Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ-တရုတ် နယ်စပ်ဒေသအနီး သတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခု၌ မြေပြိုမှု ဖြစ်ပွားရာတွင် သေဆုံး၊ ဒဏ်ရာရသူ တရုတ် အလုပ်သမားများအား ကယ်ဆယ်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေး လုပ်သားများ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းက တရုတ်နယ်စပ်မှ ၃ ကီလိုမီတာ (၁ ဒဿမ ၈ မိုင်) အကွာ မြန်မာနိုင်ငံရှိ သတ္တုတွင်းတစ်ခု တွင် မြေပြိုမှု ဖြစ်ပွားရာ တရုတ်နိုင်ငံသား မိုင်းတွင်းလုပ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း Xinhua သတင်းဌာနက ဆိုသည်။ ဒဏ်ရာရရှိသူ ကျန် ၅ ဦးကို ယူနန်ပြည်နယ်၊ Tengchong မြို့ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၊ နှစ်ဦးမှာ ယနေ့အချိန်အထိ ပျောက်ဆုံး နေသေးကြောင်း သိရသည်။

တရုတ်သည် သဘာဝ သယံဇာတ ပေါကြွယ်ဝသူ မြန်မာနိုင်ငံ၏ အဓိကကျသော မိတ်ဆွေနိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံမှ ဧရာမစီးပွားရေးသမားကြီးများသည် မြန်မာနိုင်ငံ နယ်စပ်ဒေသ အနီးရှိ သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး စသည့် လုပ်ငန်းများတွင် ကြီးစိုးလျက် ရှိသည်။ ယခု သတ္တုတွင်း မြေပြိုမှု ဖြစ်ပွားပြီးနောက် တရုတ်ပြည်မှ ကယ်ဆယ်ရေး လုပ်သား ၁၄၀ ကျော်နှင့် ကယ်ဆယ်ရေး စက်ယန္တရားကြီးများပါ အခင်းဖြစ်ပွားရာ နေရာသို့ ဝင်ရောက် လာကြကြောင်း၊ ပျောက်ဆုံး နေသူများကိုလည်း ရှာဖွေလျက် ရှိကြောင်း Xinhua က တရုတ် ကွန်မြူနစ် ပါတီဝင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်း တည်ငြိမ် အေးချမ်းမှု ဖြစ်ထွန်းရေးကို လိုလိုလားလား ဖြစ်လျက် ရှိသည်။ အကြောင်းမှာ ကြီးထွားလာသော စီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သော စွမ်းအင်ကို မြန်မာနိုင်ငံမှ ပိုက်လိုင်းဖြင့် သွယ်တန်းလျက် ရှိသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသ အတော်များများမှာ ဗဟိုအစိုးရထက် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ ကိုယ်ပိုင် ထိန်းချုပ်မှု လက်အောက်တွင် ရှိသည်။ မြန်မာစစ်အစိုးရက တရုတ်နယ်စပ် အနီးရှိ ကိုးကန့်ဒေသ ပြဿနာကို ၂၀၀၉ ခုနှစ်အတွင်း စစ်အင်အားသုံးကာ ဖြေရှင်းခဲ့သောကြောင့် နယ်စပ်ဒေသများ တင်းမာမှုမှာ ယခင်ကထက် ပိုမို ကြီးထွားလျက် ရှိသည်။

NY Times မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment