Transparency Myanmar

transparency.myanmar@gmail.com

(by Jason Szep)

(From The Star Online) 25-Oct-2009

          အာရှမှခေါင်းဆောင်များသည် မြန်မာစစ်အစိုးရအပေါ် အကောင်းမြင်မှု လျော့နည်းလာ နေကြောင်း တနင်္ဂနွေနေ့က ဖော်ပြခဲ့ကြပါသည်။ အချိန်မရွေး ပျက်ပြားသွားနိုင်သော မြောက်ဖက်နယ်စပ်အရေးမှသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား ပျော့ပြောင်းလာမည့် လက္ခဏာတို့နှင့် ပတ်သက်၍ မျှော်လင့်ချက် နည်းပါးကြောင်း ဖော်ပြပါသည်။

          အာရှ-ပစိဖိတ် ၁၆ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီးတွင် အာရှနိုင်ငံများမှ ခေါင်းဆောင်များက အထီးကျန်တိုင်းပြည် အနေဖြင့် လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ကြောင်း ကမ္ဘာကို ပြသရန် လိုအပ်ပုံကို ၎င်းတို့သိရှိကြကြောင်း ပြောကြားသွားပါသည်။

          ၁၄ နှစ်ခန့် ထိန်းသိမ်းခံနေရသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သြဂုတ်လက နောက်ထပ် ၁၈ လ ထပ်မံ၍ ပြစ်ဒဏ်ချမှတ်ခြင်းသည် လာမည့်နှစ် ရွေးကောက်ပွဲသည် အတုအယောင်လား ဟူသော မေးခွန်းကို ပေါ်ပေါက်လာစေပါသည်။

          ထိုင်းဝန်ကြီးချုပ် Abhisit က ပြောကြားရာ၌ အစည်းအဝေးတွင် မြန်မာက ဒေါ်အောင်ဆန်းစုကြည်သည် လူ့အဖွဲ့အစည်းအတွင်း ပါဝင်လာနိုင်ပြီး နိုင်ငံရေးတွင်လည်း ပါဝင်ကောင်း ပါဝင်လာနိုင်ပုံကို ထည့်သွင်းပြောကြားသွားသည် ဆိုပါသည်။ သို့သော် အချိန်သတ်မှတ်ချက်ကို မပေးသွားဟု ဆိုပါသည်။

          သူမအနေဖြင့် အမျိုးသားပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လုပ် ဆောင်နိုင်ရေးအတွက် အကောင်းဖက်မှ ရှုမြင်ရကြောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်က မိမိတို့နှင့် တွေ့ဆုံစကားပြောစဉ် ပြောသွားကြောင်း Abhisit ကပြောပါသည်။

          လာမည့်နှစ် ရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရပြီး၊ စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည့် ရွေးကောက်ပွဲအပြီး ပထမဆုံးလုပ်မည့် ရွေးကောက်ပွဲဖြစ်ပါသည်။

          ယခုလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အနောက်နိုင်ငံများမှ အရေးယူ ကန့်သတ်မှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံ သံတမန်များနှင့် တွေ့ခွင့်ပြုခြင်း အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် ထိတွေ့ရေးအတွက် တံခါးဖွင့်ပေးခြင်းစသည့် မြန်မာအစိုးရ၏ နှစ်လိုဖွယ် ကောင်းသော ကြိုးပမ်းအားထုတ်မှုများကို တွေ့ရပါသည်။

          မြန်မာခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်သည် ကောင်းမွန်စွာ ကျင့်ကြံနေ ထိုင်ပါက သူမအပေါ် ကန့်သတ်ထားမှုများကို ဖြေလျော့ပေးနိုင်ကြောင်း ပြောကြားချက်ကို ကိုးကား၍ ဂျပန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Kazuo Kodama က ဝေဖန်ချက် ပေးသွားခဲ့ပါသည်။

          မြန်မာဝန်ကြီးချုပ်သည် ကမ္ဘာကလိုလားသော ဖြစ်နိုင်သမျှ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်ရေးကို ကောင်းကောင်း အသိအမှတ်ပြု၍ သိရှိကြောင်း Abhisit က သတင်းစာရှင်းလင်းပွဲတွင် ပြောပါသည်။

          အခြား အာရှခေါင်းဆောင်များကလည်း အဆိုပါအမြင်ကို သံယောင်လိုက် ပြော ကြားသွားကြပါသည်။

          မြန်မာခေါင်းဆောင်များသည် အမေရိကန်နှင့် ပုံမှန်ဆက်ဆံရေးဆီသို့ ဦးတည် ကြိုးစားနေပြီး၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေးကိုလည်း လုပ်ဆောင်လျက် ရှိနေရာ မျှော်လင့်၍ ကောင်းသော အနေအထားရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် Manmoshan Singh ကပြောပါသည်။

          မြန်မာ့လူ့အဖွဲ့အစည်း အစိတ်အပိုင်းအားလုံး ပေါင်းစည်းမှုကို လာမည့်နှစ် ရွေးကောက်ပွဲတွင် တွေ့ရမည်ဆိုလျှင် မိမိတို့ကြိုဆိုရမည်ဖြစ်ကြောင်း Singh က သီးခြား သတင်းစာရှင်းလင်းပွဲတွင် ပြောသွားပါသည်။

နယ်စပ်တည်ငြိမ်မှု

        အမေရိကန်ပြည်ထောင်စုသည် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ အချက်အလက်ရှာဖွေရေး ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်မည်ဖြစ်ပြီး၊ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသည်။ အိုဘားမားအစိုးရက မြန်မာစစ်အစိုးရကို ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးကို ပိုမိုလုပ်ဆောင်လာစေရန် ရည်ရွယ်၍ လေးနက်သော ဆက်ဆံရေး ထူထောင်ဖြစ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလက ကြေညာခဲ့အပြီး ဆက်လက် ဆောင်ရွက်မှုများ ဖြစ်ပါသည်။

          တရုတ်ဝန်ကြီးချုပ်ကလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံအပြီးမှာ ၎င်း၏ အိမ်နီးချင်းနိုင်ငံအပေါ် ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့် သြဂုတ်လက အရေးကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးလာခဲ့ရာ နောက်ထပ်မဖြစ်ပွားရေးအတွက် မြန်မာတို့အနေဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

          ဝန်ကြီးချုပ် Wen Jiabao သည် မြန်မာနိုင်ငံသို့ ငွေကြေးဆိုင်ရာ အကူအညီများ ပိုမိုပေးအပ်ရန် အာမခံခဲ့ကြောင်း၊ နှစ်နိုင်ငံ တံခါးပိတ်ဆွေးနွေးပွဲအကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာန၏ အဆိုအရ သိရှိရပါသည်။

          အာရှ-ပစိဖိတ် ၁၆ နိုင်ငံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ် နှစ်ဦး သီးခြားတွေ့ဆုံရာ၌ Wen က မြန်မာနိုင်ငံသည် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြဿနာများကို ကောင်းစွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း တရုတ် Xinhua သတင်းဌာနက ဆိုပါသည်။

          ပြီးခဲ့သည့် သြဂုတ်လက တရုတ်ပြည်၊ ယူနန်နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသော ကိုးကန့် နယ်မြေတွင် မြန်မာစစ်တပ်က တရုတ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကို တိုက်ထုတ်ခဲ့ပါသည်။ ထိုတရုတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည် အဆိုပါဒေသတွင် နှစ်ပေါင်းများစွာ ချုပ်ကိုင် လာခဲ့ပြီး တရုတ်ဗဟိုအစိုးရကိုလည်း ပြဿနာ မပေးခဲ့ပါ။

          တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးကြသော ဒုက္ခသည်များမှာ တရုတ်တိုင်းရင်းသား လူမျိုးများ၊ အချို့မှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၊ တိုက်ပွဲဖြစ်ပွားစဉ် ၎င်းတို့ပိုင် နေအိမ်များ၊ စီးပွားရေး လုပ်ငန်းများ လုယက်ခံခဲ့ရကြောင်း ပြောပါသည်။

          လွန်ခဲ့သည့်လက တရုတ်ပြည်က မြန်မာနိုင်ငံကို ပြစ်တင် ဝေဖန်ခဲ့သည်။ မြန်မာအစိုးရသည် တရုတ်နိုင်ငံသားများကို ကာကွယ်ပေးရန်နှင့် အဆိုပါကိစ္စမျိုးထပ်မံ မဖြစ်ပွားအောင် တာဝန်ယူရန်လည်း ပြောကြားခဲ့သည်။ သို့သော် ဆက်ဆံရေးမှာမူ ပြန်လည် ကောင်းမွန်နေသည် ဟု ယူဆနိုင်ပါသည်။

          မစ္စတာဝမ်ကြားပေါင်က၊ ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်မှုကို ဖြစ်စေပြီး၊ နှစ်နိုင်ငံလုံး၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီသော အိမ်နီးချင်း တရုတ်-မြန်မာ နှစ်ဦးနှစ်ဘက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုမျိုးကို လုပ်ဆောင်သွားရန် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ပြောကြားခဲ့သည်။

          မြန်မာဝန်ကြီးချုပ်သည် လွန်ခဲ့သည့်လက ကုလသမဂ္ဂအထွေထွေညီလာခံသို့ ၁၆ နှစ်တာ ကာလအတွင်းတွင် ပထမအကြိမ်အဖြစ် သွားရောက်ခဲ့ပါသည်။ စစ်အစိုးရ၏ လာမည့်နှစ် ရွေးကောက်ပွဲကို ထောက်ခံမှုပြုရန်အတွက် နှစ်လိုဖွယ်အသွင်သဏ္ဍာန် ပြယုဂ်အဖြစ် ကြိုးပမ်းမှုတစ်ရပ်သာဖြစ်သည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment