Transparency Myanmar

transparency.myanmar@gmail.com

20, Nov, 09,Mizzima

မြန်မာအစိုးရက ၎င်း၏ ရာသီကုန် လေးလပတ် အစည်းအဝေးကို ကျင်းပမည် ဖြစ်၍ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ နေပြည်တော်သို့ ရောက်ရှိနေပါသည်။

အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းမှူးများအား လာမည့်အပတ်တွင် ကျင်းပရန် စီစဉ်ထားသည့် လေးလပတ် အစည်းအဝေးကို တက်ရောက်ရန် နိုဝင်ဘာ ၂ဝ ရက်နောက်ဆုံးထား၍ အရောက်လာရန် ညွှန်ကြားခဲ့သည်ဟု နေပြည်တော်စစ်ရုံးနှင့် နီးစပ်သော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

ရွေးကောက်ပွဲဝင်မည့် ဝန်ကြီးများအား အနားပေးခြင်း၊ လစ်လပ်ဝန်ကြီးနေရာများအား အသစ်ခန့်အပ်ခြင်း စသော အဆင့်မြင့်ရာထူး အပြောင်းအလဲများ ပြုလုပ်ရန် ယခု လေးလပတ် အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အစည်းအဝေး ကျင်းပပြီး နောက်ပိုင်းတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုကို အစိုးရက ဖွဲ့စည်းပါလိမ့်မည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထူထောင်ထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း (USDA) က အဆိုပါ ပါတီကို ကျောထောက်နောက်ခံပြုမည် ဖြစ်သည်။

ယခု လေးလပတ် အစည်းအဝေးသည် လာမည့်နှစ် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးမည် ဖြစ်၍ ယခင် အစည်းအဝေးများထက် ပိုမိုအရေးပါသည်ဟု တရုတ်- မြန်မာနယ်စပ်မှ နိုင်ငံရေး လေ့လာသူ အောင်ကျော်ဇောက ပြောကြားသည်။

အပစ်အခတ် ရပ်စဲထားသော လူမျိုးစု တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းကိစ္စသည်လည်း ယခု အစည်းအဝေးတွင် ပါဝင်သည့် အစီအစဉ်တစ်ခု ဖြစ်သည်ဟု ဆိုသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် KIO နှင့် UWSA ကဲ့သို့ အဖွဲ့များကို မည်သို့ ဖြေရှင်းဆောင်ရွက်မည် ဟူသော အချက်ကို ဆွေးနွေးဆုံးဖြတ်ဖွယ် ရှိသည်ဟု အောင်ကျော်ဇောက သုံးသပ်ပြပါသည်။

အစည်းအဝေး၏ နောက်ဆက်တွဲ ပြောင်းလဲမှုများ ရှိနိုင်သည်ဟု သုံးသပ်နေကြချိန်တွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရေး လေ့လာသူ ဝင်းမင်းကမူ ဗိုလ်ချုပ်ကြီးများအတွင်း အဓိက အပြောင်းအလဲများ ရှိလိမ့်မည်ဟု မထင်ကြောင်း၊ သို့ရာတွင် တိုင်းမှူးအချို့ ရာထူးတက်နိုင်သည်ဟု သုံးသပ်ပြပါသည်။

၎င်း၏ အဆိုအရ မြန်မာစစ်တပ်အတွင်း အဓိက ပြောင်းလဲမှု ရှိမည် မဟုတ်ဘဲ တိုင်းမှူးအချို့ ဗိုလ်ချုပ်အဆင့်မှ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတိုးနိုင်ပြီး နာမည်များကိုမူ အတိအကျ မပြောနိုင်သေးဟု ဆိုပါသည်။

တစ်ချိန်တည်းတွင် အစိုးရကို ထောက်ခံသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၎င်းဌာနချုပ်ရှိရာ နေပြည်တော် ဒက္ခိဏသီရိ မြို့သစ်တွင် တနင်္လာနေ့၌ စတင်ကျင်းပရန် စီစဉ်ထားပါသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင် အချို့လည်း ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်ဟု ကြားသိရကြောင်း ဝင်းမင်းက ပြောကြားခဲ့ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment