Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 18th March 2010

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းနှင့် သူမအား ရွေးကောက်ပွဲ မဝင်နိုင်အောင် ဖယ်ထုတ်ထားခြင်း အပေါ် စိုးရိမ်ပူပန်လျက် ရှိ ကြောင်း ဖိလစ်ပိုင် နိုင်ငံက မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို အလေးအနက် ပြောကြားခဲ့သော်လည်း တစ်စုံတစ်ရာ ပြောင်းလဲမည့် နည်းလမ်းမရှိဟု ဖိလစ်ပိုင် တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

တစ်ဦး အိမ်တွင်းရေးကို တစ်ဦး မစွက်ဖက်ရန် တားမြစ်ထားသော အာဆီယံနိုင်ငံများ အတွင်း ယခုကဲ့သို့ ပြစ်တင်ဝေဖန်မှုမျိုးမှာ ဖြစ်တောင့်ဖြစ်ခဲဟု ဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် မနီလာ Non-Aligned Movement ညီလာခံ အဝန်းအဝိုင်းတွင် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်များကို အထူးအလေးပေး ပြောကြားခဲ့သည် ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်ဘာတို ရိုမြူလိုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမှ အဘယ်ကြောင့် ပိတ်ပင်ထားသည်ဆိုသော အချက်ကို ဦးဥာဏ်ဝင်းက ''ဒါက ကျွန်တော်တို့ရဲ့ ဥပဒေပါ'' ဟု ဖြေကြား ရှင်း လင်းခဲ့သည်ဟု ရိုမြူလိုက ပြောပြသည်။

ဦးဥာဏ်ဝင်း၏ အဖြေများကို ကျေနပ်မှု ရှိပါသလားဟု မေးမြန်းခဲ့ရာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသောရိုမြူလိုက ''သူက စကားများများ ပြန်မပြောဘူးဗျ၊ တကယ်လို့ ခင်ဗျားမေးတာကို ကျွန်တော် ပြန်မဖြေရင် ခင်ဗျားကော ကျေနပ်မှာလား'' ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ပြည်လုံးကျွတ် အောင်ပွဲခံခဲ့သော ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ရွေးကောက်ပွဲများ ပြန်လည် ကျင်းပရန် စီစဉ်လျက် ရှိသည်။ အဆိုပါ ရွေးကောက်ပွဲ ရလဒ်များကို စစ်ဖက် အစိုးရက ပြောင်ပြောင်တင်းတင်း လျစ်လျူရှုကာ ဒေါ်အောင်ဆန်းစုကြည်ကို ၁၄ နှစ်ခန့် ဖမ်းဆီးထားခဲ့သည်မှာလည်း ယခုတိုင် ဖြစ်သည်။ သူမအား လွှတ်ပေးရန် ဖိလစ်ပိုင်က အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသည်။

ယခင် အပတ်က ကြေညာသော ရွေးကောက်ပွဲ ဥပဒေ အရ ဖြစ်ဒဏ်ကျခံနေရသူများကို နိုင်ငံရေး လုပ်ငန်းစဉ်မှ တားဆီးထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား ရွေး ကောက်ပွဲ မဝင်နိုင်အောင်၊ ပါတီဝင် အဖြစ်ပင် ရပ်တည်ခွင့် မရအောင် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။

သူ၏ အင်းလျားကန်စောင်း နေအိမ်သို့ အမေရိကန် တစ်ဦး ဝင်ရောက်လာမှုကို လက်ခံမှုဖြင့် အစိုးရက အကြောင်းပြ တရားစွဲ ဆိုကာ လာမည့် နိုဝင်ဘာ အထိ အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ ကျခံရန် မြန်မာတရားရုံးက သြဂုတ်လက ပြစ်ဒဏ်ပေးခဲ့သည်။

မနီလာ ညီလာခံတွင် မြန်မာ သံတမန် နောက်မှ တကောက်ကောက် လိုက်နေသော သတင်းထောက် အုပ်စုကြီးကို ဦးဥာဏ်ဝင်းက မသိချင်ယောင်ဆောင် နေခဲ့သည်။ သို့ရာတွင် ၎င်းက Associated Press သို့ ''မြန်မာ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲ အကြောင်း အသေးစိတ်နှင့် ကျင်းပမည့်ရက်ကို ကြေညာလိမ့်မည်'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာမည့်လတွင် သွားရောက်မည့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာ တာလီဂါဝမ်က မနီလာတွင် သတင်းထောက်များအား ပြောကြားရာ၌ ''ရွေး ကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမည် ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး၍ ရွေးကောက်ပွဲ ဝင်ခွင့်ပြုစေလိုသည့် မိမိတို့နိုင်ငံ၏ သဘောထားကိုလည်း ထပ်မံ ဖော်ပြသွားမည်'' ဟု အတိအလင်း ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် တရားဝင် တုန့်ပြန် ကြေညာချက်ကို အာဆီယံက ယခုတိုင် မထုတ်ပြန်သေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment