Transparency Myanmar

transparency.myanmar@gmail.com

www.reliefweb.int, By UN Special Rapporteur, 5th May 2010

မြန်မာ ပြည်သူများ လူ့အခွင့်အရေး နှင့်ပတ်သက်၍ ကြီးကြီးမားမား ခံစားခွင့် ရရှိစေမည့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းရေး ပြုလုပ်ရန် ပေးထားသော ကတိကို မှန်မှန်ကန်ကန် အကောင်အထည်ဖော် လုပ်ဆောင်ရန် ပါတီ မှတ်ပုံတင်ခွင့် နောက်ဆုံးရက် မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ojea Quintana က အစိုးရကို တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး အရာရှိက ထုတ်ပြန်သော ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လေးစား ယုံကြည်ထိုက်သော ရွေးကောက်ပွဲများ ဖြစ်ပေါ်စေမည့် အခြေအနေများ ဖန်တီးရန် ပြည်တွင်း၊ ပြည်ပမှ မေတ္တာရပ်ခံမှုများကို မြန်မာ အစိုးရက ယခုတိုင် တုန့်ပြန်ခြင်း မရှိပါ။ ယခုအခါ မြန်မာ အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အပြစ်မရှိသော နိုင်ငံရေး အကျဉ်းသား အားလုံးကို အလွန် အရေးကြီးသော ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန် လွှတ်ပေးခြင်းဖြင့် မြန်မာ ပြည်သူတို့ အတွက် ငြိမ်းချမ်းမှုနှင့် ပြောင်းလဲ တိုးတက်မှု ရရှိရေးတွင် ၎င်းတို့၏ ရိုးသားမှုကို ပြသရမည့် အချိန်ပင် ဖြစ်သည်။

ယခုကဲ့သို့ အပြစ်မဲ့ အကျဉ်းသားများကို လွှတ်ပေးခြင်းဖြင့် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ထားသော နိုင်ငံရေးပါတီများ ပြန်လည် စဉ်းစားလာကြမည် ဖြစ်ကာ သမိုင်းဝင် ထင်ရှားမည့် လုပ်ငန်းစဉ်တွင် နိုင်ငံသား အားလုံး တက်ကြွစွာ ပါဝင်ရေးကို ချောမွေ့စေလိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲရက်ကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မြန်မာ အစိုးရက မတ်လ ၉ ရက်တွင် အချိန် အတန်ကြာ မျှော်လင့် စောင့်စားနေကြသည့် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန် ကြေညာခဲ့သည်။ အများနှင့်ဆိုင်သော နိုင်ငံရေး လုပ်ငန်းစဉ် ချို့တဲ့နေသည့် ယခု ရွေးကောက်ပွဲ ဥပဒေများသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းမည့် လက္ခဏာ မရှိဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ထုတ်ပြန်ခဲ့သည်။ ဤကဲ့သို့ သုံးသပ်မှုကို ပညာရှင်များ၊ နိုင်ငံရေးသမားများ မြောက်များစွာနှင့် အာဆီယံ အပါအဝင် နိုင်ငံများစွာက ထောက်ခံခဲ့ကြသည်။

မိမိ ယခင်က ပြောကြားခဲ့သည့် အတိုင်း ယခု ရွေးကောက်ပွဲများ မြန်မာ ပြည်သူများ အတွက် အရေးကြီးပြီး လူ့အခွင့်အရေး အနေအထားများ အမှန်တကယ် တိုးတက်လာရေး အတွက် အခွင့်အလမ်းများကို ထောက်ပံ့ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ သို့ရာတွင် လာမည့် ရွေးကောက်ပွဲများ လက်ခံ ယုံကြည်ထိုက်ကြောင်းကို အစိုးရက သက်သေပြရန် လိုနေသည်။ အစိုးရသည် ပြည်သူတို့၏ အပြည့်အဝ ပါဝင်မှုကို တံခါးဖွင့်ပေးရမည်။ ပွင့်လင်း မြင်သာမှုကို ပြသရမည်။ ပြည်သူတို့၏ လွတ်လပ် မျှတစွာ ရွေးချယ်မှုကို ခွင့်ပြုသည့် အပြုအမူကိုလည်း လူကြီး လူကောင်းဆန်စွာ ပြသရမည်။

အကယ်၍ အပြစ်မဲ့ အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ၊ ချက်ချင်း လွှတ်ပေးမည် ဆိုပါက လက်ရှိ ရွေးကောက်ပွဲ ဥပဒေမှာ အပြစ်အနာ မကင်းသော်လည်း အားလုံး ပါဝင်ခွင့် ပိုမို ရရှိမည့် လုပ်ငန်းစဉ် ဖြစ်နိုင်ရန် အလားအလာ ရှိနေပါသေးသည်။ အမတ်လောင်းများ (သို့) ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် လူထု၏ ရှေ့မှောက်တွင် မဲရေတွက်ခြင်း ကဲ့သို့သော မျှတသည့် ရွေးကောက်ပွဲ အတွက် စည်းကမ်းချက် အချို့မှာ ရွေးကောက်ပွဲ ဥပဒေတွင် အံဝင်ခွင်ကျ ပါဝင်နေသည်။ သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်ကို အပ်နှင်းထားသော လုပ်ပိုင်ခွင့်များမှာ နိုင်ငံရေး ပါတီများ၏ လှုပ်ရှားမှုများကို နှောင့်နှေးစေနိုင်သည်။

အကယ်၍ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် စည်းဝေးခွင့်ကို အပြည့်အဝ ခွင့်ပြုရန် အစိုးရက အာမခံချက် ပေးပါက အဆိုပါ တင်းကျပ်သော စည်းကမ်းများကို နားလည် လက်ခံပေးနိုင်မည့် အလားအလာ ရှိနေသည်။

ယခုကဲ့သို့ အထွေထွေ ရွေးကောက်ပွဲများ အတွက် ပြင်ဆင်နေသော အခြေအနေမျိုးတွင် မြန်မာ စစ်တပ်နှင့် အပစ်ရပ် အဖွဲ့များ အကြား တင်းမာမှု ကြီးထွားလာခြင်းသည် အနှောင့်အယှက် ဖြစ်စရာ သတင်းများ ဖြစ်နေသည်။ မိမိ အနေဖြင့် ထပ်မံ၍ အလေးအနက် ပြောကြားလိုသည်မှာ အမျိုးသား ပြန်လည် ပေါင်းစည်းရေးတွင် မြန်မာ ပြည်သူ အားလုံး ပါဝင်ရမည့် အချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ မြန်မာ ပြည်သူများ လူ့အခွင့်အရေး နှင့်ပတ်သက်၍ ကြီးကြီးမားမား ခံစားခွင့် ရရှိစေမည့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းရေးကို ပြုလုပ်ရန် ကတိပေးထားခြင်းအား မှန်မှန်ကန်ကန် အကောင်အထည် ဖော်ရန် မြန်မာ အစိုးရ အတွက် နောက်မကျသေးပါဟု မိမိ အနေဖြင့် ယုံကြည်နေသည်။

Mr. Tomas Ojea Quintana ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၂၀၀၈ မေလတွင် ခန့်အပ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ကုလသမဂ္ဂ အထူးအရာရှိ တစ်ဦး အနေဖြင့် မည်သည့် အစိုးရ၊ မည်သည့် အဖွဲ့အစည်း၏ တစ်စုံတစ်ရာ ထိန်းချုပ်မှု မရှိဘဲ လွတ်လွတ်လပ်လပ် တစ်ဦးတည်း ဆောင်ရွက်ခြင်းဖြင့် တာဝန် ထမ်းဆောင်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment