Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ တိုင်းစကွဲယား (Times Square) အား ဗုံးဖောက်ခွဲရန် ကြိုးပမ်း အားထုတ်သူဟု သံသယရှိခြင်း ခံရသူ ပါကစ္စတန်ဖွား အမေရိကန် နိုင်ငံသား တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက JFK လေဆိပ်တွင် ဖမ်းဆီး ရမိလိုက်ကြောင်း သတင်းများက ဆိုသည်။

အဖမ်းခံရသူမှာ Faisal Shahzad (အသက်-၃၀ အရွယ်) ဆိုသူ ဖြစ်ပြီး ၎င်းသည် JFK လေဆိပ်မှ ဒူဘိုင်းနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။ FBI ၏ အဆိုအရ မစ္စတာ Shahzad သည် ပါကစ္စတန် နိုင်ငံတွင် မွေးဖွားခဲ့ပြီး ၎င်းနှင့် ဆက်နွှယ်နေသော ပြည်ပ အကြမ်းဖက် အုပ်စုများကိုလည်း လိုက်လံ စုံစမ်းလျက် ရှိကြောင်း သိရသည်။ အမေရိကန် ရှေ့နေချုပ် Eric Holder က "မစ္စတာ Shahzad ဟာ JFK လေဆိပ်ကနေ ဒူဘိုင်းကို ထွက်ပြေးဖို့ လုပ်နေတာပါ။ သူ့ကို လေဆိပ်ကနေ အချုပ်ထဲကို တစ်ခါတည်း ခေါ်ဆောင်သွားပါတယ်" ဟု အရေးပေါ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

အခြားသော သတင်း ပေးပို့ချက်များ အရ ဗုံးဖောက်ခွဲရန် ကြိုးပမ်းသူသည် Connecticut မြို့တွင် နေထိုင်ပြီး ပါကစ္စတန်နိုင်ငံသို့ ငါးလတာမျှ သွားရောက်ခဲ့ကာ မကြာသေးခင် ကာလက ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ သူသည် ပါကစ္စတန်နိုင်ငံ၊ ပက်ရှ်ဝါသို့ သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ပက်ရှ်ဝါသည် အယ်လ်ကေးဒါးနှင့် တာလီဘန် အုပ်စုများ လူသစ် စုစည်းရာ မြို့တစ်မြို့လည်း ဖြစ်သည်။

"စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ ထောင့်ပေါင်းစုံကနေ လုပ်နေတာပါ။ ပြောရရင် ဒီကိစ္စက အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့ ကိစ္စတစ်ခုပါ" ဟု မစ္စတာ Holder က ဆက်လက် ပြောဆိုသည်။

"ကျွန်တော်တို့ အသေးစိတ် ဆက်လုပ်မှာပါ။ ဘယ်လို လုပ်မလဲ ဆိုရင် တိုင်းစကွဲယား ဗုံးဖောက်ခွဲဖို့ ကြိုးပမ်းတဲ့ နေရာမှာ တာဝန်ရှိတဲ့သူကို စုံစမ်း ဖော်ထုတ်ရုံတင် မကပါဘူး။ ပြည်ပမှာ ရှိတဲ့ အကြမ်းဖက် အုပ်စုတွေကိုပါ ဖော်ထုတ်သွားမှာပါ။ ဒီကိစ္စကို ကြည့်ရင် အမေရိကန် ပြည်သူတွေကို သတ်ဖို့ ကြိုးပမ်းတယ်ဆိုတာ ရှင်းနေပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

FBI နှင့် အခြားသော ဥပဒေရေးရာ အေဂျင်စီများက ပူးတွဲ ထုတ်ပြန်သော ကြေညာချက်အရ မစ္စတာ Shahzad အား အမေရိကန် ပြည်တွင်း လုံခြုံရေးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးဌာနတို့က မည်သူမည်ဝါ ဖြစ်သည်ဟု တွေ့ရှိခဲ့ကြောင်း၊ သူသည် ဒူဘိုင်းသို့ လေယာဉ်ဖြင့် သွားရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန် ထောက်လှမ်းရေး အရာရှိများသည် မေလ ၂ ရက်နေ့တွင် နယူးယောက်မြို့၊ တိုင်းစကွဲယား၌ မသင်္ကာဖွယ် Nissan Pathfinder အမျိုးအစား မော်တော်ယာဉ် တစ်စီးကို ရှာဖွေ တွေ့ရှိခဲ့ရာ မော်တော်ယာဉ်ပေါ်တွင် ပေါက်ကွဲစေနိုင်သည့် ဗုံးလက်နက်များ တွေ့ရှိခဲ့ကြသည်ဟု ABC သတင်းက ဆိုသည်။

အမေရိကန် အာဏာပိုင်များ၏ အဆိုအရ မစ္စတာ Shahzad သည် လွန်ခဲ့သည့် ရက်သတ္တပတ် (ဧပြီလ နောက်ဆုံးပတ်) လောက်က Nissan Pathfinder ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၁၃၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မော်တော်ယာဉ် ဝယ်ယူရာတွင် Credit Card ကို အသုံးမပြုဘဲ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများဖြင့် လက်ငင်း ပေးချေခြဲ့ခင်း ဖြစ်သည်။

နယူးယောက်မြို့ ရဲတပ်ဖွဲ့မှ Commissioner ဖြစ်သူ Raymond Kelly က တိုင်းစကွဲယားတွင် မသင်္ကာဖွယ် လူနှစ်ဦးကို စီစီတီဗီ ကင်မရာဖြင့် မှတ်တမ်း တင်နိုင်ခဲ့သည်ဟု ဦးစွာ ထုတ်ဖော်သည်။ ထိုအထဲမှ တစ်ဦးမှာ အစိမ်းရောင် Nissan Pathfinder မော်တော်ကား အနီးမှ လမ်းလျှောက် ထွက်ခွာသွားပြီး ထိုသူ၏ အမူအယာမှာ ခိုးကြောင့်ခိုးဝှက် ပုံစံမျိုး ဖြစ်နေသည်ဟု ဆိုသည်။ မော်တော်ယာဉ်ကို တိုးရစ် အများအပြား စုဝေးသွားလာရာ နေရာတွင် ရပ်ထားခဲ့ခြင်း ဖြစ်သည်။ ရဲများက သွားရောက် စစ်ဆေးရာတွင် Nissan Pathfinder ယာဉ်ပေါ်တွင် အချိန်ကိုက် ကိရိယာများ၊ မီးလောင်ပစ္စည်းများ၊ ဓာတ်ဆီများ၊ ပရိုပိန်း ဓာတ်ငွေ့ဘူးများ ပါဝင်သည်ကို တွေ့ရှိခဲ့ကြသည်။

ယခုဖြစ်ရပ်သည် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာနအား လေယာဉ်ပျံများဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြီးမားဆုံး အကြမ်းဖက်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုတွင် လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရသည်။

ယခု တိုင်းစကွဲယား အကြမ်းဖက် ဖောက်ခွဲရန် ကြိုးပမ်းမှုအတွက် တာဝန်ရှိသည့် အုပ်စုမှာ ပါကစ္စတန် လက်နက်ကိုင် အုပ်စုဖြစ်သော Tehreek-e-Taliban ဖြစ်သည်ဟု ဆိုသည်။ သို့သော် Bloomberg သတင်းဌာနက မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

မည်သို့ဆိုစေ ပါကစ္စတန် တာလီဘန် ခေါင်းဆောင် Hakimullah Mehsud အမေရိကန် ပြည်ထောင်စု၏ အထင်ကရ မြို့ကြီးများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည် ဟူသည့် သတိပေးချက် ပါသော ဗွီဒီယို မှတ်တမ်းခွေ တစ်ခု ထွက်ပေါ်ခဲသည်။ သို့သော် Hakimullah Mehsud မှာ လွန်ခဲ့သည့် လအနည်းငယ်က သေဆုံးသွားပြီဟုလည်း သိရသည်။

နောက်ထပ် ဖြစ်နိုင်ခြေ ရှိသော အချက်မှာ ဂျီဟတ်အုပ်စုများနှင့် ဆက်နွယ်သည် ဟူသော အချက်ပင် ဖြစ်သည်။ ၂၀၀၇ ခုနှစ် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ဖျော်ဖြေရေး ရပ်ကွက်တစ်ခုတွင် မော်တော်ကားဗုံး ဖောက်ကွဲရန် ဂျီဟတ်အုပ်စုများက ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment