Transparency Myanmar

transparency.myanmar@gmail.com

AFP News, 21st December 2009

          ယခုလအတွင်း ဖမ်းဆီးရမိသော မြောက်ကိုရီးယားမှ တင်ဆောင်လာသော လေယာဉ်စီးလုံးပြည့် လက်နက်များသည် အီရန်နိုင်ငံအတွက် ဖြစ်ကြောင်း တနင်္လာနေ့က သတင်းစာများတွင် ဖော်ပြထားပါသည်။ လက်နက် ရောင်းဝယ်မှုဆိုင်ရာ ကျွမ်းကျင်သူများ လက်ဝယ်တွင် ရရှိသော အထောက်အထားများအရ အီရန်သို့ ပိုဆောင်မည့် လက်နက်များ ဖြစ်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

          အမေရိကန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့မှ ဒါရိုက်တာ Dennis Blair က ပြီးခဲ့သည့် အပတ်က ပြောကြားရာတွင် ၃၅ တန်ခန့် ရှိသော လက်နက်များသည် ကုလသမဂ္ဂမှ အရေးယူထားသော ပြုံးယမ်းမှ တင်ဆောင်လျက် အရှေ့အလယ်ပိုင်းရှိ နေရာအတိအကျ မသတ်မှတ်နိုင်သေးသော နေရာသို့ သွားရောက် ပို့ဆောင်မည်ဟု ဆိုခဲ့ပါသည်။

          သုတေသန ပြုသူများ၏ လက်ဝယ်တွင် ရရှိထားသော လေယာဉ် ပျံသန်းရေး အစီအစဉ်ကို ကိုးကား၍ The Wall Street Journal က ပြောကြားရာတွင် တီဟီရန်တွင် ပစ္စည်းမချမီ လေယာဉ်သည် ဆီဖြည့်ရန် သီရိလင်္ကာ UAE နှင့် ယူကရိန်းတို့တွင် ရပ်နားရန် စီစဉ်ထားခဲ့သည်ဟု ဆိုပါသည်။

          အဆိုပါ သတင်း အချက်အလက်သစ်မှာ ချီကာဂို အခြေစိုက် Transarms နှင့် Antwerp ရှိ International Peace Information Service (IPIS) တို့၏ ပူးတွဲ အစီရင်ခံစာ မူကြမ်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          ဘန်ကောက် လေယာဉ်ကွင်းတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆီဖြည့်ရန် ဆင်းသက်လာသော  I lyushin - 76 လေယာဉ်ကို အမေရိကန်တို့၏ သတင်းပေးမှုအရ ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင် တို့က ပြောကြားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပေါ်တွင် ပခုံးဖြင့် ထမ်း၍ ပစ်နိုင်သော ဒုံးကျည်များ၊ ဒုံးပစ် လောင်ချာတပ် ဗုံးသီးများ တင်ဆောင်လာသည်ဟု ဆိုပါသည်။

          ကာဇက်စတန် လေယာဉ်မှူး လေးဦးနှင့် ဘီလာရုစ် လေယာဉ်မှူး တစ်ဦးကို ဖမ်းဆီးခဲ့ပါသည်။

          အဆိုပါ လေယာဉ်သည် လွန်ခဲ့သော နှစ်ပတ်က ဘန်ကောက်မှတဆင့် ပြုံးယမ်းသို့ သွား ရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပစ္စည်းများ တင်ပြီး ဘန်ကောက်သို့ ဆီဖြည့်ရန် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ထိုင်းအာဏာပိုင်တို့က ဆိုပါသည်။

          လေယာဉ် အမှုထမ်းများကမူ ၎င်းတို့သည် ရေနံတူးသည့် ကိရိယာပစ္စည်းများ တင်ဆောင်လာသည်ဟု ထင်ကြောင်း ပြောကြားခဲ့ကြပါသည်။ The Wall Street Journal က သုတေသန ပြုသူတစ်ဦး ၏ အဆိုကို ကိုးကား၍ ပြောကြားရာ၌ လေယာဉ် အမှုထမ်းများသည် အမှန်တကယ် ဘာမျှ သိပုံ မပေါ်ကြောင်း၊ Transarms နှင့် IPIS တို့ လက်ဝယ်ရှိ ပျံသန်းရေးဆိုင်ရာ စာရွက်စာတမ်းများတွင် ရေနံတူး လုပ်ငန်း အပိုပစ္စည်း ကိရိယာများ (Oil Industry Spare parts) ဟုဖော်ပြထားသည်ဟု ဆိုပါသည်။

          Journal မှ ဆက်လက် ဖော်ပြရာတွင် ပစ္စည်း တင်ပို့သူများသည် ၎င်းတို့၏ အမည်များကို ဖျောက်ထားပြီး ကုမ္ပဏီတစ်ခု ဖြစ်သော Air West အနေဖြင့် မှတ်တင်ပုံထားပြီး နိုဝင်ဘာလ ၅ ရက်နေ့က နယူဇီလန်တွင် မှတ်ပုံတင်ထားသော SP Trading သို့ ငှားရမ်းထားပါသည်။ အမှန်တကယ်တွင် SP Trading သည် ဘန်းပြထားသော အခွံသာ ရှိသော ကုမ္ပဏီ ဖြစ်ကြောင်း Journal တွင် ဖော်ပြထားပါသည်။

          ဒီဇင်ဘာ ၄ ရက် နေ့စွဲ တပ်ထားသော အခြားစာချုပ်တစ်ခုတွင် SP Trading သည် ဟောင်ကောင် အခြေစိုက် ကုမ္ပဏီသို့ ငှားရမ်းထားပါသည်။

          ကုမ္ပဏီ မှတ်ပုံတင် စာရွက်စာတမ်းများကို ကိုးကား၍ Journal က ပြောရာတွင် ဟောင်ကောင် ကုမ္ပဏီကို ဒုတိယ ဟောင်ကောင်အဖွဲ့ တစ်ခုက ပိုင်ဆိုင်ပြီး၊ တဖန် ၎င်းတို့ကို British Virgin Islands တွင် အခြေစိုက်သော တတိယအဖွဲ့ တစ်ခုက ပိုင်ဆိုင်သည်ဟု ဆိုပါသည်။

          အဆိုပါ ကုမ္ပဏီများသည် လေယာဉ်ပေါ်ပါ ပစ္စည်းများကို စီမံ ခန့်ခွဲကြသည်ဟု ဆိုပါသည်။

          အမှန်တကယ်တွင်မူ လေယာဉ်ကို UAE ရှိ Sharjah အခြေစိုက် Overseas Cargo FZE ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု သုတေသန ပညာရှင်များ၏ အစီအရင်ခံစာ မူကြမ်းကို ကြည့်၍ သတင်းစာက ဆိုပါသည်။

          ကုမ္ပဏီ၏ အစုရှယ်ယာ စာရင်းတွင် ဖော်ပြထားသော ရှယ်ယာရှင်၏ လိပ်စာမှာ ကာဇက်စတန် ဖြစ်ပြီး၊ လေယာဉ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မေးမြန်းမှုအား ဖြေဆိုရန် ငြင်းဆန်ခဲ့ပါသည်။

          မြောက်ကိုရီးယား၏ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂသည် မြောက်ကိုရီးယား၏ လက်နက် တင်ပို့မှုကို ပြင်းထန်သော ဆုံးဖြတ်ချက်များဖြင့် ပြီးခဲ့သည့် ဇွန်လက တားမြစ် ပိတ်ပင်ခဲ့ပါသည်။

          ယခုဘန်ကောက်တွင် လက်နက်များ ဖမ်းမိသော ကိစ္စမှာ ထိုအချိန်မှ စ၍ ပြုံးယမ်းမှ လေကြောင်းဖြင့် ပထမဆုံး လက်နက်တင်ပို့မှု ဖြစ်လိမ့်မည်ဟု ယုံကြည်ရပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment