Transparency Myanmar

transparency.myanmar@gmail.com

အီရန်နိုင်ငံ၏ လိပ်ခဲတည်းလည်းဖြစ်နေသော နျူကလီယာ ပြဿနာနှင့် ပတ်သက်၍ တရုတ်နိုင်ငံ သမ္မတ ဟူဂျင်းတောင်က ယခု ရက်သတ္တပတ်တွင် မော်စကိုမြို့သို့ သွားရောက် လည်ပတ်ပြီး ရုရှား ခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း တရုတ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးက ဆိုသည်။ ရုရှားနှင့် တရုတ် နှစ်နိုင်ငံတွင် အဆိုပါကိစ္စအပေါ် တူညီသော အမြင်များ ရှိသည်ဟုလည်း ဆိုသည်။

သမ္မတ ဟူဂျင်းတောင်သည် မေလ ၈ ရက်နှင့် ၉ ရက် မော်စကို ခရီးစဉ်အတွင်း ရုရှားသမ္မတ ဒီမစ်ထရီမီဒီဒက်၊ ဝန်ကြီးချုပ် ဗလာဒီမာပူတင်တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ တရုတ် သမ္မတသည် ဒုတိယ ကမ္ဘာစစ် အဆုံးသတ်ခြင်း ၆၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"အီရန် နျူကလီယာ အရေးကိစ္စ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း အကျိုးစီးပွား ကိစ္စတွေ အပေါ် နှစ်နိုင်ငံ ခေါင်းဆောင်တွေ အမြင်ချင်း ဖလှယ်ကြမှာ ဖြစ်ပါတယ်" ဟု တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Cheng Guoping က သတင်းစာ ဆရာများကို ပြောကြားသည်။

"တရုတ်နဲ့ ရုရှားနှစ်နိုင်ငံဟာ အီရန်နျူကလီယာ ပြဿနာအပေါ် တူညီတဲ့ အမြင်တွေ ရှိကြပါတယ်" ဟု ၎င်းက ပြောကြားသည်။

အီရန်သည် ပေါင်းသင်းရန် ခက်ခဲသော မဟာမိတ်နိုင်ငံ ဖြစ်ပြီး အီရန်နိုင်ငံက ခုခံ ပြောဆိုနေသည့် နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်၍ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရမည် ဟူသော သတိပေးချက်များမှာ ပယ်ဖျက်၍ မရနိုင်သော ကိစ္စ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ဧပြီလ ကုန်ပိုင်းတွင် ပြောကြားသည်။

အီရန်သည် လက်နက် တပ်ဆင် ထုတ်လုပ်မှုကို ဖုံးကွယ်နိုင်ရေးအတွက် အရပ်သုံး နျူကလီယာ စွမ်းအင် အစီအစဉ်ကို ထုတ်ပြောနေခြင်း ဖြစ်နိုင်သည်ဟု အမေရိကန် ပြည်ထောင်စု၊ ဥရောပနှင့် အခြားသော နိုင်ငံများက စိုးရိမ်လျက် ရှိပြီး အီရန်အပေါ် ပိတ်ဆို့ အရေးယူမှု ပြုလုပ်နိုင်မည့် နည်းလမ်းများလည်း ရှာဖွေလျက် ရှိသည်။ အီရန်အစိုးရက စွပ်စွဲ ပြောဆိုချက်များမှာ မဟုတ် မမှန်ကြောင်း ထပ်ခါတလဲလဲ ငြင်းဆိုလျက် ရှိသည်။

သို့သော် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသည့် နိုင်ငံတစ်ခု ဖြစ်သော တရုတ်ကမူ အီရန်အပေါ် ပိတ်ဆို့အရေးယူမည့် ကိစ္စအပေါ် အင်တင်တင် ဖြစ်နေသည့် သဘောတွင် ရှိသည်။ အကြောင်းမှာ အီရန်သည် တရုတ်နိုင်ငံ၏ စွမ်းအင် အခန်းကဏ္ဍ လည်ပတ်နိုင်ရေးအတွက် အရေးကြီးသော နိုင်ငံတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

တရုတ်ကဲ့သို့ပင် လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးပိုင်ခွင့် ရှိသော ရုရှားနိုင်ငံ သမ္မတ ဒီမစ်ထရီ မီဒီဒက်ကလည်း အီရန်နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ ထပ်မံ မပြုလုပ်သင့်ကြောင်း၊ သို့သော် နျူကလီယာ အစီအစဉ်ကြောင့် လူပေါင်းများစွာ ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်အောင် မပြုလုပ်သင့်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုထားသည်။

ယခု တရုတ်သမ္မတ ဟူဂျင်းတောင်၏ ရုရှား ခရီးစဉ်သည် အနာဂတ်ကာလ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာရေးအတွက် အရေးကြီးသော ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးသည် လွန်ခဲ့သော ၆၅ နှစ်တာ ကာလအတွင်း ဂျာမနီနှင့် ဂျပန်တပ်ဖွဲ့များ အပေါ် အနိုင်ရရှိလိုက်သည့် အချိန်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

"နှစ်ဖက်စလုံးကြားမှာ ရှိတဲ့ ခင်မင်ရင်းနှီးမှုဟာ ဖက်ဆစ်စနစ် ဆန့်ကျင် တိုက်ဖျက်ရေးမှာ ကျဆုံးခဲ့တဲ့ သွေးတွေနဲ့ တည်ဆောက်ထားတာပါ။ အဲဒါကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အပြည့်အဝ တောင့်တင်း ခိုင်မာသလို ဘယ်တော့မှလည်း ပျက်ယွင်းသွားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အစီအမံသစ်များ ပြုလုပ်ပါက အမေရိကန် ပြည်ထောင်စုနှင့် သံတမန် ဆက်ဆံရေး တံခါးကို အပြီးသတ် ပိတ်ပင်မည် ဖြစ်ကြောင်း အီရန် သမ္မတ အာမက်ဒီနီဂျက်က သတိပေး ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် ရုရှားနှင့်တရုတ် နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမည့် ကိစ္စ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

"အီရန်နဲ့ အမေရိကန်ကြား တိုးတက်ဖြစ်ထွန်းမှု ရှိတဲ့ ဆက်ဆံရေးတွေ အားလုံးကို ပိတ်ပင် ဖြတ်တောက်ပစ်မှာပါ" ဟု အာမက်ဒီနီဂျက်က သတင်းထောက်များကို ပြောကြားသည်။ "တကယ်လို့ ပိတ်ဆို့ အရေးယူမှုသစ်တွေ ထပ်လုပ်မယ် ဆိုရင် အီရန်နဲ့ အမေရိကန် ဆက်ဆံရေးဟာ ယခင် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် လက်ထက်ကလို ထိပ်တိုက် ရင်ဆိုင်ရမယ့် ကိန်းမျိုး ပြန်ဆိုက်သွားမယ်။ အခု သမ္မတ အိုဘားမား ကြိုးစား ရှာဖွေနေတဲ့ စေ့စပ် ညှိနှိုင်းရေး ပုံမျိုးဖြစ်လာဖို့ မလွယ်ပါဘူး" ဟု ၎င်းက ဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment