Transparency Myanmar

transparency.myanmar@gmail.com

နာဂစ်မုန်တိုင်းတွင် အသက်ရှင် ကျန်ရစ်သော မြန်မာ ဒုက္ခသည်များ အနေဖြင့် ယခုနှစ် မုတ်သုန် ရာသီဥတုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ နာဂစ် ဒုက္ခသည်များအတွက် ပေးအပ်မည်ဟု ကတိပြုထားသော ရန်ပုံငွေ စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ကိုသာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းစဉ်များ အတွက် အသုံးပြုထားသေးသည်။

အဆိုပါ နာဂစ် ဒုက္ခသည်များအတွက် ယခုနှစ်တွင်း အကူအညီနှင့် အထောက်အပံ့များ ပေးနိုင်ရန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ ဖြစ်သော Oxfam က ထပ်တိုး ရန်ပုံငွေ ချထားပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။ ယခု ၂၀၁၀ ပြည့်နှစ်၊ မုတ်သုံ ရာသီဥတုသည် မကြာမီ ကာလအတွင်း ကျရောက်တော့မည် ဖြစ်ရာ နာဂစ် ဒုက္ခသည်များအတွက် ခိုလှုံ နေထိုင်စရာ ရရှိရေး၊ စိုက်ပျိုးရေး လုပ်ငန်းအတွက် အထောက်အကူ ပစ္စည်းများ ရရှိရေး ဟူသည် ယခုအခါ ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေကြောင်း Oxfam က ဆိုသည်။

"မြန်မာနိုင်ငံက နာဂစ် ဒုက္ခသည်တွေကို အကူအညီ ပေးလာတာ အခုဆိုရင် နှစ်နှစ်တာမျှ ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အကူအညီပေးရေး လုပ်ငန်းတွေ အတွက် နိုင်ငံတကာက ပေးမယ်လို့ ကတိပြုထားတဲ့ ရန်ပုံငွေရဲ့ လေးပုံတစ်ပုံသာ အသုံးပြုရပါသေးတယ်။ တကယ်လို့ ဒုက္ခသည် ပြည်သူတွေ အနေနဲ့ နေထိုင်စရာ အလုံအလောက် မရဘူးဆိုရင် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ အောင်မြင်မှု ရှိတယ်လို့ မပြောနိုင်ပါဘူး။ သောက်သုံးရေ ရရှိရေး၊ ရေစနစ် ကောင်းမွန်ရေးနဲ့ လူမှုစီးပွား၊ အလုပ်အကိုင်ကောင်းတွေ ရရှိရေး တို့အတွက် ငွေကြေး ထောက်ပံ့မှုတွေ ထပ်မံ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ကျရောက်ပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊
အပျက်အစီးတွေကို TV ကနေတစ်ဆင့် တွေ့ကြတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ရက်ရက်ရောရောပဲ လှူဒါန်းခဲ့ကြပါတယ်။ အခု အချိန်မှာ ဂရုမစိုက်ဘဲ နေလို့ မသင့်တော်ပါဘူး" ဟု Oxfam မှ ပြောခွင့်ရ ပုဂ္ဂိုလ် Grace Ommer က ဆိုသည်။

မြန်မာအစိုးရ အပါအဝင် အာဆီယံ နိုင်ငံများနှင့် ကုလသမဂ္ဂတို့ ဖွဲ့စည်းထားသော သုံးဦး ကော်မတီ ပုံစံအဖွဲ့ ဖြစ်သည့် Tripartite Core Group က နာဂစ် ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ် များအတွက် ၂၀၀၉- ၂၀၁၁ နှစ်ကာလအတွင်း အမေရိကန် ဒေါ်လာ ၆၉၁ သန်းခန့် ပေးအပ်မည်ဟု သတ်မှတ်ခဲ့သော်လည်း ယခု  အချိန်အထိ ဒေါ်လာ သန်း ၁၈၀ သာ ရရှိသေးသည်။

Oxfam အဖွဲ့၏ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment