Transparency Myanmar

transparency.myanmar@gmail.com

8th March 2010

အိန္ဒိယနိုင်ငံတွင် အခြေစိုက်ဖွယ်ရှိသော အရှေ့တောင်အာရှ ဒေသဆိုင်ရာ စွမ်းအင် ဗဟိုဋ္ဌာနကို စတင်ရန် သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပလိမ့်မည် ဖြစ်သည်။

အထက်ပါ ဆောင်ရွက်မှုကို မြန်မာနိုင်ငံက လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော နည်းပညာနှင့် စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဘင်္ဂလား ပင်လယ်အော် လှုပ်ရှားမှု အဖွဲ့ (BIMSTEC) ဘင်းစတက် အဖွဲ့ဝင် ၇ နိုင်ငံက ကြေညာ ခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင် ထိုင်းနိုင်ငံမှ စွမ်းအင် ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူက DVB သို့ ပြောကြားရာတွင် စွမ်းအင် ဗဟိုဋ္ဌာနသည် ဗဟုသုတနှင့် နည်းပညာ လွှဲပြောင်းပေးရန် ကြိုးစားသွားမည် ဖြစ်၍ ဘင်းစတက် ဒေသတွင်း အသုံးပြုမည့် စွမ်းအင် အဆက်မပြတ် ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ရန် ညှိနှိုင်းရေး အစီအစဉ်နှင့် စီမံကိန်းများ ပါဝင်သည် ဟု ဆိုသည်။

ကျန် အဖွဲ့ဝင် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနှင့် ပြီးခဲ့သော ဒီဇင်ဘာ အထိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့သော အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။

ဘင်းစတက် အဖွဲ့၏ သဘောတူ စာချုပ်ကို လာမည့် ၃ လ အတွင်း မြန်မာနိုင်ငံ၌ လက်မှတ် ရေးထိုးကြမည် ဖြစ်၍ ၂၀၁၀ ဇူလိုင်လတွင် ဖြစ်နိုင်ချေ များသည်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

မတ်လ ၅ ရက်နေ့ ဘန်ကောက်တွင် ပြုလုပ်သော ဒုတိယအကြိမ် ဘင်းစတက် စွမ်းအင်ဝန်ကြီးများ အစည်းအဝေး အပြီးတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ သတ္တု သယံဇာတ ပိုင်ဆိုင်မှုတွင် ရှယ်ယာ ထည့်ဝင် ရင်းနှီးရန် အိန္ဒိယ၏ ကြိုးစားမှုနှင့် အတူ ဒေသတွင်း ပေါင်းစည်းရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်သော စီမံကိန်း အတွဲများ၏ နောက်တွင် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းစွမ်းအင် ဝန်ကြီးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်၏ အဆိုအရ သဘောတူ စာလွှာတွင် အစိတ်အပိုင်း ၇ ခု ပါဝင်သည် ဟု သိရသည်။ ပါဝင်သော အစိတ်အပိုင်းများမှာ အဖွဲ့ဝင် အချင်းချင်း စွမ်းအင် လဲလှယ်ရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်း၊ ဘင်းစတက် ဒေသတွင်း သွယ်တန်းမည့် ဓါတ်ငွေ့ ပိုက်လိုင်း၊ ဘင်းစတက် ဒေသတွင်း ရေအား အခြေပြု စွမ်းအင် အလားအလာ၊ စွမ်းအင်လုံခြုံရေး၊ အချက်အလက် စီမံခန့်ခွဲမှုနှင့် စွမ်းအင် ဆိုင်ရာ သုတေသန နှင့် လေ့လာမှုများ ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Smt. Nirupama Rao နှင့် မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့် တို့အကြား ကျင်းပခဲ့သော အစည်းအဝေးတွင် ဓါတ်ငွေ့၊ ရေနံ နှင့် စွမ်းအင် ကဏ္ဍတို့ကို ဆွေးနွေးခဲ့သည်ဟု အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး ဋ္ဌာနက မတ်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ဓါတ်ငွေ့ လုပ်ကွက်နှင့် ဆက်စပ် စီမံကိန်းများတွင် အိန္ဒိယ ONGC နှင့် Gail ကုမ္ပဏီများက အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံခဲ့ခြင်းကို မြန်မာနိုင်ငံက ကြိုဆိုခဲ့သည် ဟုလည်း ဝန်ကြီးဋ္ဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ဓါတ်ငွေ့ လုပ်ငန်း နယ်ပယ်တွင် ခိုင်မြဲစွာ ပူးပေါင်း ဆောင်ရွက်သွားကြရန် နှစ်ဘက်စလုံးက သဘောတူခဲ့ကြသည် ဟုလည်း ဆိုသည်။

ဘင်းစတက် အဖွဲ့၏ သဘောတူ စာလွှာကို လက်မှတ်ရေးထိုးပြီး ၂ နှစ် အတွင်း စွမ်းအင် ဗဟိုဋ္ဌာန တည်ဆောက်ရေး လုပ်ငန်းကို စတင်နိုင်ရန် မျှော်လင့်ထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment