Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, 30th Oct, 09

အောက်တိုဘာလ ၁၉ ရက်နေ့က KNU (Karen National Union) နှင့် DKBA (Democratic Karen Buddhist Army) ခေါင်းဆောင်များသည် အမည်မဖော်ပြသော မြန်မာ-ထိုင်းနယ်စပ် တစ်နေရာတွင် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ယခု ဖြစ်ရပ်သည် ၁၉၉၄ ခုနှစ်ကတည်းက DKBA သည် KNU မှ ခွဲထွက်ပြီး နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခြင်း ဖြစ်သည်။ DKBA သည် KNU မှ ထွက်ခွာခဲ့ပြီးနောက် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

DKBA ဘက်မှ နာမည်ကျော် တိုက်ခိုက်ရေးသမား Maw Tho နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသုဇနတို့က ဦးဆောင်ပြီး KNU ကို ၎င်း၏ ဖားအံနယ် တာဝန်ခံ အောင်မောင်အေး၊ KNLA (Karen National Liberation Army) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးစေးပို (Mutu Say Poe) နှင့် KNLA တပ်မဟာ မှ ဗိုလ်မှူးချုပ် Johnny တို့ တက်ရောက်ခဲ့ကြကြောင်း၊ ကရင်သတင်းနှင့် ပြန်ကြားရေးအဖွဲ့ Kwekalu က ပြောကြားခဲ့သည်။

ဦးသုဇနသည် ၎င်းတို့နှင့် ခဏသာ တွေ့ဆုံခဲ့ကြောင်း သူက စာတစ်စောင်နှင့် မှင်နှိပ်တုံးတစ်ခု ယူလာပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူကြောင်း လက်ဗွေနှိပ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ သို့သော် အဆိုပါစာကို ၎င်းတို့က လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြောင်း၊ ဦးသုဇနသည် DKBA ကို ကိုယ်စားပြုသည်ဟု မိမိတို့ မယူဆသောကြောင့် ဖြစ်သည်ဟု Kwekalu သတင်းဌာနသို့ ပြောခဲ့သည်။ ထို့အတွက်ကြောင့် ဦးသုဇနသည် ချက်ချင်းထ၍ အစည်းအဝေးမှ ထွက်ခွာသွားကြောင်း၊ မိမိတို့က ဘာမှ ဆွေးနွေးနိုင်ခြင်း မရှိခဲ့ကြောင်း အောင်မောင်အေးက ပြောခဲ့သည်။

KNU နှင့် ဦးသုဇနအကြား မည်ကဲ့သို့ နားလည်မှု လွဲသွားသည်ကို ဧရာဝတီသတင်းဌာနက အတည်ပြုနိုင်ခြင်း မရှိခဲ့ကြောင်း ပြောသည်။ DKBA သတင်းရပ်ကွက်၏ ပြောကြားချက်အရ DKBA နှင့် KNU တို့၏ အစည်းအဝေးသည် မိနစ် ၃ဝ ကြာမြင့်ခဲ့ပြီး ဦးသုဇန၏ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းခြင်း ကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DKBA နှင့် KNU တို့သည် နောက်ထပ်ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူညီခဲ့ကြပါသည်။ သို့သော် DKBA တွင် အာဏာအရှိဆုံးသော ပုဂ္ဂိုလ်ဖြစ်သူ Col. Chit Thu (ဗိုလ်မှူးကြီးချစ်သူ) ပါဝင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

DKBA က ကရင်အဖွဲ့နှစ်ဖွဲ့ ညှိနှိုင်းခြင်းသည် မသေချာ၊ မရေရာသော ကိစ္စဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် DKBA တပ်ရင်းအားလုံးသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ပါဝင်ရန် သဘောတူအတည်ပြုပြီး ဖြစ်ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲ အပြီးတွင် ဦးသုဇနကို မြန်မာအာဏာပိုင်များက သတိပေးခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်လာခဲ့သလို တချို့ကလည်း အဆိုပါ ကောလာဟလမှာ မဖြစ်နိုင်ကြောင်း၊ မြန်မာစစ်အာဏာပိုင်များသည် နဂိုကတည်းက ဆွေးနွေးမှု၏ နောက်တွင်ရှိကြောင်း ပြောခဲ့သည်။

နယ်ခြားစောင့်တပ်အသွင် ကူးပြောင်းရေးအတွက် ကန့်သတ်ထားသော အချိန် နီးလာသော်လည်း DKBA တပ်အချို့မှာ ၎င်းတို့အနေဖြင့် မြန်မာစစ်တပ် တပ်မှူးများ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရန်အတွက် သဘောမတူသဖြင့် ခေါင်းဆောင်ပိုင်းနှင့် ပြဿနာဖြစ်လျက်ရှိကြောင်း ပြောသည်။ DKBA တပ်သား (၁၀၀) ခန့်နှင့် အခြားသော အဖွဲ့ခွဲများ အဖွဲ့ဝင်များသည် KNLA သို့ ဇွန်လအတွင်းက စတင်၍ ထွက်ပြေးဝင်ရောက် လာခဲ့ပါသည်။

လောလောဆယ်တွင် အခြားသော ခွဲထွက်အဖွဲ့ဖြစ်သည့် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီက အောက်တိုဘာ ၂ဝ ရက်နေ့တွင် ၎င်းတို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ညွှန်ကြားချက်ကို သဘောတူညီမှု မရှိခဲ့ကြောင်း ပြောခဲ့သည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးအတွက် စစ်ပိုင်းဆိုင်ရာ စီမံချက်ကို လက်ခံခြင်းသည် ရှုပ်ထွေးမှုနှင့် ကြောက်လန့်နေရမှုကိုသာ ပိုမို ဖြစ်စေနိုင်ကြောင်း (၂၀၁၀) ခုနှစ်တွင် ပြုလုပ်မည့် ဒီမိုကရေစီရရှိရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေမည့်အပြင် ဘယ်သောအခါမှ မပြီးဆုံးနိုင်သည့် ပဋိပက္ခကိုသာ ဖြစ်စေသည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment