Transparency Myanmar

transparency.myanmar@gmail.com

AFP, 24th September 2010

Amnesty International က မြန်မာ စစ်အစိုးရအား နိုဝင်ဘာလ ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် ကြာသပတေးနေ့တွင် တောင်းဆိုလိုက်ပြီး ယင်းမှာ ရက်စက်စွာ နှိမ်နှင်း၊ ဖြိုခွင်းခြင်း ခံခဲ့ရသော သံဃာတော် ဆန္ဒပြမှုများ ၃ နှစ်မြောက် အထိမ်းအမှတ် အဖြစ် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ယင်းအရေအတွက်မှာ ၂၀၀၇ ဆန္ဒပြပွဲများ မတိုင်မီ ဖမ်းဆီးမှု၏ ၂ ဆ ဖြစ်သည်ဟု လန်ဒန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့က ဆိုသည်။

"နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို သံတိုင်တွေ နောက်မှာ ပိတ်လှောင်ထားပြီး ရွေးကောက်ပွဲကနေ ဖယ်ထုတ်ထားတဲ့ အချိန်မျိုးမှာ အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးပြီး ဒီမိုကရေစီ ဂုဏ်သိက္ခာ တက်အောင် အရောင်တင်ဖို့ ကြိုးစားမယ် ဆိုတာက ယုံနိုင်ဖွယ် မရှိပါဘူး" ဟု Amnesty မှ မြန်မာ့ရေးရာ လေ့လာသူ Benjamin Zawacki က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည်ဟု ဆိုသော်လည်း စစ်ဖက် အုပ်ချုပ်သူ အစိုးရက နိုင်ငံရေး အကျဉ်းသားများ မပါဝင်နိုင်အောင် မဲမပေးနိုင်အောင် တားမြစ်ထားသဖြင့် အတုအယောင် ရွေးကောက်ပွဲဟု ဆန်းစစ် ဝေဖန်သူများက သတ်မှတ်ကြသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာလည်း ရွေးကောက်ပွဲ မပြုလုပ်မီ ဖျက်သိမ်းခြင်း ခံလိုက်ရသည်။ သူမ၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း အစိုးရက အဆိုပါ ရလဒ်ကို ပယ်ဖျက်ပစ်ခဲ့သည်။

၂၀၀၇ ဆန္ဒပြမှုများမှာ လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုတို့ ဆန့်ကျင်သည့် လမ်းပေါ် ချီတက်ပွဲငယ်များမှ အစပြုခဲ့သော်လည်း သံဃာတော်များ ဦးဆောင်သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ပွဲကြီးအဖြစ် တစတစ ကြီးထွားသွားခဲ့ရာ ရွှေဝါရောင် တော်လှန်ရေး ဟူသော နာမည်ဖြင့် အစားထိုးခဲ့သည်။ အဆိုပါ ရွှေဝါရောင် တော်လှန်ရေး၌ လုံခြုံရေး တပ်ဖွဲ့များ၏ သွေးစွန်းသော ဖြိုခွဲမှုများကြောင့် လူပေါင်း ၃၁ ဦး သေဆုံးပြီး ထောင်နှင့် ချီသော နိုင်ငံရေး လှုပ်ရှားသူများ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

"နိုင်ငံရေး အကျဉ်းသား ဖမ်းဆီးမှု ရေရှည် ပြဿနာဟာ မြန်မာပြည် နိုင်ငံရေး အကျပ်အတည်းရဲ့ အဓိက ဗဟိုချက် တစ်ခု ဖြစ်နေဦးမှာပါ။ အတိုက်အခံ နိုင်ငံရေး နယ်ပယ်မှာ ဒီအကျဉ်းသားတွေက အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်" ဟု Zawaeki က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 22nd Sept 2010

ဗုဒ္ဓဟူးနေ့က ကျင်းပသော ကုလသမဂ္ဂ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ထိပ်သီး အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ကမ္ဘာ့ ချမ်းသာသော နိုင်ငံများအား ဆင်းရဲသားများအား လုံလောက်အောင် ကူညီမှု မပေးခြင်း အတွက် ဝေဖန် ပြောကြားလိုက်သည်။

ဝမ်က ပြောကြားရာတွင် ချမ်းသာသော နိုင်ငံများ အနေဖြင့် နှောင်ကြိုးမဲ့ အကူအညီများ ပေးသင့်ကြောင်းနှင့် တရုတ်ပြည်၏ အာဖရိက နိုင်ငံများအပေါ် အကူအညီ တိုးပေးရေးနှင့် ကြွေးများ လျှော်ပစ်ရေး ကိစ္စများကို ပြောကြားခဲ့သည်။

"ပေါင်မုန့်တစ်လုံး ပေးတာဟာ ဘာမှမပါတဲ့ ကတိတွေ ပေးတာထက် စာရင် အများကြီး ကောင်းပါတယ်" ဟု ဝမ်က ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများအပေါ် ငွေကြေး အကူအညီများအတွက် ကတိပေးပြီး ကတိ မတည်သော နိုင်ငံများကို ဝေဖန် တိုက်ခိုက်ခဲ့သည်။

"ဖွံ့ဖြိုးပြီး နိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကူညီတာဟာ အဓိက တာဝန်လို့ ယူဆပြီး ကတိတည်ဖို့တော့ ကောင်းပါတယ်'' ဟု ဝမ်က ပြောကြားခဲ့သည်။

၎င်းက ဆက်လက် ပြောကြားရာတွင် ချမ်းသာသော နိုင်ငံများဖြင့် အကူအညီများကို ၎င်းတို့ အမျိုးသား ဝင်ငွေ၏ ၀.၇ % ထိ တိုး၍ ပေးရန် စီစဉ်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကို ရေရှည်၊ တည်ငြိမ်ပြီး ခန့်မှန်း ရနိုင်သော ငွေကြေး အကူအညီများ ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အကူအညီတွေဟာလည်း အတ္တကင်းပြီး နှောင်ကြိုးမဲ့ ဖြစ်သင့်ပါတယ်'' ဟု ဝမ်က ဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၀၉ ခုနှစ် နှစ်ကုန်တွင် နိုင်ငံ ငါးဆယ်ခန့်က တရုတ်သို့ ပေးရန် ရှိသော ကြွေးမြီ (၄) ဘီလျံ ဒေါ်လာခန့်ကို လျှော်ပစ်ခဲ့ကြောင်း၊ ယခု ၂၀၁၀ ခုနှစ် ကုန်တွင် စေ့မည့် ကြွေးမြီများကိုလည်း လျှော်ပေးဦးမည် ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ထို့အပြင် တရုတ် အနေဖြင့် ပါကစ္စတန် ရေဘေး အကူအညီ အတွက် အမေရိကန် ဒေါ်လာ သန်း (၂၀၀) အပိုဆောင်း ပေးဦးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာခဲ့သည်။

"ဒီအခမ်းအနားမှာ ကြုံကြိုက်လို့ အခါ အခွင့်သင့်တုန်း ကျွန်တော် ကြေညာလိုပါတယ်။ ပါကစ္စတန် ရေဘေး အတွက် စီစဉ်ထားတဲ့ အကူအညီတွေ အပြင် ဒေါ်လာသန်း (၂၀၀) ထပ်ပေးပါမယ်လို့ ပြောလိုပါတယ်'' ဟု ဝမ်က ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ အချို့အား ဖျက်သိမ်း ပစ်လိုက်မှုကို ကြည့်လျှင် မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်သည် ဟာသ ဆန်သော အရေးကိစ္စ တစ်ခုသာ ဖြစ်သည် ဟူသော အချက်ကို ဖော်ပြရာ ရောက်ကြောင်း အမေရိကန် အစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ ၁၀ ပါတီအား ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံပိုင် ရုပ်သံမီဒီယာက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီ သက်တမ်းတိုးရန် မှတ်ပုံတင်ခြင်း မရှိခဲ့သောကြောင့် တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ထုတ်ပြန် ကြေညာသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းတကျ နိုင်ငံရေး ဖြစ်စဉ် ပေါ်ပေါက်ခြင်း မရှိကြောင်း ပုံမှန် ပြုလုပ်နေကျ ဖြစ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ "မြန်မာ နိုင်ငံရေးမှာ နောက်ထပ် စိတ်ပျက် အားလျော့စရာ အရိပ် လက္ခဏာတွေ ရှိနေတယ်လို့ပဲ ပြောချင်ပါတော့တယ်။ ရွေးကောက်ပွဲက လွဲရင် ဒီမိုကရေစီ ဆိုတာ ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက နိုဝင်ဘာလ ရွေးကောက်ပွဲသည် စစ်ဘက် အုပ်ချုပ်ရေးမှ အရပ်ဘက် အုပ်ချုပ်ရေးသို့ လွှဲပြောင်းပေးမည့် နိုင်ငံရေး ဖြစ်စဉ်ဟု သတ်မှတ် ပြောဆိုသည်။ ယခု လပိုင်းများအတွင်း ထွက်ပေါ်လာသော သတင်းများအရ မြန်မာစစ်တပ်မှ စစ်ဗိုလ်ချုပ်ကြီး အတော် များများမှာ ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်နိုင်ရေး အလို့ငှာ စစ်ဘက်ရာထူးမှ အငြိမ်းစား ယူခဲ့ကြသည်။

အနောက်နိုင်ငံ အတော်များများက မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲသည် ရှက်စရာ ကောင်းသော ဖြစ်စဉ်တစ်ခုသာ ဖြစ်လာမည်ဟု သုံးသပ်ကြသည်။ အကြောင်းမှာ စစ်ခေါင်းဆောင်များက ရွေးကောက်ပွဲ ကော်မရှင်ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင် ထားသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

UPI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဂျပန်နိုင်ငံက ဖမ်းဆီးထားသော တရုတ်သင်္ဘော ကပ္ပတိန်အား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။ ဂျပန်နှင့် တရုတ်နှစ်နိုင်ငံ ရေပိုင်နက် ဆိုင်ရာ အငြင်းပွားနေသည့် နေရာတွင် ဂျပန် ကင်းလှည့်သင်္ဘောနှင့် တရုတ် ငါးဖမ်းသင်္ဘောတို့ တိုက်မိရာမှ တရုတ် ကပ္ပတိန်အား ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး မပြေမလည် ဖြစ်လျက် ရှိသည်။

"တရုတ် သင်္ဘော ကပ္ပတိန်ကို မလွှတ်ပေးပါက တရုတ်နိုင်ငံ အနေဖြင့် နောက်ထပ် အရေးယူ ဆောင်ရွက်ချက်များ လုပ်ကိုင်ရမည် ဖြစ်သည်" ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ပြောကြားချက်ကို ကိုးကားပြီး Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပ ပြုလုပ်သော ကုလသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် ရောက်ရှိနေခိုက် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ မစ္စတာ ဝမ်ကျားပေါင်သည် အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အပါအဝင် အခြားသော နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။

တရုတ်နှင့် ဂျပန် သံတမန် ဆက်ဆံရေး မပြေမလည် ဖြစ်မှုမှာ စက်တင်ဘာလ ၇ ရက်နေ့က အငြင်းပွားဖွယ်ရာ ကျွန်းစုများ အနီးရှိ အရှေ့ တရုတ် ပင်လယ်ပြင်တွင်း တရုတ် ငါးဖမ်းသင်္ဘောနှင့် ဂျပန် ကမ်းခြေစောင့် ကင်းတပ် သင်္ဘောတို့ တိုက်မိပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒေသမှာ ရေနံ၊ သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်နိုင်ရုံ သာမက ငါးဖမ်း လုပ်ငန်းများပါ ကောင်းစွာ လုပ်ကိုင်နိုင်သော အနေအထားတွင် ရှိသောကြောင့် တရုတ်နှင့် ဂျပန်သာမက ထိုင်ဝမ်ပါ သူပိုင်ထိုင် ကိုယ်ပိုင်ထိုက် အငြင်းပွားနေကြခြင်း ဖြစ်သည်။

တရုတ် သင်္ဘော ကပ္ပတိန် ကျန်ဇီကုန်း (၄၁ နှစ်) ကို ဂျပန်နိုင်ငံက ပြည်တွင်းဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဂျပန် တရားရုံးတော်က မစ္စတာ ကျန်ဇီကုန်း၏ အမှုကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် အဆုံးအဖြတ် ပေးမည်ဟု ဆိုကာ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

တရုတ်နိုင်ငံက ကျန်ဇီကုန်းအား ဖမ်းဆီးမှုကို လွန်စွာ မကျေမချမ်း ဖြစ်ခဲ့ပြီး ၎င်းအား အမြန်ဆုံး လွှတ်ပေးရန် ထပ်ခါတလဲလဲ တောင်းဆိုထားသည်။ ဂျပန်နိုင်ငံ သံအမတ်ကြီးကိုလည်း ခြောက်ကြိမ်တိတိ ဆင့်ခေါ်ခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံပွဲမှုများ၊ ယဉ်ကျေးမှု ဖလှယ်သည့် အစီအစဉ်များကို ဆိုင်းငံ့လိုက်သည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် ဂျပန်ဝန်ကြီးချုပ် နာတိုကန်တို့သည် နယူးယောက်မြို့၊ ကုလသမဂ္ဂ ဆွေးနွေးပွဲတွင် အမေရိကန် သမ္မတ အိုဘားမားနှင့် သီးခြားစီ တွေ့ဆုံမည် ဖြစ်သည်။ တရုတ် အစိုးရက နှစ်နိုင်ငံ အကြား ကြားဝင် စေ့စပ်ညှိနှိုင်း ပြောဆိုမှုများကို လက်သင့်ခံမည် မဟုတ်ဟု ထုတ်ဖော် ပြောဆိုထားသည်။

"အခုလို အခြေအနေမှာ တွေ့ဆုံ ဆွေးနွေးပွဲ လုပ်လို့ မကောင်းဘူးဆိုတာ ရှင်းပါတယ်။ အခုကိစ္စကြောင့် တရုတ်နဲ့ ဂျပန် အပြန်အလှန် ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်" ဟု တရုတ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က သတင်းထောက်များကို ပြောကြားသည်။ ကပ္ပတိန် ကျန်ဇီကုန်းကို ဖမ်းဆီးထားမှုအပေါ် တရုတ် ပြည်သူများကလည်း များစွာ မကျေမနပ် ဖြစ်လျက် ရှိသည်။

ဂျပန် ကက်ဘိနက် အတွင်းရေးမှူးချုပ် Yoshito Sengoku က "ဂျပန်နှင့် တရုတ် သာမက အခြားသော နိုင်ငံများမှ အရာရှိကြီးများ အနေဖြင့် အမြင် ကျဉ်းမြောင်းပြီး အစွန်းရောက်လွန်းသော အမျိုးသားရေး ဝါဒကို ထုတ်ဖော် မကျင့်သုံးရန် လိုအပ်ကြောင်း" ပြောကြားသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တရုတ်နိုင်ငံ မြို့သုံးမြို့တွင် ဂျပန် ဆန့်ကျင်ရေး အုပ်စုများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ သို့သော် အကျဉ်းချုံးမျှသာ ဖြစ်ပြီး ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Tribune, 23rd Sept 2010

မြန်မာနိုင်ငံတွင် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ထောက်ခံမှုများမှာ တိုးတက်လျက် ရှိသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက ပြင်သစ်၊ ကနေဒါ၊ နယ်သာလန်နှင့် နယူဇီလန်တို့သည် ၎င်းတို့၏ ထောက်ခံမှုကို ပြောကြားခဲ့ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့အတွက် ထောက်ခံသည့် နိုင်ငံ စုစုပေါင်း (၁၀) နိုင်ငံ ရှိသွားပြီ ဖြစ်သည်။

Christian Solidarity Worldwide (CSW) သည် အခြား နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များနှင့် အတူ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးအတွက် လွန်ခဲ့သောနှစ် အနည်းငယ် ကတည်းက စည်းရုံး လှုပ်ရှားနေခဲ့သည်။ ယခုနှစ် မတ်လက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စများအတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Tomas Ojea Quintana သည် ၎င်း၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် လူသားချင်း မစာနာသော ရာဇဝတ်မှုများ ကျူးလွန်သည့် အဆင့်သို့ ရောက်လာကြောင်း နိဂုံးချုပ်ထားပြီး စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် အကြံပြုထားခဲ့သည်။

ပြီးခဲ့သည့် လက ဥရောပသမဂ္ဂ (EU)  နိုင်ငံခြားရေး ဝန်ကြီးများထံသို့ CSW က စာရေးသားခဲ့ရာတွင် EU အား လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် ထောက်ခံချက် ပေးရန် တောင်းဆိုခဲ့သည်။

"Unmasking Burma's Tyrant'' ဟူသော သန်းရွှေအကြောင်း စာအုပ် ရေးသားသူ၊ CSW ၏ အရှေ့အာရှ အဖွဲ့ခေါင်းဆောင် Benedict Rogers က ပြောကြားရာတွင် "ဟန်ချက် ညီနေပြီ ဆိုတာကတော့ သံသယ ဖြစ်ဖွယ် မရှိပါဘူး။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားချင်း မစာနာတဲ့ ရာဇဝတ်မှုတွေ ဖြစ်လာနေပြီး၊ ဆက်ပြီး လစ်လျူရှု မနေနိုင်တော့ဘူး ဆိုတာကို ကမ္ဘာအနှံ့က အစိုးရတွေက အသိအမှတ် ပြုလာကြပါပြီ။ အခြား အစိုးရတွေနဲ့ EU ကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ ထောက်ခံထားတဲ့ ဆယ်နိုင်ငံနဲ့ ပူးပေါင်းပြီး ပါဝင်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ တရားဝင် နိုင်ငံတကာ စုံစမ်းမှု အနေနဲ့ စုံစမ်းဖို့ သင့်တာ ကြာပြီ ဖြစ်တဲ့ အစိုးရရဲ့ ကျယ်ကျယ်ပြန့်ပြန့် စစ်ပွဲ လက်နက်သဖွယ် စနစ်တကျ လုပ်နေတဲ့ အမျိုးသမီးများ အပေါ် အဓမ္မကျူးလွန်မှုတွေ၊ ကလေးစစ်သားများ အတင်းစုဆောင်းမှု၊ အဓမ္မ လုပ်အားပေးစေမှုတွေ၊ ရွာများကို ဖျက်ဆီး၊ သတ်ဖြတ်မှုတွေကို တွေ့နေရပါတယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ အာရှတိုက်ရဲ့ Darfur ပဲဖြစ်ပြီး၊ ဆက်ပြီး လစ်လျူရှုထားဖို့ မသင့်တော်တော့ပါဘူး'' ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 23rd Sept 2010

မြောက်ကိုးရီးယားသည် ၎င်း၏ အဓိက ကွန်မြူနစ်ပါတီ အစည်းအဝေးကြီး မတိုင်မီ ထိပ်ပိုင်း တာဝန်ရှိသူများ ပြောင်းလဲ ခန့်အပ်ထားခြင်းများ ပြုလုပ်ခဲ့သည်ဟု ကြာသပတေးနေ့က ကြေညာခဲ့သည်။ လာမည့် ရက်အနည်းငယ် အတွင်း ကျင်းပမည့် ပါတီ အစည်းအဝေးတွင် ကင်ဂျုံအီက ၎င်းသားသို့ အာဏာ လွှဲပြောင်းရေးအတွက် လမ်းခင်း ပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။

မြောက်ကိုးရီးယား၏ ပထမ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Kang Sok- Ju အား ဒုတိယ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ကြောင်း ကိုးရီးယား ဗဟို သတင်း အေဂျင်စီ (KCNA) က ဆိုသည်။ လွတ်သွားသော Kang Sok-Ju ၏ နေရာတွင် ခြောက်နိုင်ငံ နျူကလီယာ လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲ ကိုယ်စားလှယ် ခေါင်းဆောင် Kim Kye-Gwan အား ခန့်အပ်ခဲ့သည်ဟုလည်း သိရသည်။

Kim Jong-Il က သူ၏ အငယ်ဆုံးသား Jong-Un အား အာဏာလွှဲပေးမည့် လမ်းခင်းပေးမည်ဟု ယူဆရသော ကွန်မြူနစ်ပါတီ၏ ဆယ်စုနှစ်များအတွင်း အကြီးဆုံး အစည်းအဝေးကို လာမည့် အင်္ဂါနေ့တွင် ကျင်းပမည် ဖြစ်ပြီး၊ အဆိုပါ အစည်းအဝေး မတိုင်မီ ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 22nd September 2010

ကုလသမဂ္ဂ၏ အရေးယူမှုများ ချမှတ်အပြီး သုံးလ အကြာတွင် ကရင်မလင်သည် အီရန်သို့ S-300 ကာကွယ်ရေး ဒုံးကျည်စနစ် ရောင်းချမှုကို ပိတ်ပင်ခဲ့သည်။

ရောင်းချမှု တားမြစ်သည့် အမိန့်အား သမ္မတ Dmitry Medvedev က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက စစ်ဦးစီး အရာရှိချုပ် အကြီးအကဲ Nikolai Makarov က ဒုံးကျည်များသည် ဇွန်လက ချမှတ်ခဲ့သော အရေးယူမှုများတွင် သေချာပေါက် ပါဝင်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ထိုအချိန်က ရုရှား နိုင်ငံခြားရေး ၀န်ကြီးက S-300 သဘော တူညီမှုကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အီရန် အနေဖြင့် S-300 စနစ်ကို ပိုင်ဆိုင်ခြင်းဖြင့် ယင်း၏ နျူကလီယာ အဆောက်အဦများကို လေကြောင်းမှ တိုက်ခိုက်မှုအား ကာကွယ်ရာတွင် အထောက်အကူပြုသည်။

သမ္မတ၏ အမိန့်ကို ကရင်မလင် Website တွင် ဖော်ပြထားရာ S-300 အပါအ၀င် စစ်သုံးပစ္စည်းများကို စာရင်း ပြုစု ဖော်ပြထားသည်။ အဆိုပါ အသုံးပစ္စည်းများသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စတုတ္ထ အကြိမ်မြောက် ချမှတ်သော အရေးယူမှုများတွင် အီရန်သို့ တင်ပို့ရန် တားမြစ်ထားသော ပစ္စည်းများ ဖြစ်သည်။

"ဆုံးဖြတ်ချက်ကတော့ S-300 စနစ်ကို အီရန်ကို မရောင်းဖို့ပဲ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ကြီး Makaov က မော်စကို ပြင်ပရှိ Ramenskoye လေဆိပ်တွင် အဆိုပါအမိန့် ထုတ်ပြန်ပြီး မကြာမီ ပြောကြားခဲ့သည်။

"အရေးယူမယ့် အစီအစဉ်တွေကို သူတို့ကတော့ သေချာပေါက် ကန့်ကွက်မှာပါ" ဟု ယင်းက ဆိုသည်။

"အကယ်၍ ရုရှားက အီရန်နှင့် ကန်ထရိုက် စာချုပ်ကို ဖျက်သိမ်းခဲ့လျှင်" ဟူသော မေးခွန်းကို မေးမြန်းရာ ယင်းက "ကျွန်တော်တို့ တွေ့ရမှာပါ။ ဒီကိစ္စက အီရန် ဘယ်လို ပြုမူ ဆောင်ရွက်သလဲ ဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်" ဟု ဖြေကြားသည်။

အရေးယူ ပိတ်ဆို့မည့် အစီအစဉ်သစ်များသည် S-300 ဒုံးကျည် ကန်ထရိုက် စာချုပ်အပေါ် သက်ရောက်မှု ရှိမည် မဟုတ်ဟု နိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလာ ဗရော့ပ်က ဇွန်လတွင် ပြောကြားခဲ့ဖူးသည်။

သို့သော်လည်း ထိုသို့ ပြောကြားပြီး များမကြာမီတွင် ၀န်ကြီးချုပ် ဗလာဒီမာပူတင်က ဒုံးကျည် ရောင်းချမှုကို ဆိုင်းငံ့ထားသည်ဟု ပြောကြားခဲ့ခြင်းကို ပြင်သစ် သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန်နိုင်ငံ နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် ကြိုးစားနေမှုကို တားဆီးရေးအတွက် အစ္စရေး က အီရန်နျူကလီယာ အဆောက်အဦများကို ဗုံးကြဲရန် ကြိုးစားဖွယ် ရှိသည် ဟူသော မှန်းဆချက်များ အချိန်ကြာမြင့်စွာကပင် ထွက်ပေါ်နေခဲ့သည်။ အီရန်ကမူ နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် ကြိုးစားနေသည် ဟူသော သတင်းကို ငြင်းဆန်ခဲ့ပြီး ယင်း၏ နျူကလီယာ အစီအစဉ်သည် လုံးဝ အရပ်ဖက်သုံးသာ ဖြစ်သည်ဟု ခုခံ ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 23rd September 2010

တရုတ်နိုင်ငံက ယင်း၏ ယွမ်ငွေကို တမင်တကာ တန်ဖိုးချထားခြင်းအတွက် အရေးယူ ဒဏ်ခတ်မည့် ဥပဒေကို အမေရိကန် လွှတ်တော် အမတ်များက လာမည့် အပတ်တွင် မဲခွဲ ဆုံးဖြတ်ကြမည် ဖြစ်ပြီး ကွန်ကရက် ရွေးကောက်ပွဲများ နီးကပ်လာခြင်းကြောင့် အဆိုပါ ကိုင်တွယ် ရခက်သည့် ကိစ္စအပေါ် နိုင်ငံရေးအရ ထောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယွမ်ငွေကို ဒေါ်လာနှင့် လွတ်လပ်စွာ ချိတ်ဆက်၍ ပကတိအတိုင်း တန်ဖိုး တက်လာစေရန် တရုတ်ကို ဖိအားပေးမည့် ဥပဒေ မူကြမ်းအား မဲခွဲရန် ဆုံးဖြတ်ချက်မှာ သမ္မတ အိုဘားမားနှင့် တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့ နယူးယောက်တွင် မတွေ့ဆုံမီ တစ်ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ် ငွေကြေး မူဝါဒကို အရေးယူမည့် ဥပဒေမူကြမ်းကို ကွန်ကရက် လွှတ်တော် ကော်မတီတွင် သောကြာနေ့၌ မဲခွဲရန် စီစဉ်ထားပြီး ကွန်ကရက် လွှတ်တော် တစ်ခုလုံး အနေဖြင့် လာမည့် အပတ်တွင် မဲခွဲဆုံးဖြတ်မည်ဟု မျှော်လင့်ရကြောင်း၊ ဒီမိုကရက်တစ် လက်ထောက် အကြံပေးများက ပြောကြားသည်။

တရုတ်နိုင်ငံသည် တရုတ် ကုမ္ပဏီများ ကုန်သွယ်ရေး အသာစီးရစေရန် ယွမ်ငွေကို ၂၅ % မှ ၄၀ % အထိ အလွန်အကျွံ တန်ဖိုးချခြင်းကို တမင်တကာ ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန် ပို့ကုန် ပို့ကုန် လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ထိခိုက် နစ်နာစေခဲ့သည်ဟု လွှတ်တော်တွင်းနှင့် လွှတ်တော် ပြင်ပမှ ဝေဖန် ဆန်းစစ်သူများက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံသည် ယွမ်ငွေ တန်ဖိုး မြှင့်ခြင်းကို အပြည့်အ၀ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်းနှင့် ဘေဂျင်းကို အရေးယူမည့် ဥပဒေကို ပြဌာန်းရန် အမေရိကန် လွှတ်တော် အမတ်များက စီစဉ်နေသည့် အားလျော်စွာ တရုတ်၏ မူဝါဒအပေါ် ၀ါရှင်တန်က ပြင်းထန်စွာ သတိပေးမှု ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အိုဘားမားက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

လွှတ်တော် အမတ်များသည် ယခုကိစ္စကို နှစ်အတန်ကြာ ဖိအားပေးခဲ့ကြရာတွင် အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သော်လည်း ယခုအခါ အရှိန်ရလာသည့် လက္ခဏာ ရှိနေသည်။ ကွန်ကရက် ရွေးကောက်ပွဲများ ကျင်းပရန် သီတင်း ၆ ပတ်မျှသာ လိုတော့ခြင်းကြောင့် အလုပ် လက်မဲ့နှုန်း မြင့်မား လာခြင်းမှာ ထိပ်တန်းကိစ္စ ဖြစ်လာခဲ့ပြီး ပါတီ၂ ခုစလုံး၏ ထောက်ခံမှုကို ရရှိလာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asia News, 22nd September 2010

မြန်မာနိုင်ငံအား အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၄.၂ဘီလီယံ (ယွမ် ၃၀ဘီလီယံ) ထုတ်ပေးရန် တရုတ်နိုင်ငံက သဘောတူလိုက်ပြီ ဖြစ်သည်။ စက်တင်ဘာ ၇ မှ ၁၁ ထိကြာမြင့်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၅ ရက်ကြာ တရုတ် ခရီးစဉ်တွင် အဆိုပါ သဘော တူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ အစိုးရ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ၀န်ကြီးဌာနက ကြေညာသည်။ "ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တရုတ်သမ္မတ ဟူကျင်တောင် ဘေဂျင်းမှာ တွေ့ဆုံကြပြီးတဲ့နောက် အတိုးမဲ့ ချေးငွေ သဘော တူညီချက် ရခဲ့တာပါ" ဟု ၀န်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည့် ဖိနှိပ် အုပ်စိုးသော အစိုးရ အုပ်ချုပ်သည့် မြန်မာ နိုင်ငံမှာ အမြဲလိုလို စွမ်းအင်နှင့် ကုန်ကြမ်းများ ဆာလောင်နေသည့် တရုတ် လော်လီကားကြီးအတွက် စိတ်ဝင်စားစရာ အနေအထား တစ်ရပ် ဖြစ်နေသည်။ ထိုသို့ ရှုမြင်မှုကြောင့်ပင် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ၀င်ရောက် မစွက်ဖက်ရေး မူဝါဒကို လေးစားရမည်ဟု ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၃၅ ဦး ကိုယ်စားလှယ် အဖွဲ့တို့၏ တရုတ် ခရီးစဉ်မှာ တင်းကျပ်စွာ ထိန်းချုပ်ထားရန် လိုအပ်သော နယ်စပ်ချင်း ထိစပ်နေသည့် တရုတ်နှင့် မြန်မာအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ခိုင်မာစေရန် ရည်ရွယ် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံတွင်း တရုတ် ရင်းနှီး မြှုပ်နှံမှုများမှာ လတ်တလော နှစ်များအတွင်း ကြီးထွားလာခဲ့ပြီး ယခုအခါ တရုတ်သည် ထိုင်းနှင့် စင်ကာပူ၏ နောက်တွင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်လျက် ရှိသည်။ ယခုနှစ် ဇန်န၀ါရီလတွင် တရုတ်က မြန်မာနိုင်ငံ၌ အမေရိကန် ဒေါ်လာ ၁.၈ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့သည်။ ယခု ပုံစံအတိုင်း ဆက်သွားပါက တရုတ်သည် မကြာမီအတွင်း မြန်မာနိုင်ငံ၌ ထိပ်ဆုံး ရောက်သွားလိမ့်မည်ဟု Central Statistical Organization လေ့လာမှု အစီရင်ခံစာက ဆိုသည်။ တရုတ် ပြည်မကြီးနှင့် ဟောင်ကောင်မှ တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများမှာလည်း ဇွန်လတွင် အမေရိကန် ဒေါ်လာ ၂.၃ ဘီလျံအထိ ရောက်ရှိခဲ့သည်။

"ဒီနှစ် ၃၀ ချေးငွေက ရေအား လျှပ်စစ် စီမံကိန်းတွေ၊ ကားလမ်း၊ ရထားလမ်း စီမံကိန်းတွေ၊ သတင်းနဲ့ နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွေ အတွက် ရန်ပုံငွေ ကြီးကြီးမားမား ထောက်ပံ့ဖို့ ရည်ရွယ်တာပါ" ဟု မြန်မာ ၀န်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

သို့သော်လည်း ရန်ကုန်မှ အမည် မဖော်လိုသော စီးပွားရေး ပညာရှင် တစ်ဦးက "အခုလို တရုတ် ဆီက ချေးငွေကို လက်ခံလိုက်တဲ့ အတွက် ကြီးမားတဲ့ တရုတ်လွှမ်းမိုးမှုနဲ့ တရုတ်ကုမ္ပဏီတွေ၊ အလုပ်သမားတွေ ဝင်ရောက်လာမှုကို မြန်မာ စစ်အစိုးရက တံခါးဖွင့်ပေးရတဲ့ ကိန်းကို ဆိုက်တော့မှာပါ" ဟု သုံးသပ် ပြောကြားသည်။

"ဒီသဘော တူညီချက်ကနေ ပေါ်ပေါက်လာမယ့် စီးပွားရေး အခွင့်အလမ်းတွေကို သာမန် ပြည်သူတွေ ရမှာ မဟုတ်ပါဘူး။ ဒီချေးငွေတွေကို ဘယ်လို သုံးစွဲမယ် ဆိုတာကို အစိုးရက ထုတ်ပြန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သန်းရွှေက စစ်တပ် ဖွံ့ဖြိုးရေးကဏ္ဍမှာ ဘယ်လောက် ဖြုန်းပစ်မလဲ ဆိုတာ မသိနိုင်ပါ ဘူး" ဟု ယင်းက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး စုဝေးမည့် လွှတ်တော် အသစ်သို့ စစ်ဖက် အသုံးစရိတ်များကို တင်ပြလိမ့်မည် မဟုတ်ဟု စစ်ဖက် သတင်းရပ်ကွက်မှ ကြားသိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ ငါးဖမ်းသင်္ဘောမှ ကပ္ပတိန်ဖြစ်သူကို ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံး အနေဖြင့် အစွန်းရောက် အမျိုးသားရေး အယူဝါဒကို ရှောင်ရှားရန် ဂျပန်နိုင်ငံက တရုတ်နိုင်ငံအား သတိပေး ပြောဆိုလိုက်သည်။

လက်ရှိ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် အရေးကိစ္စနှင့် ပတ်သက်၍ နောက်ထပ် တင်းမာမှုများ ဖြစ်ပေါ်မလာစေရန် ဖြစ်နိုင်ခြေ ရှိသည့် နည်းလမ်းများကို အသုံးပြုလိုကြောင်း ဂျပန် အစိုးရက ဆိုသည်။

ဂျပန်အစိုးရမှ အဆင့်မြင့် အရာရှိကြီးများနှင့် အဆက်အသွယ် ပြုလုပ်မှုကို တရုတ် နိုင်ငံဘက်က ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ပြဿနာ တက်နေသော ပင်လယ်ပြင် အတွင်း ဂျပန် ကင်းလှည့်သင်္ဘောနှင့် တရုတ် ငါးဖမ်းသင်္ဘောတို့ တိုက်မိပြီးနောက် ဂျပန်နိုင်ငံက ဖမ်းဆီးထားသော ငါးဖမ်းသင်္ဘော ကပ္ပတိန်အား အမြန်ဆုံး လွှတ်ပေးရန် တရုတ်က တောင်းဆိုထားသည်။

တိုကျို အခြေစိုက် BBC သတင်းထောက် Roland Buerk အဆိုအရ ဂျပန်အစိုးရသည် နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသော တင်းမာမှုများနှင့် ရန်မီးများကို တရုတ်နိုင်ငံ အနေဖြင့် လျှော့ချလာရေးအတွက် သွေးဆောင် စည်းရုံးရန် ကြိုးပမ်းလျက် ရှိသည်။

ဂျပန် ကက်ဘိနက် အတွင်းရေးမှူးချုပ် Yoshito Sengoku က "ဂျပန်နှင့် တရုတ် သာမက အခြားသော နိုင်ငံများမှ အရာရှိကြီးများ အနေဖြင့် အမြင် ကျဉ်းမြောင်းပြီး အစွန်းရောက်လွန်းသော အမျိုးသားရေး ဝါဒကို ထုတ်ဖော် မကျင့်သုံးရန် လိုအပ်ကြောင်း" ပြောကြားသည်။

ဂျပန်နှင့် တရုတ်နှစ်နိုင်ငံအကြား အခြေအတင် အငြင်းပွားမှုများသည် ပြီးခဲ့သည့် ရက်သတ္တပတ်က အရှေ့တရုတ် ပင်လယ်အတွင်းရှိ နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသော လူသူမနေသော ကျွန်းများအနီး ဂျပန် ကင်းလှည့်သင်္ဘောနှင့် တရုတ် ငါးဖမ်းသင်္ဘောတို့ တိုက်မိပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျွန်းများသည် ထိုင်ဝမ် မြောက်ဘက် နှင့် ဂျပန်နိုင်ငံ တောင်ဘက် အိုကီနာဝါ ဒေသတွင် တည်ရှိပြီး ငါးအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသည်။ ထိုင်ဝမ်ကလည်း သူပိုင်သည် ဟူ၍ အလားတူ ထုတ်ဖော် ပြောဆိုထားသည်။

တရုတ် ငါးဖမ်းသင်္ဘောကို ဖမ်းဆီးခဲ့ရသည့် အဓိက အကြောင်းအရင်းမှာ ဂျပန် ကင်းလှည့်သင်္ဘောကို တမင်တကာ ဝင်တိုက်ခဲ့သည်ဟု သံသယ ရှိသောကြောင့် ဖြစ်သည်။ လတ်တလော ကာလတွင် ရှန်ဟိုင်း ကုန်စည်ပြပွဲသို့ သွားရောက်ရန် စီစဉ်ထားသည့် ဂျပန်လူငယ် ၁၀၀၀ အား တရုတ်နိုင်ငံက လက်သင့်မခံတော့ကြောင့် ထုတ်ဖော် ပြောဆိုခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.