Transparency Myanmar

transparency.myanmar@gmail.com

by Ngun Cung Lian / Mizzima

အခြေခံဥပဒေသစ်ကို အတည်ပြုရန်အတွက် အခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို ၂၀၀၈ မေလတွင် မြန်မာတပ်မတော်အစိုးရက ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲ၏ ရလဒ်အဖြစ် ၎င်းတို့လိုချင်သည့် အဖြေတစ်ခုကို ကြိုတင် သတ်မှတ်ထားပြီးဖြစ်ပုံရပါသည်။

သို့ရာတွင် လူပေါင်း ၁၄ဝဝဝဝ ခန့်သေဆုံးခဲ့ပြီး သန်းပေါင်းများစွာသော လူများ ဘဝပျက်ခဲ့ရသည့် နိုင်ငံတွင်း ဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ခဲ့စေသော နာဂစ်မုန်တိုင်း ပြီးပြီးချင်း ဆန္ဒခံယူပွဲ ကျင်းပခဲ့သည့်အတွက် အစိုးရကို ခွင့်လွှတ်၍ မရပါ။ ဆန္ဒခံယူပွဲက အခြေခံဥပဒေကို အတည်ပြုပေးခဲ့ပြီး မဲထည့်မည့် မဲဆန္ဒရှင်များမှာလည်း အစိုးရက နိုင်ငံတကာထောက်ပံ့ကူညီမှုများကို  ပိတ်ပင်ထားမှုကြောင့် ငတ်မွတ် သေဆုံးခဲ့ကြသည်။ ယခု ပြည်သူများက အတည်ပြုပေးလိုက်သော အခြေခံဥပဒေသည် ၎င်းတို့ ပြောသည့်အတိုင်း ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်မဟုတ်ဘဲ ပြင်းထန်စွာ ဖိနှိပ်အုပ်ချုပ်မည့် စစ်ဘက်အုပ်ချုပ်ရေးကိုသာ အမြစ်တွယ်ခိုင်မာစေသည့် အချက်မှာ အံ့အားသင့်စရာ မရှိပါ။

အမျိုးသားညီလာခံကို အသုံးပြု၍ အခြေခံဥပဒေမူကြမ်းတစ်ခု (နာဂစ်အခြေခံ ဥပဒေ) ကိုရေးဆွဲရန် မြန်မာဗိုလ်ချုပ်ကြီးများကို အခြေခံဥပဒေအရ အကြံပေးသူများမှာ အမေရိကန်လွှတ်တော်တွင် အစဉ်အလာအရ ကျင့်သုံးခဲ့သည့် ဖီလီဘတ်စတာပါဝါ (Filibuster power: ဥပဒေသစ်တစ်ခု မပြဋ္ဌာန်းနိုင်စေရန် လွှတ်တော်တွင် တားဆီးခြင်း) ကို ကြားဖူးနားဝရှိသူများ ဖြစ်ပါလိမ့်မည်။ သို့ရာတွင် အမေရိကန် ဖီလီဘတ်စတာစနစ်နှင့် မတူ ခြားနားစွာပင် မြန်မာ ဥပဒေပညာရှင်များသည် တပ်မတော်ခေါင်းဆောင်မှုနှင့် တပ်မတော်ခေါင်းဆောင်များကို ကာကွယ်ပေးသည့် ပုံစံသစ်တစ်ခုအဖြစ် ဖီလီဘတ်စတာကို ပြင်ဆင်အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ အောက်တွင် ဆက်လက်ရှင်းပြမည့် အကြောင်းရင်းများအတွက် မြန်မာ့နည်း မြန်မာ့ဟန် ဖီလီဘတ်စတာဟု ကိုးကားသုံးစွဲပါမည်။

၂ဝ၁ဝ ရွေးကောက်ပွဲအပြီးတွင် မဖြစ်မနေကျင့်သုံးရမည့် အခြေခံဥပဒေသစ်ကို ရေးဆွဲသူများသည် ညီလာခံဆိုင်ရာ ဖီလီဘတ်စတာ လုပ်ထုံးလုပ်နည်းများကို  ပြောင်းပြန်လှန်၍ မြန်မာ့လုပ်ထုံးလုပ်နည်းသစ်အဖြစ် လက်ခံ သုံးစွဲခဲ့ခြင်း ဖြစ်သည်။ မြန်မာ့နည်း မြန်မာဟန် ဖီလီဘတ်စတာကို နားလည်နိုင်ရန်အတွက် အခြေခံဥပဒေသစ်အရ လွှတ်တော်ဖွဲ့စည်းပုံနှင့် မဲခွဲဆုံးဖြတ်မှုများအကြောင်းကို လေ့လာရန် လိုအပ်ပါသည်။ ယခုစနစ်၏ သော့ချက်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ %ကို တပ်မတော်က ခန့်အပ်သော ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။ အဆိုပါ စည်းမျဉ်းသည်  အခြေခံဥပဒေကို အကုန်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပြန်လည် ပြင်ဆင်ခြင်းအပေါ်တွင် အမြဲတမ်း သက်ရောက်ထိန်းချုပ်နေမည် ဖြစ်ပြီး အရေးကြီးသော ဥပဒေသစ်တစ်ခုခုကို ပြဋ္ဌာန်းရာတွင်လည်း အနည်းဆုံး ၇၅ % ထောက်ခံရန် လိုအပ်ပါသည်။ ဤသည်မှာ မြန်မာဖီလီဘတ်စတာ၏ အသက်ပင်ဖြစ်သည်။

ဤနေရာတွင် မြန်မာ့တပ်မတော်၏ ထုံးတမ်းစဉ်လာသဘာဝကို ခွဲခြမ်းစိတ်ဖြာကြည့်ရန် အသေအချာ လိုအပ်လာပါသည်။ မြန်မာ့တပ်မတော်တွင် ဆက်ဆံရေး၏ သဘာဝမှာ အထက်ဖား အောက်ဖိ ဖြစ်၍ ထူးဆန်းသည်ဟု မဆိုနိုင်ပါ။ တပ်မတော်အထက်အဆင့်နှင့် အောက်အဆင့်တို့၏ ဆက်ဆံရေးမှာ ကမ္ဘာတစ်ဝှမ်းရှိ အခြားစစ်တပ်များထက် ပိုမို၍ခက်ထန်ပါသည်။ အဆိုပါ သဘာဝကို ပုံဖော်ထားသော စကားစုလေးမှာ "ကျွေးတာစား၊ ခိုင်းတာလုပ်၊ ပြန်မမေးနဲ့" ဟူ၍ဖြစ်သည်။

အဆိုပါ ဓလေ့များ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအတွင်း ခိုင်မာစွာ အမြစ်တွယ် နေခြင်းကြောင့် လွှတ်တော်အဆောက်အဦးအတွင်း နေရာယူထားသော တပ်မတော် ကိုယ်စားလှယ်များထဲမှ ကာကွယ်ရေးဦးစီးချုပ်၏ ဆန္ဒကို  ဆန့်ကျင်၍ မဲထည့်မည့်သူတစ်ဦးမှ ရှိမည်မဟုတ်ပါ။ အဆိုပါ ကာကွယ်ရေးဦးစီးချုပ်သည် ၎င်းတို့ကို အချိန်မရွေး ရာထူးမှ ဖယ်ရှားပစ်နိုင်စွမ်း ရှိပါသည်။ တပ်မတော်၏ ထိန်းချုပ်မှုကို စတင်၍ နယ်ပယ်ချဲ့ထွင်လျက်ရှိပြီး ထင်ရှားစွာ ပုံပေါ်လာနေပြီုဖြစ်ပါသည်။

မြန်မာဖီလီဘတ်စတာကို နားလည်နိုင်ရန် စတင်ဆွေးနွေးကြပါစို့။ အကယ်၍ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားသည့် (ရာထူးတက်ရန် မျှော်မှန်းနေကြသည့်) ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ အထက်မှ အမိန့်ပေး ညွှန်ကြားသည့်အတိုင်း မဲပေးခဲ့ကြပြီ ဆိုပါစို့။ ဥပဒေတစ်ခုကို ပြင်ဆင်/ပြဋ္ဌာန်းရန် ၇၅ ရာခိုင်နှုန်းလိုအပ်သည်ဖြစ်ရာ အခြေခံဥပဒေကိုဖြစ်စေ၊ ဥပဒေတစ်ရပ်ကို ဖြစ်စေ ပြုပြင်ပြောင်းလဲရန် တပ်မတော်က မထောက်ခံလျှင် မဖြစ်နိုင်တော့ပါ။

သမိုင်းအရ ကြည့်မည်ဆိုပါက အမေရိကန် ဖီလီဘတ်စတာဆိုသည်မှာ လူနည်းစုပါတီက ဥပဒေပြု လုပ်ငန်းစဉ်နှင့် ဥပဒေကို ဟန့်တားပိတ်ဆို့ရာတွင် မဲပေးခြင်းကို တားဆီးသည့်နည်းလမ်းအား အသုံးပြုခြင်း ဖြစ်ပါသည်။ ယနေ့အမေရိကန် အထက်လွှတ်တော်တွင် ကျင့်သုံးနေသော ဖီလီဘတ်စတာ၏ ခြားနားမှုမှာ ဟန့်တားပိတ်ဆို့မှုကို ချေဖျက်၍ ဥပဒေပြုရန် နောက်ဆုံးအဆင့် မဲခွဲခြင်းကို ဖိအားပေးနိုင်ရန် လိုအပ်သော မဲပမာဏမှာ လွှတ်တော်အမတ်စုစုပေါင်း၏ ၆ဝ ရာခိုင်နှုန်းသာ ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့ ယခုမြင်တွေ့ရသည့် မြန်မာဖီလီဘတ်စတာမှာ လူနည်းစု အာဏာရှင်စနစ်ဆီသို့ သိသိသာသာ နောက်ပြန်သွားနေခြင်း ဖြစ်ပြီး ဒီမိုကရေစီနည်းကျ မဲခွဲဆုံးဖြတ်သည့်အသွင် ဟန်ဆောင်ပုံဖျက်ထားခြင်းသာ ဖြစ်ပါသည်။

ဤမျှ ရှင်းလင်းထင်ရှားနေသော ချို့ယွင်းချက်ကို မျက်စိသျှမ်းသွားခြင်းပေလောမသိ၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ထင်ရှားသော ပုဂ္ဂိုလ်များသည် တပ်မတော်အစိုးရအား နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်းသည့် ကိစ္စရပ်ပေါ်တွင်သာ အာရုံကျနေကြပါသည်။ သာမန်အားဖြင့် တွေးကြည့်လျှင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အပြည့်အဝထွန်းကားရေးကို ရှေးရှုသည့် အဆင့်တစ်ဆင့် အဖြစ် ယူဆနိုင်သော်လည်း အမှန်စင်စစ် မှားယွင်းသော အယူအဆသာ ဖြစ်ပါသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစရာ အကြောင်းလုံးဝမရှိပါ။ လတ်တလော လက်ခံထားသည့် အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားသော မြန်မာဖီလီဘတ်စတာနည်းဖြင့် ဟန့်တားပိတ်ဆို့မှုကို လွှတ်တော်တွင် လုံးဝကျော်လွှားနိုင်မည် မဟုတ်သောကြောင့် ဖြစ်ပါသည်။

အမေရိကန်ပါမောက္ခ David C. Williams က အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီတွင် ထွက်ဆိုခြင်းမပြုမီ ပြောကြားရာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အရပ်ဘက် အုပ်ချုပ်ရေးစနစ်ကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ပါ။ အကြောင်းမှာ နာဂစ်အခြေခံဥပဒေတွင် ပါဝင်သည့် စည်းမျဉ်းတစ်ခုဖြစ်သော မြန်မာ့နည်း မြန်မာ့ဟန် ဖီလီဘတ်စတာကြောင့်ပင် ဖြစ်ပါသည်။ ယခု အခြေခံဥပဒေကို အလိမ်အညာ ပရိယာယ်များဖြင့် လက်ခံခဲ့ပြီး စတင်ကျင့်သုံးတော့မည် ဖြစ်ရာ အလွန်အကျွံ အငြင်းပွားဖွယ် ဖြစ်နေသော ၂ဝ၁ဝ ရွေးကောက်ပွဲမှာလည်း သံသယကင်းစွာ လက်ခံရန် မဖြစ်နိုင်ပါ။

ဆိုင်ကလုန်း နာဂစ်သည် လူ့အသက်ပေါင်း ၁၄ဝဝဝဝ ခန့်ကို ခြွေပစ်ခဲ့ပြီး အရေအတွက် သန်းနှင့်ချီသော လူများ၏ ဘဝကို အလုံးစုံပျက်စီးစေခဲ့ပါသည်။ ယခု မြန်မာ့တပ်မတော်အစိုးရ၏ နာဂစ်အခြေခံဥပဒေကြောင့် လူ့အသက်ပေါင်းများစွာ၊ လူ့ဘဝပေါင်းများစွာ ပျက်စီးဆုံးရှုံးရဦးမည်ဖြစ်ရာ ဆုံးရှုံးမှုပမာဏ မည်မျှကြီးမားမည်ဆိုသည်ကို လူသားတစ်ယောက်အနေဖြင့် ခန့်မှန်းပုံဖော်ခြင်းငှာ မစွမ်းသာပါ။ ကျွန်ုပ်တို့ မခန့်မှန်းနိုင်သော ကိန်းဂဏန်းများကို သမိုင်းက အသေအချာ ပြောပြမည်ဖြစ်ကြောင်း သံသယမရှိသော်လည်း အချိန်နှောင်းသွားပြီဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment