ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသရှိ စက်မှုဇုန် တစ်ခုတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က လုံလောက် မျှတသည့် လုပ်အားခ ရရှိရေး တောင်းဆိုဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။ လုပ်သားအင်အား ၄၀၀၀ ခန့် က တစ်နေရာတည်းတွင် ထိုင်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။
တောင်ဒဂုံမြို့နယ် အမှတ် ၂ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ နှစ်ရုံမှ လုပ်သားများ နံနက် ၈ နာရီခန့်တွင် စတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ "စက်ရုံလုပ်သားတွေဟာ ကုမ္ပဏီရဲ့ ဖယ်ရီ ဘတ်စ်ကား တွေပေါ်ကဆင်းပြီး သူတို့ရဲ့ စက်ရုံ ဝင်းထဲကို ဝင်ရောက်ဖို့ ငြင်းခဲ့ကြပါတယ်။ ပြီးတော့ ဆန္ဒပြကြတယ်။
မကြာခင်မှာပဲ အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့တွေ ရောက်လာပါတယ်" ဟု မျက်မြင်တစ်ဦးက ပြောကြားပါသည်။ အဆိုပါ စက်ရုံနှစ်ရုံကို SGI အမည်ရှိ ကုမ္ပဏီက ပိုင်ဆိုင်သည်။ "စက်ရုံပိုင်ရှင်က လုပ်သားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်ရောပေးမှာပါ လို့ ပြောပြီး သူတို့ကို အိမ်ပြန်ဖို့ တိုက်တွန်းနေတာ တွေ့ရပါတယ်" ဟု အခြားမျက်မြင်တစ်ဦးက ပြောပါသည်။
ယခုလတ်တလောကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့ရှိ စက်ရုံ လုပ်သားများ အနေဖြင့် လက်ရှိရရှိနေသော လုပ်အားခ အပေါ် ကျေနပ်မှုမရှိကြပေ။ ကုန်ဈေးနှုန်း မြင့်တက်ခြင်းကြောင့် ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်လျက်ရှိရာ ရရှိသော လစာငွေများသည် အခြေခံ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူရုံမျှဖြင့် ကုန်သလောက် ဖြစ်သွားသည် ဟုဆိုသည်။
ထိုနည်းတူ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံအလုပ်သမား များကလည်း လုပ်ခငွေ တိုးမြှင့်ရေး နှင့် လုပ်သားဘဝ မြှင့်တင်ရေး အတွက် တောင်းဆိုသည့် ဆန္ဒပြမှုများ ပြုလုပ်ကြကြောင်း သိရပါသည်။ ထိုအလုပ်သမားများမှာလည်း တစ်နေရာတည်းတွင် ထိုင်ကာ ဆန္ဒပြကြခြင်း ဖြစ်ပါသည်။
အဆိုပါ ဆန္ဒပြမှုများအတွက် အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စက်ရုံ အလုပ်ရုံများမှ လုပ်သားများ၊ စီမံရေးရာဌာနများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းလျက်ရှိ ပါသည်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ အကြီးအကဲတစ်ဦးကမူ အစိုးရဝန်ထမ်းများ၏ လစာငွေကို တိုးမြှင့်လိုက်ခြင်းကြောင့် ယခုကဲ့သို့ လုပ်သားများ မကျေမနပ် ဖြစ်ခဲ့ရခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
အစိုးရ ဝန်ထမ်းများသည် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ လစာငွေ ၂ သောင်းစီ တိုးမြှင့်ရရှိ ခဲ့ကြသည်။ "ဗီယက်နမ်နဲ့ ကမ္ဘောဒီယား စတဲ့နိုင်ငံတွေမှာတော့ လုပ်သားတစ်ယောက်ကို အနည်းဆုံး ဒေါ်လာ ၁၂၀ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ တစ်လကို ဒေါ်လာ ၃၀ ကနေ ၅၀ ဝန်းကျင် လောက်ပဲရကြတာပါ" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသည်။
Irrawaddy သတင်းဌာနမှ သတင်းကိုဘာသာပြန်ဆိုပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.