက်ခဲ့ဖူး ပါသည်။ ထိုသို့ သွားရောက်စဉ် ကလေး စစ်သား လုပ်ခဲ့ဖူးသူများ၊ အုပ်စုလိုက် အနိုင်ကျင့်ခံခဲ့ရသော အမျိုးသမီးများ၊ ရွာများကို မီးရှို့ခဲ့၍ ထွက်ပြေးရသော လူများကို တွေ့ခဲ့ရပါသည်။

ယခုနှစ် အစောပိုင်းက ကျွန်ုပ်သည် ၎င်းတို့ ရွာကို ဝင်ရောက် တိုက်ခိုက်စဉ်က ခြေနှစ်ဖက် ဖြတ်ခဲ့ရသော လူတစ်ဦးကို တွေ့ခဲ့ရပါသည်။ ၎င်းက ဖြစ်စဉ်ကို ပြောပြရာတွင် စစ်သားများ ရွာသို့ ဝင်ရောက်လာစဉ် ၎င်း ထွက်ပြေးခဲ့ကြောင်း၊ စစ်သားများ ပြန်ထွက်သွားမှ ၎င်းအိမ်ရှိရာ နေရာသို့ ကျန်ရစ်သော ပစ္စည်းများ ကောက်ယူရန် ပြန်လာရာ၊ အိမ်မှာ ပြာ ဖြစ်နေပြီး၊ စစ်တပ် ထောင်ထားသော မိုင်းကို နင်းမိပြီး၊ ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း ပြောပြပါသည်။

ထို့နောက် ဆေးကုသမှု ရရှိရန် တစ်နေ့လုံး သွားရကြောင်း၊ တစ်ပတ်ခန့် ကြာသော် ချိုင်းထောက်ဖြင့် တောထဲမှ ဖြတ်၍ ထွက်ပြေးခဲ့ကြောင်း၊ ထိုင်းနယ်စပ်ရှိ အိမ်မဲ့ ယာမဲ့များ နေထိုင်သော စခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ လေးလခန့် ကြာသော် ထိုစခန်းမှာလည်း တိုက်ခိုက်ခံရသောကြောင့် ထွက်ပြေး ခဲ့ရပြန်ကြောင်း ပြောပြပါသည်။

မျက်မြင် သက်သေတစ်ဦး၏ ပြောပြချက်အရ ချင်းပြည်နယ်ရှိ ထောင်တစ်ခုတွင် ထောင်မှ ထွက်ပြေးရန် ကြိုးစားသူများကို ဓားဖြင့် အကြိမ်ကြိမ် ထိုး၍ ဆားရေထဲတွင် နှစ်ကာ၊ မီးရှို့ကြောင်း သိရှိရပါသည်။ ကရင်ပြည်နယ်ရှိ အမျိုးသမီးတစ်ဦးက ၎င်း၏ အမျိုးသားကို သစ်ပင်မှ ကြိုးဖြင့် ပြောင်းပြန် ချည်ထားပြီး၊ မျက်လုံးများကို ဖောက်ကာ ရေနှစ်သတ်ခဲ့ကြောင်း ပြောပြပါသည်။

အဆိုပါ ရက်စက် ကြမ်းကြုတ်မှုများအတွက် ကုလသမဂ္ဂမှ မှတ်တမ်းများ ထားရှိပါသည်။ နှစ်ပေါင်းများစွာ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်များဖြင့် အဆိုပါ ကျူးလွန်မှုများကို ရှုံ့ချခဲ့ပါသည်။ ကုလသမဂ္ဂ၏ အထူးဖော်ပြချက်တွင် အဆိုပါ ကျူးလွန်မှုများကို အဆင့်မြင့်ပိုင်းမှ ချမှတ်သော မူဝါဒများ၏ အကျိုးဆက် ဖြစ်ပြီး နိုင်ငံရေးအရ၊ တရားဥပဒေအရ မျက်စိမှိတ်ထားမှုများ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

မကြာသေးမီက အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တွင် မြန်မာအစိုးရအား နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာသော ဥပဒေများကို ချိုးဖောက်နေမှုများအား ရပ်တန်းက ရပ်ရန် တိုက်တွန်းထားပါသည်။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံအား လူမျိုးတုန်းအောင် ပြုလုပ်မှုတွင် စောင့်ကြည့်ရမည့် စာရင်းတွင် ထည့်သွင်းထားပါသည်။ Genocide Risk Indices က မြန်မာနိုင်ငံကို ဆူဒန်နှင့်အတူ အမျိုးပြုန်းအောင် သတ်ဖြတ်မှု စာရင်းတွင် ဂရုပြုမည့် ထိပ်ဆုံး နှစ်နိုင်ငံအဖြစ် စာရင်းသွင်းထားပါသည်။

Minority Rights Group ကလည်း မြန်မာနိုင်ငံကို အန္တရာယ်များနှင့် နေထိုင်နေရသော တိုင်းရင်းသားများ ရှိသော ထိပ်ဆုံး ငါးနိုင်ငံတွင် စာရင်းသွင်းထားပါသည်။ Freedom House ကလည်း  မြန်မာနိုင်ငံကို အဆိုးတကာ အဆိုးဆုံးအဖြစ် ဖော်ပြခဲ့ပါသည်။

ယခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒကို ပြန်လည် သုံးသပ်ပြီး အရေးယူ ပိတ်ဆို့မှုများ ဆက်လက် ထားရှိသော ချဉ်းကပ် ဆက်ဆံရေး ဝါဒအသစ်ကို ချမှတ်ခဲ့ပါသည်။

မူဝါဒအသစ်မှာ မူအရ မှန်ကန်သော ချဉ်းကပ်မှု ဖြစ်ပြီး ဒီမိုကရေစီ လှုပ်ရှားမှုအတွက် လုပ်သင့်သော အရာတစ်ခု ဖြစ်သော်လည်း စစ်အစိုးရရော ဒေသတွင်းရှိ နိုင်ငံများကပါ ပေးလိုသော အချက်ကိုမရဘဲ မှားယွင်း အဓိပ္ပာယ် ကောက်ယူမည်ကို စိုးရိမ်ရပါသည်။

သမ္မတ Obama ကရော ဝါရင့် အမေရိကန် အာဏာပိုင်များကပါ မြန်မာနိုင်ငံတွင် ခိုင်မာသော တိုးတက်မှုများ လက်ဆုတ်လက်ကိုင် မပြနိုင်ဘဲ အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ကြောင်း အမြဲတစေ အလေးထား ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေးနှင့် စစ်အစိုးရ၊ ဒီမိုကရေစီ လှုပ်ရှားသူများနှင့် တိုင်းရင်းသားများအကြား အဓိပ္ပာယ်ရှိသော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။ သို့သော် ဒေသတွင်းက အမေရိကန်တို့ သဘောထား ပျော့ပြောင်းလာသည်ဟု ထင်မြင်လာကြသည်။

ကံမကောင်းသော အချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများသည် ၎င်းတို့၏ ချဉ်းကပ်မှုကို ပိုမို တင်းကျပ်သည့် လက္ခဏာရှိနေစဉ် အမေရိကန်တို့က သဘောထား ပျော့ပြောင်းလာပြီ အထင်ဖြင့် တင်းကျပ်မည့် အစီအစဉ်ကို ရပ်လိုက်ကြခြင်း ဖြစ်သည်။ ဗိုလ်ချုပ်များနှင့် စကားပြောရန် ကြိုးစားခြင်းသည် မှန်ကန်သော်လည်း အားကောင်းပြီး တိကျသည့် ဖိအားပေးမှုများလည်း ရှိနေရမည် ဖြစ်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူမှု အနည်းငယ်သာ ပြုလုပ်ကြပါသည်။ နိုင်ငံများသည် စစ်အစိုးရကို လက်နက်များ ဆက်လက် ရောင်းချလျက် ရှိပြီး လက်နက် ရောင်းချမှုကြောင့် မည်သည့် အရေးယူမှုမျှ မခံရပေ။

စစ်အစိုးရသည် စစ်ရာဇဝတ်မှုများ၊ လူသားချင်း စာနာမှု မရှိသော ပြစ်မှုများ ကျူးလွန်လျက် ရှိပါသည်။ ဟားဗတ် ဥပဒေကျောင်း၏ ကမ္ဘာ့ပေါ်တွင် ဦးဆောင် ဥပဒေကျွမ်းကျင်သူ ပုဂ္ဂိုလ် ငါးဦးက ပြုစုသော "Crimes in Burma" အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေများကို အလွယ်တကူ ဖောက်ဖျက် ကျူးလွန်နေမှုများကြောင့် ပထမအဆင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် အမြစ်တွယ်နေသော ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် လိုအပ်သည်ဟု ဖော်ပြသလို ဖြစ်နေကြောင်း ဖော်ပြထားပါသည်။

ပြီးခဲ့သည့် အပတ်က ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာချက် (၆၁) နှစ် ပြည့်မြောက်ပါသည်။ ယင်းကိစ္စသည် မြန်မာနိုင်ငံတွင် အရေးတယူ မရှိခဲ့ပါ။ သို့သော် ကုလသမဂ္ဂ အနေဖြင့် စစ်အစိုးရကို နိုင်ငံတကာမှ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ ချမှတ်ရန်နှင့် အကာအကွယ် ပေးရေးအတွက် တာဝန်ရှိသည်ဟု ခံယူချက် ရှိလာအောင် လုပ်ပေးရန်နှင့် စစ်အစိုးရ၏ ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် အချိန်ရောက်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အဆိုပါ ကျူးလွန်မှုများအတွက် ဥပဒေအရ အရေးယူမှု မရှိခြင်းကို အဆုံးသတ်ရန် အချိန်ရောက်နေပြီ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

proactiveinvestors.com.au, 18th Dec 2009

စင်္ကာပူ အခြေစိုက် ကုမ္ပဏီ Interra Resources (ASX.ITR) က ထုတ်ပြန် ကြေညာရာတွင် ၎င်း၏ ဖက်စပ်လုပ်ငန်း တခုဖြစ်သော Goldpetrol Joint Operating Company သည် မြန်မာနိုင်ငံ ရေနံချောင်း ရေနံမြေမှ ရေနံတွင်း အမှတ် YNG 3234 အား လွှဲပြောင်း ရယူ တူးဖော်ခြင်းကို စတင်လိုက်ပြီဟု ဆိုပါသည်။

ရေနံချောင်း ရေနံမြေ ပြန်လည် ထူထောင်ရေး အဆင့်မြင့် ကန်ထရိုက်လုပ်ငန်းတွင် Interra က (၆၀ %) အကျိုးအမြတ် ရရှိမည် ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူ Goldpetrol ၏ ရှယ်ယာ (၆၀ %) ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ရေနံမြေ၏ မြောက်ပိုင်းတွင် ရှိသော ရေနံတွင်း YNG 3234 ကို Petrol ၏ ရေနံတွင်းတူးစင် Cooper LT0350 အား အသုံးပြု၍ တူးဖော်မည် ဖြစ်သည်။ တူးဖော်ရေး ကုန်ကျစရိတ်များကို မျှဝေ ကျခံရာတွင် Interra သည် ၎င်း၏ လက်ဝယ်ရှိ ငွေကြေး ရန်ပုံငွေမှ ထုတ်ယူ သုံးစွဲမည် ဖြစ်သည်။

ယခု အဆိုပြုထားသော YNG 3234 ရေနံတွင်းသည် ယခင်က တစ်နေ့လျှင် စည် (၆၀) ထုတ်လုပ်နိုင်သော အနေအထားတွင် စက်မှုဆိုင်ရာ အခက်အခဲကြောင့် ပိတ်ထားခဲ့သော တွင်းဖြစ်၍ ယခုအခါ ပေအနက် (၂၉၅၀) အထိ ပြန်လည် တူးဖော်ရန် ရည်ရွယ်ထားပါသည်။ ယခု ရေနံတွင်း စီမံကိန်း၏ ပထမ ရည်မှန်းချက်မှာ ပေအနက် (၃၀၀၀) မှ (၃၂၀၀) အထိ ရှိသော သဲထုအတွင်းမှ ကျန်ရှိ ရေနံများကို ထုတ်ယူရန် ဖြစ်ပြီး ဒုတိယ ရည်မှန်းချက်မှာ အပေါ်လွှာ သဲထုအတွင်းမှ သာမာန် ရေနံတွင်းများဖြင့် တူးဖော်၍ မရနိုင်သော ရေနံများကို ထုတ်ယူရန် ဖြစ်ပါသည်။

ယခု လုပ်ငန်းတွင် ရက်သတ္တပတ် (၆) ပတ် နီးနီး တူးဖော်ပြီးလျှင် ရလဒ်များ ထွက်ပေါ် လာလိမ့်မည်ဟု Interra က ခန့်မှန်းထားပါသည်။ တူးဖော်မှု ရလဒ်များကို အသေအချာ စိစစ် ပြီးလျှင် ပြီးချင်း ကုမ္ပဏီက သတင်း ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။ တူးဖော်စဉ် ကာလအတွင်း ဖြစ်ပွားသော နောက်ဆုံး ပြဿနာများ၊ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကိုလည်း ထုတ်ပြန် ကြေညာ ပေးဦးမည်ဟု ဆိုပါသည်။

စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် Interra ၏ ရှယ်ယာများကို ရောင်းဝယ်ရာတွင် ဂရုတစိုက် သတိပြု ဆောင်ရွက်ကြရန် ကုမ္ပဏီက အကြံပေးလိုသည်ဟုလည်း ဆိုပါသည်။ အထက်တွင် ဖော်ပြခဲ့သော တိုးမြှင့် တူးဖော်ရေး လုပ်ငန်းမှ အကျိုးအမြတ်များသော ထုတ်လုပ်မှု (သို့) ဟိုက်ဒရိုကာဗွန် ရေနံများ စီးပွားဖြစ် အမြောက်အများ ထွက်ရှိလာမည့် ကိစ္စမှာ ယခုအထိ မသေချာသေးပါ။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, Siddique Islam, 17th - Dec - 2009

အာရှ ဖွံ့ဖြိုးရေးဘဏ် (Asian Development Bank - ADB) သည် မြန်မာနိုင်ငံတွင် Trade Finance Facilitation Program (TFFP) ကို တိုးချဲ့ပေးရန် စိတ်မဝင်စားကြောင်း ADB အကြီးတန်း အရာရှိတစ်ဦးက ကြာသပတေးနေ့က ဒက္ကာမြို့တွင် ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံကို စိတ်အနှောင့်အယှက် ဖြစ်စရာ နိုင်ငံအဖြစ် သတ်မှတ်၍ မပေးခြင်း ဖြစ်ကြောင်း ဆိုပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိ TFFP ထက် ပို၍ တိုးချဲ့ပေးရန် မိမိတို့ စိတ်မဝင်စားကြောင်း ADB ၏ Trade Finance Capital Markets နှင့် Financial Sectors Division and Private Sector Operations Department များ၏ ဌာနမှူး Steven Beck က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှု ချောမွေ့ လွယ်ကူစေရေးအတွက် ဈေးကွက် လိုအပ်ချက် နိမ့်ကျကြောင်း ၎င်းက ဖြည့်စွက် ပြောပါသည်။

မစ္စတာ Steven သည် ယခုအခါ ဒက္ကာမြို့တွင် ရောက်ရှိနေပြီး ပြည်တွင်း ပုဂ္ဂလိက ကူးသန်း ရောင်းဝယ်ရေးဘဏ် (၁၂) ခုနှင့် ဘင်္ဂလားဒေ့ရှ်တွင် TFFP အစီအစဉ် တိုးချဲ့ရေး အစီအစဉ်အရ လက်မှတ်ရေးထိုးရန် ရောက်ရှိနေခြင်း ဖြစ်ပါသည်။

TFFP ကို ၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယခုနှစ် မတ်လတွင် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ အစီအစဉ်အထိ တိုးချဲ့နိုင်ခဲ့ပါသည်။ ယင်းသို့ တိုးချဲ့ရခြင်းမှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲ စီးပွားရေးများတွင် ကုန်သွယ်ရေး တည်တံ့ နေစေရေးအတွက် ဘဏ္ဍာငွေ အရေးပေါ် လိုအပ်ချက်များ ရှိနေသည်ဟု ADB က ခံယူသောကြောင့် ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ ADB သည် A သုံးလုံး အဆင့် သတ်မှတ်ပြီး ADB က အာမခံ၍ ချေးငွေများ ထုတ်ပေးခြင်း၊ ကုန်သွယ်မှု ငွေကြေး လွှဲပြောင်းမှုများအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ဘဏ်များကို ဆက်သွယ်ပေးခြင်းများကို ပြုလုပ်ပေးပါသည်။

TFFP အစီအစဉ်များသည် အဇာဘိုင်ဂျန်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် ဗီယက်နမ်တို့တွင် သက်ဝင် လှုပ်ရှားလျက် ရှိနေပါသည်။

TFFP သည် ၂၀၁၀ ခုနှစ် ပထမ လေးလပတ်တွင် ဖိလစ်ပိုင်၊ မွန်ဂိုလီးယားနှင့် ဥဇဘက် ကစ္စတန်တို့တွင် တိုးချဲ့ရန် စီစဉ်ထားပါသည်။ ထို့နောက် ကာဇက်စတန်၊ တာခ့်မင်နစ္စတန်နှင့် တာဂျစ် ကစ္စတန် စသော ဗဟို အာရှနိုင်ငံများတွင် ၂၀၁၀ ခုနှစ်အတွင်း တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း မနီလာတွင် အခြေစိုက်သော နိုင်ငံတကာ အလှူရှင်များ ပါဝင်သော ADB က ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Law Gazette, James Dean, 16th Dec 2009

           မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံတကာ ဥပဒေ အကျိုးဆောင် အဖွဲ့များ၏ ဆောင်ရွက်ချက်များ အပေါ် စုံစမ်း စစ်ဆေးနေမှုအား အဖွဲ့အစည်းတွင်း ဝန်ထမ်းများ မလုံလောက် မှုကြောင့် ရပ်ဆိုင်း လိုက်သည်ဟု သိရပါသည်။

          ဖိအား ပေးနေသောအဖွဲ့ Burma Campaign UK (BCUK) က ယခုအပတ်၌ ပြောကြားခဲ့ရာတွင် နှစ်ပတ်လည် ညစ်ညမ်း စာရင်း (Dirty List) ကို လူထုသို့ ထုတ်ပြန်မည် မဟုတ်ဟု ဆိုပါသည်။ မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော မြန်မာ မဟုတ်သော ကုမ္ပဏီများ၏ စာရင်း ဖြစ်ပါသည်။ ယခုနှစ်တွင် အဆိုပါ ညစ်ညမ်းစာရင်းသို့ ဥပဒေ အကျိုးဆောင်အဖွဲ့များ၏ အမည်ကို ပထမဆုံးအကြိမ် ထည့်သွင်းရန် စီစဉ်ထားသည်ဟု ဆိုပါသည်။

          BCUK ၏ အခိုင်အမာ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် ကုန်သွယ်ရေး လုပ်သည်ဖြစ်စေ၊ ရင်းနှီး မြှုပ်နှံသည် ဖြစ်စေ၊ တပ်မတော် အစိုးရအား တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ရန်ပုံငွေ ထည့်ဝင်ရသည်ဟု ဆိုပါသည်။ လက်ရှိအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာပြည်သူများကို ဖိနှိပ်မှုများကြောင့် နိုင်ငံတကာ၏ ပြစ်တင် ရှုံ့ချခြင်းကို ခံနေရပါသည်။

          ပြီးခဲ့သော နှစ်ကုန်ပိုင်းက စ၍ BCUK သည် ဥပဒေ အကျိုးဆောင် အဖွဲ့များအား စုံစမ်း စစ်ဆေးခြင်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံမှ ဖောက်သည်များအား အကြံဥာဏ် ပေးနေသည်ဟု ယုံကြည်ရသော UK ဥပဒေ အဖွဲ့အစည်းကြီး တစ်ခုကို ထိထိရောက်ရောက် စုံစမ်းနေသည်ဟု ဆိုပါသည်။ ကမ္ဘာ့အကြီးဆုံး ဥပဒေ အကျိုးဆောင်အဖွဲ့ (၁၀၀) ခန့် အနက်မှ (၁၄) ခုမှာ မြန်မာနိုင်ငံတွင် လှုပ်ရှားနေသော အထောက်အထားများ ရရှိထားသည်ဟုလည်း သိရပါသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စများကို ချောမွေ့အောင် ဥပဒေ အကျိုးဆောင် အဖွဲ့များ ကူညီနေခြင်းသည် မြန်မာ အစိုးရကို ရန်ပုံငွေ ရှာပေးနေခြင်းသာ ဖြစ်သည်ဟု BUCK ၏ ပြောရေးဆိုခွင့် ရှိသူက စွပ်စွဲလိုက်ပါသည်။

          ဝန်ထမ်းများ မလုံလောက်၍ စုံစမ်းရေး အစီအစဉ်ကို ရပ်ဆိုင်းထားရသည်ဟု BCUK ပြောခွင့်ရ အမျိုးသမီးက ယခုအပတ်တွင် ပြောကြားပါသည်။ ဥပဒေအကျိုးဆောင် အဖွဲ့များကို စုံစမ်းရေး အစီအစဉ်မှ ဝန်ထမ်းများ BCUK မှ နှုတ်ထွက်သွားပြီဟု ယူဆရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, Mungpi,  16th Dec 2009

          မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီမှ ကျန်းမာရေး မကောင်းသော ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ပြုရန် တောင်းဆိုခဲ့မှုအား တစ်စိတ်တစ်ပိုင်းအဖြစ် ဗုဒ္ဓဟူးနေ့က ခွင့်ပြုခဲ့ကြောင်း၊ သူမ၏ ပါတီမှ ဝါရင့် အဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

          ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ ပါတီမှ ကျန်းမာရေး မကောင်းကြသော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် CEC အဖွဲ့ဝင် ဦးလွန်းတင်တို့အား ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံ ခွင့်ပြုလိမ့်မည်ဟု NLD မှ CEC အဖွဲ့ဝင် ဦးဝင်းတင်က အင်္ဂါနေ့က မဇ္ဈိမသို့ ပြောကြားခဲ့ပါသည်။

          မည်သည့်နေရာတွင် တွေ့ဆုံမည်ကို အတိအကျ မသိရသော်လည်း အားလုံးကို စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ခေါ်ဆောင်လာလိမ့်မည် ထင်ကြောင်း ၎င်းက ပြောပါသည်။

          ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးသား ပေးပို့၍ ကျန်းမာရေး မကောင်းသော ပါတီခေါင်းဆောင် သုံးဦးနှင့် တွေ့ဆုံ ဂါရဝပြု ခွင့်ပြုရန်နှင့် ထိန်းသိမ်းခြင်း ခံထားရသော ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးတို့၏ တွေ့ဆုံခွင့် ပြုရန် တောင်းဆိုခဲ့ပါသည်။

          ထို့အပြင် သူမ၏ စာတွင် မြန်မာ နိုင်ငံသားများ၏ အကျိုးအတွက် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ ဖြေလျော့သွားရေးအတွက် ဆွေးနွေးနိုင်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရန်ကိုလည်း တောင်းဆိုခဲ့ပါသည်။

          ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းအပေါ် အစိုးရ၏ သဘောထား ပျော့ပြောင်းလာမှုဟု လည်းကောင်း၊ အပြုသဘော ဆောင်သော လက္ခဏာဟု လည်းကောင်း အဓိပ္ပာယ် ကောက်ယူသင့်သလားဟု ဦးဝင်းတင်က မေးမြန်းခဲ့ရာ၊ ၎င်းက မထင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူမ တောင်းဆိုခဲ့သည့် အတိုင်း ခွင့်ပြုခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်သုံးဦး၏ အိမ်သို့ သွားရောက် ဂါရဝပြုခွင့် ပြုရန် တောင်းဆိုခဲ့ရာ တစ်စိတ်တစ်ပိုင်းသာ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်ဟု ဦးဝင်းတင်က ပြောပါသည်။

          အကယ်၍သာ အစိုးရအနေဖြင့် ရိုးသားခဲ့မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့ အိမ်အသီးသီးသို့ သွားရောက်ခွင့် ပြုရန် ခက်ခဲမည် မဟုတ်ကြောင်း၊ ယခုမူ ကျန်းမာရေး မကောင်း၍ အားနည်းသူ သုံးဦးကို တွေ့ဆုံရာ နေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

          ယခု တွေ့ဆုံမှုအား ခွင့်ပြုခဲ့ခြင်းမှာ သူမ၏ တောင်းဆိုမှုမှာ အစိုးရ၏ အကျိုးကို မထိခိုက်၍သာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၀၃ ခုနှစ် မေလကတည်းက နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိသူ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ CEC များနှင့် တွေ့ဆုံခွင့် ပြုရန် တောင်းဆိုထားမှုကို ခွင့်ပြုလိမ့်မည်လား ဆိုသည်ကိုမှု မိမိ သံသယ ရှိကြောင်း၊ သတင်းစာဆရာတစ်ဦးက ပြောပါသည်။

          ဦးဝင်းတင်ကလည်း အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သူမ တောင်းဆိုထားသည့် အတိုင်း ဦးတင်ဦး အပါအဝင် CEC အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပြုလိမ့်မည်ဟု မိမိ မသိနိုင်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရန် တောင်းဆိုထားမှုမှာလည်း ဖြစ်နိုင်လိမ့်မည် မထင်ကြောင်း ပြောပါသည်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီးက စိတ်ပြောင်းသွားပြီး ခွင့်ပြုခဲ့လျှင်တော့ အတိုင်းထက် အလွန်ဖြစ်သည် ဟု ၎င်းက ပြောပါသည်။

          အစောပိုင်းက ဦးဝင်းတင်က မဇ္ဈိမသို့ ပြောကြားခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအား ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တုံ့ပြန်ခြင်း မပြုမီ အလေးအနက် စဉ်းစားသင့်ကြောင်း၊ ယခုကိစ္စမှာ မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် သက်ရောက်မှုများစွာ ရှိနေသည်ဟု ဆိုပါသည်။

          ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ပြည်သူလူထု၏ အနာဂတ် အပါအဝင် ကဏ္ဍစုံအား စဉ်းစားသင့်ကြောင်း၊ တပ်မတော်နှင့် ဒေါ်စုတို့ နှစ်ဦး၏ ကိစ္စ မဟုတ်ကြောင်း၊ နိုင်ငံတစ်ခုလုံး၏ အရေးကိစ္စ ဖြစ်ကြောင်း ဦးဝင်းတင်က ဖြည့်စွက် ပြောကြားသွားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 16th - Dec - 2009

          အမေရိကန် ပြည်ထောင်စု သမ္မတ Obama သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ ထံသို့ ပုဂ္ဂိုလ်ရေး စာရေးသားခဲ့ပြီး၊ အမေရိကန် ကိုယ်စားလှယ် သွားရောက်စဉ်က ထည့်ပေးလိုက်ကြောင်း အမေရိကန် အကြီးတန်း အာဏာပိုင်တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါ သည်။

          ပြီးခဲ့သည့် အပတ်က မြောက်ကိုရီးယားသို့ အမေရိကန် ကိုယ်စားလှယ် Stephen Bosworth သွားရောက်စဉ် အဆိုပါ စာကို ပေးအပ်ခဲ့သည်ဟု ၎င်းက ဆိုပါသည်။

          အဆိုပါ အာဏာပိုင်က ၎င်း မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ခြင်း မရှိကြောင်း၊ ယခု ကိစ္စသည် အထိမခံသော ကိစ္စ ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

          Bosworth က ပြီးခဲ့သည့် အပတ်က ပြောကြားရာတွင် ၎င်း၏ ခရီးစဉ် အတွင်းတွင် သမ္မတ Obama ၏ အမြင်များကို တင်ပြနိုင်ခဲ့သည်ဟု ဆိုပါသည်။ Obama ၏ အမြင်များ ဖြစ်သည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ၏ အခြေခံ ရည်မှန်းချက် ဖြစ်သော ကိုရီးယားကျွန်းဆွယ်အား အပြည့်အဝ နျူကလီးယား ကင်းမဲ့ဇုံ ဖြစ်ရေး၊ အဆိုပါ ရည်မှန်းချက်အတွက် တိုးတက်မှုများ ရပ်တန့်နေခြင်း ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အတားအဆီးသဖွယ် ရှိနေခြင်းတို့ကို ပြောခဲ့သည်ဟု ဆိုပါသည်။

          Obama အနေဖြင့် မဟာမိတ်များနှင့် အလုပ်လုပ်ရန် အမေရိကန်က ပြင်ဆင် ထားရှိပြီး၊ ဒေသတွင်းရှိ ပါတနာများကို မြောက်ကိုရီးယား၏ ယခုနှင့်မတူ ခြားနားသော အနာဂါတ်ကို အဆိုပြုရန် ကိစ္စများအား ရှင်းရှင်းလင်းလင်း ထုတ်ပြထားပြီး ဖြစ်ကြောင်း Bosworth က ပြောပါသည်။

          Bosworth က ဆက်လက် ပြောကြားရာတွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ထားသော ကြေညာချက်၏ ရည်မှန်းချက်ကို အပြည့်အဝ အကောင် အထည်ဖော်ရေးအတွက် ပြန်လည် အတည်ပြုလိုကြောင်း ဆိုပါသည်။ အဆိုပါ ကြေညာချက်တွင် မြောက်ကိုရီးယားသည် လက်ရှိ နျူကလီးယား အစီအစဉ်များအပြင် နျူကလီးယား လက်နက် အားလုံးကို စွန့်လွှတ်ရန် ကတိပြုထားပါသည်။

          သို့သော် မြောက်ကိုရီးယားသည် အမေရိကန်၊ ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်တို့ ပါဝင်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လာရန် ငြင်းဆန်ထားပြီး၊ အမေရိကန် အစိုးရနှင့် တိုက်ရိုက် စကားပြောရန်သာ လိုလားကြောင်း ပြောကြားနေပါသည်။

          ပြီးခဲ့သည့် ဧပြီလက မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုကို နိုင်ငံတကာက ဝေဖန်မှုများကြောင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ပါသည်။

          ယခု Bosworth ၏ ခရီးစဉ်တွင်လည်း မြောက်ကိုရီးယားတို့က ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လာရန် မည်သည့် ကတိပြုမှုကိုမျှ မရရှိခဲ့ပေ။ သို့သော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကမူ Bosworth ၏ ဆွေးနွေးခဲ့မှုများသည် အပေါင်းလက္ခဏာ ဆောင်ကြောင်း ပြောကြားလိုက်ပါသည်။

          သို့သော် မြောက်ကိုရီးယားတို့ အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာမည်။ မည်သည့် အချိန်တွင် ပြန်လာမည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်ပြီး၊ အနိမ့်ဆုံး အဆင့်အနေဖြင့် ယခု ဆွေးနွေးမှု များသည် စူးစမ်း လေ့လာသည့် တွေ့ဆုံမှုများသာ ဖြစ်ပြီး၊ ညှိနှိုင်းခြင်း မဟုတ်ကြောင်း ကလင်တန်က ပြောခဲ့ပါသည်။

          ကလင်တန်က ယခင်က ပြောကြားခဲ့ရာတွင် အမေရိကန် အနေဖြင့် မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံ တွေ့ဆုံမှု ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ သို့သော် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ခေါင်းစဉ် အောက်တွင်သာ တွေ့သည်ဟု ဆိုလိုကြောင်း ပြောကြားခဲ့ဖူးပါသည်။ ထို့အပြင် သူမက မြောက်ကိုရီးယားတို့ အနေဖြင့် နျူကလီးယား အစီအစဉ်များ ဖျက်သိမ်းရေးအတွက် နောက်ပြန် မလှည့်မည့် ခြေလှမ်းများ မတွေ့ရမချင်း၊ ပြုံးယမ်းနှင့် ပုံမှန် ဆက်ဆံရေးများ ပြုလုပ်လိမ့်မည် မဟုတ်သည့်အပြင် အရေးယူ ပိတ်ဆို့မှုများကိုလည်း ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ကြောင်း သတိပေးခဲ့ပါသည်။

          သုံးသပ်သူ အချို့ကမူ မြောက်ကိုရီးယားတို့သည် အမေရိကန်နှင့် ဆက်ဆံရေးအသစ် ပြုလုပ်ရေးအတွက် အချိန်ဆွဲကောင်း ဆွဲလိမ့်မည်ဟု သုံးသပ်ကြပါသည်။ တောင်ကိုရီးယားက အတည်ပြု ပြောကြားရာတွင် မြောက်ကိုရီးယားတို့သည် ၎င်းတို့၏ Yongbyon နျူကလီးယား Plant ကို ပြန်စရန် နောက်ဆုံးအဆင့်သို့ ရောက်နေပြီဟု ဆိုပါသည်။ ၎င်းအစီအစဉ်မှာ ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ မထွက်ခွာမီက ရပ်ဆိုင်းထားခဲ့ပါသည်။

          သို့သော် ၎င်းကိစ္စများနှင့် ပတ်သက်၍ မှန်ကန်မှု ရှိ၊ မရှိ အတည်ပြုနိုင်ခြင်း မရှိဟု ဆိုပါသည်။

          ဝေဖန် သုံးသပ်သူများကမူ မြောက်ကိုရီးယားသည် ယခုအခါ သံတမန်ရေးရာအရ အထီးကျန် ပြုလုပ်ထားမှုနှင့် စီးပွားရေးအရ အထိနာနေမှုများကို ဖြေလျော့နိုင်ရေးအတွက် အကြီးအကျယ် လိုလားနေသည်ဟု ဆိုပါသည်။ အထူးသဖြင့် ပြုံးယမ်း၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိုမို ပြင်းထန်သော အရေးယူမှုများ ချမှတ်ခဲ့ခြင်းသည် မြောက်ကိုရီးယားကို အထိနာစေခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, 15th - Dec - 2009

          လာမည့် ရက်ပိုင်းအတွင်း သူမ၏ NLD ပါတီမှ သက်ကြီးပိုင်း အရွယ်လွန် ခေါင်းဆောင်များနှင့် တွေ့ဆုံရမည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အတိုက်အခံပါတီ၏ မျိုးဆက် ပြဿနာကို ဖြေရှင်းနိုင်ပါ့မလား ဟူသော မေးခွန်းတစ်ခု ပေါ်ပေါက်နေပါသည်။

          နိုဝင်ဘာ လကုန်တွင် NLD သတင်းရပ်ကွက်မှ ဧရာဝတီသို့ ပြောကြားခဲ့ရာတွင် မြန်မာ အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ NLD ဗဟို အလုပ်မှုဆောင် ကော်မတီဝင်များနှင့် သူမအား တွေ့ဆုံခွင့် ပြုခဲ့သော်လည်း အထိန်းသိမ်းခံ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ပါဝင်ခွင့် ရ ၊မရကိုမူ သေချာစွာ မသိရသေးဟု ဆိုပါသည်။

          အထက်ပါ တွေ့ဆုံမှုကို ကရင် နှစ်သစ်ကူးနေ့အဖြစ် ကျရောက်သည့် ဗုဒ္ဓဟူးနေ့ အစိုးရ ရုံးပိတ်ရက်တွင် ပြုလုပ်နိုင်ဖွယ် ရှိပါသည်။

          နေပြည်တော်ရှိ အာဏာပိုင်များကမူ သူမအား အလုပ် အမှုဆောင် ကော်မတီဝင် (၃) ဦး ဖြစ်သော ဦးအောင်ရွှေ၊ ဦးလျင်၊ ဦးလွန်းတင်တို့နှင့်သာ တွေ့ဆုံခွင့် ပြုခဲ့သည်ဟု ပြောကြားပါသည်။ ဦးအောင်ရွှေသည် အသက် (၉၂) နှစ် ရှိပြီ ဖြစ်ပြီး ကျန်နှစ်ဦးမှာ  အသက် (၈၀) ကျော်များ  ဖြစ်သည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်သူ ပါတီခေါင်းဆောင်သည် သူမ၏ လုပ်ဖော်ကိုင်ဘက်များနှင့် ဆွေးနွေးရာတွင် အခြားသော နိုင်ငံရေး ကိစ္စများနှင့်အတူ ပါတီ ပြန်လည် ဖွဲ့စည်းရေးကိုလည်း ဆွေးနွေးရန် မျှော်လင့်ထားပြီး အထူးသဖြင့် အသက်ကြီး၍ မကျန်းမာသော ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ နေရာတွင် လူငယ် ခေါင်းဆောင်များနှင့် အစားထိုးရန် ဖြစ်သည်ဟု NLD သတင်း ရပ်ကွက်က ဆိုပါသည်။

          လက်ရှိ အချိန်တွင် ပါတီ၌ ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် (၁၁) ဦး ရှိပြီး ၎င်းတို့အနက် (၆) ဦးမှာ အသက် (၈၀) ကျော်ပြီ ဖြစ်၍ ကျန်းမာရေး မကောင်းပါဟု CEC အဖွဲ့ဝင်၊  NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ အသက် (၆၇) နှစ်ရှိ ဦးခင်မောင်ဆွေက ပြောကြားပါသည်။

          အမှန်စင်စစ် အသက် (၆၄) နှစ်ရှိပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခင်မောင်ဆွေမှ လွဲ၍ ကျန် CEC အဖွဲ့ဝင်များ အားလုံးမှာ အသက် (၈၀) ကျော်ပြီ ဖြစ်ပါသည်။

          NLD ၏ ထင်ရှားသော အခြား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးမှာ အသက် (၈၃) နှစ် ရှိပြီ ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ဒီပဲယင်းတွင် ခြံတိုက်ခိုက်ခံရ ပြီးနောက် ၂၀၀၃ ခုနှစ် မေလတွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရပါသည်။

          "တကယ်လို့ ပါတီတစ်ခုလုံး ပြုပြင် ပြောင်းလဲဖို့ မဖြစ်နိုင်ရင်တောင် ကျန်းမာရေး မကောင်းတဲ့ ပါတီ ခေါင်းဆောင်ပိုင်းကိုတော့ အစားထိုးသင့်ပါတယ်" ဟု NLD နှင့် ရင်းနှီးသော မဟာမိတ်တစ်ဦး ဖြစ်သူ ရန်ကုန် အခြေစိုက် ရခိုင်လူမျိုး ခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားပါသည်။

          ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ နေမကောင်းသောကြောင့် အခြား CEC အဖွဲ့ဝင် (၂) ဦး ဖြစ်သူ ဦးဝင်းတင် (အသက် ၈၀) နှင့် ဦးသန်းထွန်း (၈၇) နှစ်တို့က ယာယီဥက္ကဋ္ဌ တာဝန်ကို အလှည့်ကျ တာဝန် ယူနေသည်ဟုလည်း သိရှိရပါသည်။

          ၎င်းတို့နှင့် နှိုင်းယှဉ်လျှင် ငယ်သေးသည့် အသက် (၇၀) ဦးသန်းငြိမ်းနှင့် အသက် (၆၀) ဦးဥာဏ်ဝင်းတို့မှာမူ CEC ၏ အရံ အဖွဲ့ဝင်များ ဖြစ်ပါသည်။

          NLD ပါတီအနေဖြင့် ၎င်း၏ လူကြိုက်များမှု အနေအထားကို ဆက်လက် ထိန်းသိမ်းရန်အတွက် ပြည်တွင်းရှိ လက်ရှိအနေအထားကို ၂၀၁ဝ ရွေးကောက်ပွဲ မတိုင်ခင် ပိုမို ခိုင်မာ အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်သည်ဟု ပြည်တွင်းမှ နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားပါသည်။

          အထက်ပါ ကိစ္စနှင့် ဆက်စပ်၍ မေးစရာ ရှိသည်မှာ ဒုတိယတန်း ခေါင်းဆောင်များပင် အသက် (၆၀) ကျော် နေသော အခြေအနေမျိုးဖြင့် အတိုက်အခံ ဦးဆောင်ပါတီသည် လူ့အဖွဲ့အစည်း၏ မျှော်လင့်ချက်များကို မည်သို့ ပေါင်းကူးပေးမည်နည်း ဟူသော မေးခွန်းဖြစ်သည်။

          အစိုးရ၏ ဖိနှိပ်မှုများနှင့် အခြား အကြောင်းများကြောင့် NLD ပါတီ၏ နိုင်ငံရေးဆိုင်ရာ ပါတီ ညီလာခံကို မကျင်းပနိုင်သည်မှာ ဆယ်စုနှစ် တစ်ခုခန့် ရှိခဲ့ပြီ ဖြစ်ပါသည်။ CEC က ရပ်ဆိုင်းထားခဲ့သော ပါတီ အစည်းအဝေးများကို နိုင်ငံတဝှမ်း ပြန်လည် ကျင်းပရန် လူငယ် ပါတီဝင်များက လတ်တလော တောင်းဆိုနေကြပါသည်။

          ပါတီ ခေါင်းဆောင်ပိုင်းအတွင်း မျိုးဆက် ကွာဟမှု ပြဿနာကို ဖြေရှင်းရန် NLD ၏ နိုင်ငံရေးဆိုင်ရာ ညီလာခံ အစည်းအဝေးများကို (၄) နှစ်လျှင် တစ်ကြိမ်ခန့် အနည်းဆုံး ကျင်းပသင့်သည်ဟု ဦးအေးသာအောင်က ပြောကြားပါသည်။ သို့မှသာ လူငယ် အဖွဲ့ဝင်များ နေရာ ရလာနိုင်မည် ဖြစ်ပါသည်။

          NLD ပါတီက မျိုးဆက် အစားမထိုးနိုင်သည့် ပြဿနာကို ကြုံတွေ့နေချိန်တွင် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော တပ်မတော် အစိုးရကမူ ၎င်း၏ရာထူး အဆင့်ဆင့် ရှိသော စစ်တပ်အတွင်း အပေါ်မှ အောက်အထိ ရာထူးများ ပေး၍ စည်းရုံးလျက် ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၇၆) နှစ်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (၇၂) နှစ်တို့မှ လွဲ၍ ကျန်ဗိုလ်ချုပ်ကြီးများမှာ အသက် (၆၀) တန်းများ ဖြစ်၍ အချို့မှာ (၅၀) တန်းသာ ရှိပါသေးသည်။

          တပ်မတော် အစိုးရက ကျောထောက်နောက်ခံ ပေးထားသော အရပ်ဖက် အဖွဲ့အစည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း USDA သည် ငယ်ရွယ်၍ ဂုဏ်သိက္ခာ ရှိသူများကို လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများအဖြစ် စုဆောင်းလျက် ရှိပြီး တပ်မတော် အစိုးရကို ထောက်ခံသော ပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်နေပါသည်။

          ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရန် ရှောင်ရှားသည့် အနေဖြင့် ကြံ့ခိုင်ရေးအသင်း USDA သည် ငယ်ရွယ်၍ နာမည်ကောင်း ရှိသူများကို လွှတ်တော် ကိုယ်စားလှယ် လောင်းလျာများအဖြစ် ၂၀၀၉ နှစ်ဦးမှ စ၍ ရွေးချယ် စုဆောင်းခဲ့သည်ဟု အမည် မဖော်လိုသော USDA သတင်းပေးသူက ပြောကြားပါသည်။

          ၁၉၉၀ ရွေးကောက်ပွဲတွင် တပ်မတော် အစိုးရကို လိုလားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို ကျော်လွှား၍ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

          ယခု အနှစ် (၂၀) ခန့် ကျော်လာခဲ့ချိန်တွင် NLD ၌ လူငယ် အမတ်လောင်းများ အားနည်း ချို့တဲ့နေပါသည်။ သို့သော်လည်း စစ်အုပ်ချုပ်ရေးကို တော်လှန် အုံကြွခဲ့သည့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် တက်ကြွစွာ လှုပ်ရှားခဲ့ကြသော မျိုးဆက်သစ် အဖွဲ့ဝင်များက အပိုဆောင်း အဖြစ် ရှိနေပါသေးသည်။

          အကျဉ်းကျ ခံနေရသော (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်များ ဖြစ်သည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို နှင့် ဌေးကြွယ် စသူတို့မှာ အသက် (၄၀) ကျော်တန်းများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပေါ်ပေါက်လာရေး ကိစ္စတွင် ကြီးမားစွာ အထောက်အကူ ဖြစ်စေလိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့် ရှိနေပါသည်ဟု ထုတ်ပြန် ကြေညာထားပါသည်။

          နိုင်ငံတဝှမ်းတွင် အလားအလာ ရှိသော လူငယ်များ မြောက်မြားစွာ ပေါ်ထွက်လာနေပါသည်ဟု ဦးခင်မောင်ဆွေက ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် အနာဂါတ် ကာလတွင် ပါတီခေါင်းဆောင်များ ဖြစ်လာကြပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.