Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံတွင်း ဆန်ဝယ်လိုအားများ မြင့်တက်လာသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံ မှ ဆန်တန်ချိန် ၂၅၀၀၀ ဝယ်ယူ တင်သွင်းမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံမှ စုံစမ်း သိရှိရသည်။

မြို့တော် ဒါကာတွင် ဘင်္ဂလားဒေ့ရှ် ပြည်သူများ ဆန်ဝယ်ယူမှုအပေါ် ပြုလုပ်သော ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ ယင်းသို့ ဆန်ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး AMA Muhith က ဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့သည်။

စင်ကာပူ အခြေစိုက် Indo-Sino Trade Limited က မြန်မာနိုင်ငံမှ ဆန်များကို တစ်တန်လျှင် အမေရိကန် ၃၉၅ ဒေါ်လာဖြင့် တင်ပို့ ရောင်းချရန် စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်လာမှုအတွက် လုံလောက်သော ဆန်ပမာဏ ရရှိထားရန် ဆန္ဒရှိကြောင်း စားနပ်ရိက္ခာဆိုင်ရာ ဝန်ကြီး Abdur Razzak က အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ် ကက်ဘိနက်သည် ဆန်တန်ချိန် ငါးသန်း ဝယ်ယူ တင်သွင်းရန် အဆိုပြုလွှာကိုလည်း အလေးအနက် စဉ်းစားလျက် ရှိသည်ဟု ၎င်းက ဆိုသည်။

လက်ရှိ အနေအထားတွင် အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် ကနေဒါ နိုင်ငံတို့က စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်နေသောကြောင့် မြန်မာနိုင်ငံမှ ဆန်တင်ပို့သူများက Letter of Credit(LC) စနစ်ဖြင့် ငွေပေးချေမှု ပုံစံမျိုးကို မလိုလားကြပေ။

သို့အတွက်ကြောင့် လတ်တလော ကာလများတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံအကြား နိုင်ငံခြား ကုန်သွယ်မှုများအတွက် ငွေပေးချေရာတွင် စင်ကာပူကဲ့သို့သော တတိယနိုင်ငံ တစ်ခုခု မှတစ်ဆင့် ပေးချေနေကြရသည်။

ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူ တင်သွင်းသူများသည် ယခုအခါ တတိယနိုင်ငံများ၏ နိုင်ငံခြားဘဏ်များမှ ထုတ်ပေးသော ဘဏ်ငွေ ပေးချေသည့် လက်မှတ်များဖြင့် ငွေပေးချေမှုကို အသားကျလျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်မှု သဘောတူညီချက်အရ တစ်ကြိမ်လျှင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် ၂၀၀၀၀ တန်ဖိုး တင်သွင်းသူ တစ်ဦးအနေဖြင့် ဘဏ်ငွေချေ စနစ်ဖြင့် ငွေချေခွင့် ရှိသည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့သူ အချို့က မောင်းတော-တက်ကနက် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်တင်ပို့မှုကို ပိုမို စိတ်ဝင်စားကြသည်။ သို့သော် ယင်းသို့ ပြုလုပ်ရန်အတွက် အစိုးရ၏ ခွင့်ပြုချက် ရယူရန် လိုအပ်သည်ဟု ဆန်လုပ်ငန်းရှင်များက ဆိုသည်။

အခြားတစ်ဖက်တွင် ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်အတွင်း ဆန်စပါး ထုတ်လုပ်မှုကို မက်ထရစ်တန် ၃၅ ဒဿမ ၀၅၁ သန်းအဖြစ် လျာထားခဲ့သည်။

Mizzima သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment