Transparency Myanmar

transparency.myanmar@gmail.com

VOA News, 5th May 2010

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်၍ လက်ဆုပ်လက်ကိုင် ပြနိုင်သော တိုးတက်မှုများ ပြုလုပ်နိုင်ခြင်း မရှိသောကြောင့် ၎င်းတို့အပေါ် ပိုမို တင်းကြပ်သော အရေးယူမှုများ အသစ်တဖန် ပြုလုပ်ရန် အမေရိကန် ဆီနိတ် လူနည်းစု ခေါင်းဆောင် Mitch McConnell က အမတ်များကို တိုက်တွန်းလိုက်သည်။

ရီပတ်ဗလစ်ကင် အမတ် ဖြစ်သော McConnell က ဗုဒ္ဓဟူးနေ့က ဒီမိုကရက် ပါတီ ထိန်းချုပ်သော ဆီးနိတ်တွင် တစ်နှစ်တစ်ခါ အတည်ပြုရမည့် အရေးယူမှု ဥပဒေ တစ်ခုကို မိတ်ဆက်ပေးပြီး ထိုသို့ တောင်းပန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

၎င်းက ပြောကြားရာတွင် လက်ရှိ အမေရိကန်၏ အရေးယူမှုများကို ဆက်လက် ထားရှိရန်နှင့် အကယ်၍ ရုတ်သိမ်းပေးခဲ့ပါက မြန်မာ အစိုးရ လိုချင်သော တရားဝင်မှုကို ပေးလိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

McConnell က ဆက်လက် ပြောကြားရာတွင် အမေရိကန်နှင့် ကုလသမဂ္ဂတို့သည် မြန်မာ စစ်အစိုးရ အပေါ် နှစ်ပေါင်း နှစ်ဆယ် နီးပါး ဆက်ဆံရန် ကြိုးစားခဲ့သော်လည်း တိုင်းပြည်ကို ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေး အတွက် မည်သည့် တိုးတက်မှုမျှ မရခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့်နှစ်က Obama အစိုးရသည် မြန်မာနိုင်ငံ အပေါ် အထီးကျန်စေခြင်း၊ အရေးယူခြင်း တို့ထက် လက်တွေ့ကျသော ဆက်ဆံရေး ထူထောင်ရန် အလေးပေးသော အမေရိကန် မူဝါဒသစ်ကို ကြေညာခဲ့သည်။

သို့သော် Obama အစိုးရက လက်ရှိ အရေးယူ ပိတ်ဆို့မှုများကိုမူ ရုတ်သိမ်းခြင်း မပြုကြောင်း ပြောခဲ့သည်။ လက်ရှိ အရေးယူမှုတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အဓိက ခြေလှမ်းများ မပြုလုပ်မချင်း၊ အမေရိကန်တို့နှင့် ကုန်သွယ်ရေးကို လုံးဝ ပိတ်ထားမည် ဖြစ်သည်။

မြန်မာ အစိုးရသည် ယခုနှစ်တွင် ၁၉၉၀ နောက်ပိုင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပရန် ကတိပေးထားပြီး ဖြစ်သည်။ သို့သော် အဓိက အတိုက်အခံ ပါတီက ၎င်းတို့၏ အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မဝင်နိုင်စေရန် တားဆီးထားသောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်လျက် ရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment