Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news, EU cbserver, 15th March 2010

တရုတ်နိုင်ငံက ၎င်း၏ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်ကို ဥရောပ အထိ တိုးချဲ့ရန် ဖြစ်နိုင်ချေများကို ရှာဖွေနေသည့် အပြင် လန်ဒန်နှင့် ဘေဂျင်းအကြား ရထားခရီး ကြာမြင့်ချိန်ကို ၂ ရက် အထိ လျော့ချရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

လာမည့် ၁၀ နှစ် အတွင်း စီမံကိန်းကြီး ပြီးစီးရန် အာဏာပိုင်များက မျှော်လင့်ထားကြပြီး၊ ခရီးသည်များအား ကီလိုမီတာ ၈၀၀၀ ကွာဝေးသော ခရီးစဉ်ကို တစ်နာရီလျှင် ၃၂၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပို့ဆောင်ပေးနိုင်လိမ့်မည် ဖြစ်သည်။

တရုတ်နိုင်ငံက ဥရောပသို့ ရထားလိုင်း ပြေးဆွဲရန် အဆိုပြုထားသည်ဟု သိရှိရပြီး အိန္ဒိယ၊ ပါကစ္စတန်၊ အရှေ့ အလယ်ပိုင်းကို ဖြတ်၍ လန်ဒန်သို့ တစ်လိုင်းနှင့် ဒုတိယ လိုင်းမှာ ရုရှားကို ဖြတ်၍ ဂျာမနီသို့ ဆက်သွယ်မည် ဖြစ်သည်။ သို့ရာတွင် လမ်းကြောင်း အတိအကျကိုမူ မဆုံးဖြတ်ရသေးဟု သိရသည်။

တတိယ ရထားလမ်းမှာ ဘေဂျင်းမှ တောင်ဘက်သို့ ထွက်ကာ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်္ကာပူ သို့ ဆက်သွယ်မည် ဖြစ်သည်။

တရုတ် အင်ဂျင်နီယာ အကယ်ဒမီ အဖွဲ့ဝင်နှင့် တရုတ်ပြည်တွင်း မြန်နှုန်းမြင့် ရထား စီမံကိန်း ဝါရင့် အတိုင်ပင်ခံ ဝမ်မင်ရှု၏ အဆိုအရ အရှေ့တောင်အာရှ လမ်းကြောင်းပေါ်မှ လုပ်ငန်းများကို ယခုလ စတင်နေပြီ ဟု သိရသည်။

ဥရောပ ရထားလမ်း ကွန်ယက်အတွက် အလားအလာများနှင့် တိုင်းထွာမှု လုပ်ငန်းများ ကိုလည်း ဆောင်ရွက် ပြီးစီးပြီ ဖြစ်၍ ဥရောပ အလယ်ပိုင်းနှင့် ဥရောပ အရှေ့ပိုင်း နိုင်ငံများက လုပ်ငန်း စတင်ရန် လွန်စွာ စိတ်ဝင်စားနေကြသည်ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း ဘရပ်ဆဲရှိ တရုတ် အရာရှိများမှာမူ ပိုမို သတိထား ဆောင်ရွက် နေရသည်ဟု ဆိုပါသည်။ "ကျွန်တော်တို့ တရုတ်နိုင်ငံက သူရဲ့ ရထားလမ်း ကွန်ယက်ကို တိုးတက်ချင်နေတာ ကျွန်တော် နားလည်ပါတယ်၊ ဝေးနိုင်သမျှ ဝေးဝေး၊ ဥရောပ အထိပေါ့ဗျာ၊ ဒါပေမဲ့ မြန်နှုန်းမြင့် ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး" ဟု သတင်းရပ်ကွက် တစ်ခုက ဆိုသည်။

မြန်မာ ရထားလမ်းပိုင်း အတွက် တရုတ်နိုင်ငံက ငွေကြေး ကူညီရန် ကမ်းလှမ်းခဲ့ပြီး အပြန်အလှန်အားဖြင့် ဘက်ထရီသုံး လီသီယမ် သတ္တုကို မြန်မာနိုင်ငံတွင်းမှ ထုတ်ယူရန် စီစဉ်နေရာ ရထားလမ်း စီမံကိန်း ဘဏ္ဍာရေး စီမံမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

"ကျွန်တော်တို့ စီမံကိန်းမှာ အစိုးရ ပိုက်ဆံနဲ့ ဘဏ်ချေးငွေကို သုံးစွဲမှာ ဖြစ်ပေမဲ့ ရထားလမ်းတွေကတော့ ပုဂ္ဂလိက ကဏ္ဍနဲ့ အိမ်ရှင်နိုင်ငံတွေက စိုက်ထုတ်ရမှာပါ" ဟု ဝမ်ရှု မင်က ပြောကြားခဲ့ပြီး လမ်းသစ်များကို ကုန်ပစ္စည်း ပို့ဆောင်ရေး အတွက်လည်း အသုံးပြုသွားမည်ဟု ဆိုသည်။

လက်ရှိ သက်သာသော ပင်လယ်ရေကြောင်း ပို့ဆောင်ရေး စရိတ်ကြောင့် ဥရောပ- တရုတ် ရထားလမ်းကို ကူးသန်းရောင်းဝယ်ရေး အပေါ် အခြေပြု၍ တည်ဆောက်ခြင်း သည် မှန်ကန်ကြောင်း သက်သေပြရန် ခဲယဉ်းလိမ့်မည်ဟု ဥရောပ ကျွမ်းကျင်သူများက ပြောကြားသည်။ ကမ္ဘာ့ ကုန်သွယ်ရေးသည် ရပ်တန့်သွားနိုင်ဖွယ် ရှိပုံမရသဖြင့် ၂၀၀၇ အစောပိုင်းကာလတွင် သင်္ဘောတည်ဆောက်သူများသည် အမှာစာများ စံချိန်တင် လက်ခံရရှိခဲ့သည်။ သို့သော်လည်း မရှေးမနှောင်းပင် ငွေကြေး အကျပ်အတည်း ပြဿနာပေါ်လာကာ ကမ္ဘာ့ ကုန်သွယ်ရေးမှာ ၁၂ % အထိ ကျဆင်းသွားခဲ့သည်ဟု WTO စာရင်းဇယားများ အရ သိရှိရသည်။

အခြေခံ အဆောက်အဦကောင်းများ ဖြစ်တည်နိုင်မှုသည် ကမ္ဘာ့နိုင်ငံများ အကြား ကုန်သွယ်ရေး ဖွံ့ဖြိုးကြီးထွားမှုအပေါ် အရေးတကြီး မှီခိုနေသည်ဟု ဥရောပ ရထားလုပ်ငန်း အဖွဲ့ UNIFE ညွှန်ကြားရေးမှူးချုပ် Michael Clausecker က မှတ်ချက်ပေးသည်။

လက်ရှိ ပင်လယ်ရေကြောင်း ပို့ဆောင်နိုင်စွမ်းမှာ အလွန် ကြီးမားနေပြီး လာမည့်နှစ် များအတွင်း ပိုမို ဖွံဖြိုးလာရန် မျှော်လင့်ထားမှုများကြောင့် အီးယူနှင့်  တရုတ်အတွက် ယခု ရထားလမ်း ကိစ္စမှာ သံသယ ရှိဖွယ် ဖြစ်နေသည်ဟု ၎င်းက  EU observer သို့ ပြောကြားခဲ့သည်။

လက်ရှိ အနေအထား အရ တရုတ်နိုင်ငံသည် အလွန်ကြီးမားသော ရထားလမ်း တိုးချဲ့ရေး စီမံကိန်း၏ အလယ်ဆင့်တွင် ရောက်ရှိနေပြီး ၎င်း၏ အဓိက မြို့ကြီးများ အကြား မြန်နှုန်းမြင့် ရထားလမ်းများဖြင့် ဆက်သွယ်ရန် လာမည့် ၅ နှစ် အတွင်း ရထားလမ်း အရှည် ၃၀,၅၀၀ ကီလိုမီတာ နီးပါး တည်ဆောက်သွားရန် ရည်ရွယ်ထားသည်။

ကမ္ဘာ့ အမြန်ဆုံးရထား Harmony Express ကို တရုတ်နိုင်ငံတွင် မနှစ်က စတင်ပြေးဆွဲခဲ့ပြီး တရုတ်နိုင်ငံတွင် အစအဆုံး တည်ဆောက်ခဲ့သော်လည်း Siemens (ဂျာမနီ) နှင့် Kawasaki (ဂျပန်) နည်းပညာများကို အသုံးပြုထားကာ အမြင့်ဆုံး တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment