Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များနှင့် ပတ်သက်သော သတင်း ပေးပို့ချက်များအား ဖတ်ရှု သိရှိရပြီးနောက် အမေရိကန် ဆီနိတ်တာ ဂျင်ဝက်ဘ်က်က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည့် ခရီးစဉ် မစတင်မီ နာရီပိုင်း အလိုတွင်ပင် ယင်းခရီးစဉ်ကို ဆိုင်းမဆင့် ဗုံမဆင့် ဆိုသလိုပင် ရွှေ့ဆိုင်းပစ်လိုက်သည်။

မြန်မာ စစ်အစိုးရသည် မြောက်ကိုရီးယား၏ ပူးတွဲ အကူအညီပေးမှုဖြင့် နျူကလီယာ အစီအစဉ်များ အကောင်အထည် ဖော်လျက် ရှိသည် ဟူသော စွပ်စွဲချက်သစ်များကြောင့် ယင်းအချိန်သည် မြန်မာနိုင်ငံသို့ သွားရန် မကောင်းသော အချိန်တစ်ခု ဖြစ်ကြောင်း မစ္စတာ ဂျင်ဝက်ဘ်က ပြောသည်။ မစ္စတာ ဂျင်ဝက်ဘ် အမေရိကန် ပြည်ထောင်စုသို့ ပြန်သွားပြီး ရက်ပိုင်းမျှ အကြာတွင် အရှေ့တောင်အာရှ (အာဆီယံ) ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က အကယ်၍ မြန်မာနိုင်ငံတွင် နျူကလီယာ အစီအစဉ်များ အကောင်အထည် ဖော်လျက် ရှိသည် ဟူသော စွပ်စွဲချက်သာ မှန်ကန်နေပါက ယင်းကိစ္စသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို မလွဲမသွေ ရိုက်ခတ်မှု ရှိလာလိမ့်မည်ဟု ပြောသည်။

အကယ်၍ နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB) က ထုတ်လုပ်ပြီး Al Jazeera ကတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည့် မြန်မာနိုင်ငံသည် နျူကလီယာ နည်းပညာ ရရှိရန် ကြိုးပမ်းနေသည် ဟူသော သတင်း ပေးပို့ချက်သာ မစ္စတာ ဂျင်ဝက်ဘ်အပေါ် လွှမ်းမိုးနိုင်ခဲ့ခြင်း မရှိပါက ၎င်းအနေဖြင့်လည်း မြန်မာခရီးစဉ်ကို ယခုလို ရုတ်ချည်း ဖျက်သိမ်းခဲ့မည် မဟုတ်ပေ။

မစ္စတာဂျင်ဝက်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လမှ စကာ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု စေ့စပ်ညှိနှိုင်းမှုကို မယုံနိုင်လောက်အောင်ပင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာခဲ့သူ ဖြစ်သလို မြန်မာထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပထမဆုံး အဆက်အသွယ် ပြုသည့် အမေရိကန် နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်ခဲ့သည်။ သူသည် ဗီယက်နမ် နိုင်ငံအတွက် တစ်ခါက လုပ်ကိုင်ပေးခဲ့သလိုမျိုး မြန်မာနိုင်ငံ အတွက်လည်း ငြိမ်းချမ်းသော အပြောင်းအလဲနှင့် ကြွယ်ဝ ချမ်းသာမှုမျိုး ဆောင်ကြဉ်းပေးရန် မျှော်လင့်ချက် ထားရှိခဲ့သူ ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံအကြား ၁၀ လကြာမျှ အပြင်းအထန် ကြိုးစား အကောင်အထည် ဖော်ခဲ့သော ဒိုင်ယာလော့်ခ်နှင့် အဆက်အသွယ် ပြုလုပ်မှု များက အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တွေ့မြင်လိုသော ရလဒ်မျိုးကို ထုတ်ဖော်ပေးနိုင်ခြင်း မရှိပေ။ မြန်မာနိုင်ငံတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး သမားများနှင့် သက်ဆိုင်သူ အားလုံး ပါဝင်ခွင့် ရရှိရေး၊ လွတ်လပ်ပြီး တရားမျှတမှု ရှိကာ နိုင်ငံတကာ စောင့်ကြည့် လေ့လာမှု အောက်တွင် ကျင်းပသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေး စသည်တို့ကို အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တွေ့လိုမြင်လိုခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အမေရိကန် အာဂျင်ဒါအတွက် အရေးကြီးနေသည့် ကိစ္စမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ အရ မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု မူဝါဒကို မြန်မာနိုင်ငံက ဖောက်ဖျက်ခြင်းရှိ၊ မရှိကို အသေအချာ သိရှိအောင် ပြုလုပ်ရေးပင် ဖြစ်သည်။ အမှန် ပြောရလျှင် မြန်မာစစ်အစိုးရ၏ နျူကလီယာ အားထုတ်မှုများကြောင့် အမေရိကန် ပြည်ထောင်စုအတွက် မပြေလည်မှုများ၊ စိတ်အားမရ ဖြစ်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းပင် ဖြစ်သည်။

လွန်စွာ ဆိုးဝါးသည်မှာ မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးပင် ဖြစ်သည်။ သမိုင်းကြောင်းကို ကြည့်လျှင် နှစ်နိုင်ငံစလုံးမှာ ခက်ထန်ကြမ်းတမ်းသည့် နိုင်ငံများ ဖြစ်ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၃ နှစ်အတွင်း တစ်ဦးနှင့်တစ်ဦး ရန်သူဖြစ်ခဲ့ကြပြီးမှ အကောင်းဆုံး မိတ်ဆွေအဖြစ် ပြန်ပေါင်းထုပ်လာကြသည့် ဆက်ဆံရေး ဖြစ်သည်။ နိုင်ငံတကာတွင် အထီးကျန် ဖြစ်လာခြင်း၊ တင်းကြပ်သော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကြောင့် မြန်မာနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံမှာ ပိုမို နီးကပ်လာခြင်း ဖြစ်သည် ဟုဆိုလည်း ရသည်။

မြောက်ကိုရီးယား၏ နျူကလီယာဆိုင်ရာ အာသီသရှိမှု၊ နိုင်ငံခြား ငွေကြေး လိုအပ်မှု စသည့် ကျေးဇူးတရားများကြောင့် မြန်မာ စစ်အစိုးရ အနေဖြင့် နျူကလီယာ အိပ်မက်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်ရန် ဖြစ်လာသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အခြားသော နျူကလီယာ စူပါပါဝါ များကဲ့သို့ ပါဝါ ချိန်ခွင်လျှာမျှ နိုင်သည့် နိုင်ငံမျိုး ဖြစ်လာရန်အထိ ယုံကြည်မှု ထားရှိနေခြင်းလည်း ဖြစ်သည်။

သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် နျူကလီယာဗုံး တပ်ဆင် ထုတ်လုပ်နိုင်သည့် အစွမ်းအစ မရှိသလို နျူကလီယာဗုံးလည်း တပ်ဆင် ထုတ်လုပ်မည့် နိုင်ငံလည်း မဟုတ် ဟု ကာလ ကြာရှည်စွာ ကိုယ့်ကိုယ်ကို အားရ ကျေနပ်ခဲ့ကြသော ထိုင်းလုံခြုံရေး အာဏာပိုင်များ၊ အထူးသဖြင့် အမျိုးသား လုံခြုံရေး ကောင်စီ (NSC) အနေဖြင့် နောက်ဆုံးတွင် အဆိုပါ ကိစ္စကို အလွန်အမင်း အာရုံစိုက် လာကြရတော့သည်။ မြန်မာနိုင်ငံ နျူကလီယာ အရေးနှင့် ပတ်သက်ပြီး ထိုင်း အာဏာပိုင်များ၏ အဓိက ထင်မြင် ယူဆချက်မှာ ရိုးရှင်းလွန်းခဲ့သည်။ မြန်မာသည် ဆင်းရဲသည်၊ ခေတ်နောက်ပြန် ဆွဲနေသည်၊ သို့တွက်ကြောင့် နျူကလီယာ စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်နိုင်ရန် အလားအလာ လုံးလုံးလျားလျား မရှိ ဟူသည့် သဘောမျိုး ဖြစ်သည်။

NSC မှ မြန်မာ့အရေး ခွဲခြမ်း လေ့လာသူများက ယခု နျူကလီယာ အရေးသည် အနောက် အိမ်နီးချင်း နိုင်ငံနှင့် အပေးအယူ လုပ်ရာတွင် အန္တရာယ် များသော ပြဿနာတစ်ရပ် သို့မဟုတ် ချော့မော့ နှစ်သိမ့်ပေးရမည့် စံနမူနာ ဇာတ်လမ်းတစ်ခု အဖြစ် မကြာမီ သဘောပေါက် လာကြလိမ့်မည် ဖြစ်သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အိမ်နီးချင်း ဆက်ဆံရေး အခင်းအကျင်းကို ကြည့်ပါက ၂၀၀၄ ကီလိုမီတာ ရှည်လျားသော နယ်စပ်ဒေသ လုံခြုံရေး မတည်မငြိမ် ဖြစ်မှုနှင့် မြန်မာ့သဘာဝ ဓာတ်ငွေ့ ဟူသော စွမ်းအင် လောင်စာအပေါ် ထိုင်းနိုင်ငံက အလွန်အမင်း မှီခိုအားထား လာရမှုတို့က ထိပ်ဆုံးနေရာတွင် ရှိသည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက စွမ်းအင် အခန်းကဏ္ဍနှင့် ဆက်နွယ်သော အေဂျင်စီများနှင့် ထိုင်းအစိုးရ၏ ထိပ်တန်းမူဝါဒရေး အဆုံးအဖြတ် ပြုလုပ်သူများကို မြန်မာ့သဘာဝ ဓာတ်ငွေ့ ကိစ္စနှင့် ပတ်သက်၍ သတိပေး ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံမှ လောင်စာ တင်သွင်းမှု လျှော့ချရေးအတွက် အခြား ရွေးချယ်နိုင်မည့် မူဝါဒတစ်ရပ် ချမှတ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့အချိန်အထိ နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုမှုကို အကောင်အထည် မဖော်ရသေးပေ။ အကြောင်းမှာ ထိုင်းစွမ်းအင် အေဂျင်စီ အတော်များများ၏ ရင်းနှီးမြှုပ်နှံမှု ငွေများမှာ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းများသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ နှစ်စဉ် စွမ်းအင် ဝယ်ယူ တင်သွင်းမှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၈၈၀ ခန့် ရှိသည်။ ဤအနေအထားအရ ဆိုပါက မည်သည့် အခြေအနေမျိုး ပင်မဆို ပိုနေမြဲ ကျားနေမြဲ ဖြစ်ရေးကိုသာ လိုလားသည့် သဘောမျိုး ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အနာဂတ် လောင်စာစွမ်းအင် လုံခြုံ စိတ်ချစွာ ရရှိနိုင်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ရမည့် ပုံစံတွင် ရှိသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော နောက်ထပ် ပြဿနာတစ်ရပ် ကျန်သေးသည်။ ယင်းမှာ မြန်မာပြည်၏ ရန်လိုမှုအပေါ် ထိတ်လန့်သည့် စိတ်များ အရိုးစွဲနေခြင်း ဖြစ်သည်။ မည်သည့် အချိန်တွင်မဆို "ဖမ" (ထိုင်းဘာသာဖြင့် မြန်မာ) ဟု ဆိုလိုက်ရုံဖြင့် အခြေခံ လူတန်းစား ထိုင်းလူမျိုးများ (ထိုင်းအာဏာပိုင်များကို မပြောလို) မှာ စိတ်တုန်လှုပ် ခြောက်ခြားပြီး ပြစ်တင် ဆဲဆိုမှုများကို အဆုံးအစမရှိ ခရားရေလွှတ် ပြောကြတော့သည်။ "ဖမ" အသံ ကြားရုံဖြင့် ချက်ချင်း ဆိုသလိုပင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၆ နှစ်လောက်က အယုဒ္ဓယမြို့ ရက်ရက်စက်စက် မီးရှို့ ဖျက်ဆီးခံရသည့် အကြောင်းကို ထုတ်ပြောလေ့ ရှိကြသည်။ မြောက်မြားစွာ ထွက်ရှိခဲ့သော သမိုင်း စာအုပ်များ၊ ဝတ္ထုများ၊ ရုပ်ရှင်ဇာတ်လမ်းများ၊ ပုံပြင်များကြောင့် တစ်ချိန်က ထိုင်းနိုင်ငံ မြို့တော် ပျက်သုဉ်းခဲ့ရသည့် ကိစ္စမှာ ယနေ့အချိန်အထိ ဖျောက်ဖျက် မရနိုင်ဘဲ ဖြစ်နေခြင်း ဖြစ်သည်။ ဤသို့သော မြန်မာ ကြောက်စိတ်သည် ထိုင်းလုံခြုံရေး တပ်ဖွဲများ၊ အာဏာပိုင်များအား ပို၍ တောင့်တင်း ခိုင်မာလာအောင် အားသစ် လောင်းပေးနိုင်သော အရာ ဖြစ်မည်ဟု စဉ်းစားကောင်း စဉ်းစားနိုင်သလို လုံခြုံရေးနှင့် သက်ဆိုင်သော အေဂျင်စီများ အနေဖြင့် မြန်မာ စစ်အစိုးရ၏ နျူကလီယာ ပန်းတိုင်နှင့် တန်ပြန် အားပြိုင်နိုင်မည့် မူဝါဒ တစ်ခုခု ချမှတ်ရေးအတွက် လုပ်ဆောင်လာနိုင်သည်ဟု ထင်မှတ်ကောင်း ထင်မှတ်နိုင်သည်။

ထူးခြားသည်မှာ အမေရိကန်၊ သြစတြေးလျ စသည့် နိုင်ငံများမှ ထောက်လှမ်းရေး အေးဂျင့်များနှင့် လက်တွဲပြီး မြန်မာ စစ်အစိုးရ၏ နျူကလီယာ အစီအစဉ်ကို ကာလ ကြာရှည်စွာ စောင့်ကြည့် လေ့လာနေသူ ထိုင်းထောက်လှမ်းရေး အေးဂျင့်များ အားလုံး စစ်အစိုးရ၏ အန္တရာယ် များသော ရည်မှန်းချက်ကို ကောင်းစွာ သိရှိထားခြင်းပင် ဖြစ်သည်။ သို့သော် ၎င်းတို့က စွမ်းအင် အခန်းကဏ္ဍနှင့် ပတ်သက်သော သတင်း အချက်အလက်များနှင့် အကဲဖြတ်ချက်များကို မျှဝေ ထုတ်ဖော် ပြောဆိုမှု မပြုကြပေ။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya သည်ပင် မြန်မာ စစ်အစိုးရ၏ သိုသိုသိပ်သိပ် ထားရှိသော လျှို့ဝှက်ချက်အပေါ် သိုသိုသိပ်သိပ်ပင် ထားရှိဖြစ်သည်။ ဖြစ်နိုင်ချေ ရှိသည်မှာ ဟနွိုင်းတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ အနေဖြင့် နျူကလီယာ လက်နက် အစီအစဉ်ကိစ္စကို အခြား အာဆီယံ အဖွဲ့ဝင်များနှင့်အတူ ထုတ်ဖော် ဆွေးနွေးဖွယ် ရှိသည်။ မြန်မာ စစ်အစိုးရအား နျူကလီယာနှင့် ပတ်သက်သမျှ ရှင်းရှင်းလင်းလင်း ထုတ်ဖော် အသိပေးရန် ပြောကောင်းပြောနိုင်သည်။ မြန်မာ စစ်အစိုးရက အမှန်အတိုင်း ပြောလာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့် မထားသည့်တိုင် အာဆီယံအနေဖြင့် မိမိတို့ ဂုဏ်သိက္ခာ မကျဆင်းရေး ဟူသော အကြောင်းပြချက်ဖြင့်  ယင်းဆွေးနွေးပွဲတွင် "နျူ" ကိစ္စကို ထုတ်ဖော် မှတ်ချက်ယူရန် လိုအပ်သည်။ အထူးသဖြင့် အာဆီယံ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ပေါ်ထွန်းပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းကာ စီးပွားရေးနှင့် ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှု ဖန်တီးရေးအတွက် အားသွန်ခွန်စိုက် လုပ်နေချိန်တွင် မြန်မာ စစ်အစိုးရ၏ နျူကလီယာ ကိစ္စကို မလွဲမသွေ ထုတ်ဖော်သင့်သည်။

မြန်မာနိုင်ငံသည် အာဆီယံဒေသ၏ ပထမဆုံး နျူကလီယာ မပြန့်ပွားရေး စာချုပ်ကို အခြားသော အာဆီယံ နိုင်ငံများ နည်းတူ လက်မှတ် ရေးထိုးထားသော နိုင်ငံ ဖြစ်သည်။ အရှေ့တောင် အာရှ နျူကလီယာ လက်နက် ကင်းစင်ရေးဇုန် ဖြစ်မြောက်ရေးအတွက် ချုပ်ဆိုသော စာချုပ် ဖြစ်သည်။ ထို့အတူ အာဆီယံသည်လည်း ကုလသမဂ္ဂ၏ နျူကလီယာ လက်နက် မပြန့်ပွားရေး စာချုပ် ချုပ်ဆိုထားသော အဖွဲ့ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု သမ္မတ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် နိုင်ငံရေး အာဏာ ရရှိလာသည့် အချိန်မှစကာ နျူကလီယာ ကင်းစင်သော ကမ္ဘာ ဖြစ်ပေါ်ရေးနှင့် နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် အလားအလာ ရှိသော အကြမ်းဖက်သမားများကို ရှင်းထုတ်နိုင်ရေးအတွက် ကြိုးစားခဲ့သည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံကိုလည်း ဆက်လက် ဖိအားပေးမှုများ ပြုလုပ်ပြီး ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်လာအောင် ပြုလုပ်သွားလိမ့်မည် ဟူသော မျှော်လင့်ချက်များ ဒေသတွင်း ထွက်ပေါ်လျက် ရှိသည်။ ဗီယန်နာ အခြေစိုက် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ အနေဖြင့် နျူကလီယာနှင့် ပတ်သက်သော စွပ်စွဲချက်များ အားလုံးကို စစ်ဆေးရန် အိုဘားမား အုပ်ချုပ်ရေး အဖွဲ့က လုပ်ကောင်း လုပ်လာနိုင်သည်။ ထို့အတူ အာဆီယံ အနေဖြင့်လည်း မြန်မာ နျူကလီယာ အစီအစဉ်ကို အချိန်မီ အရေးတယူ ပြုလုပ်သင့်သည်။ သို့မှသာ ကမ္ဘာလုံး ဆိုင်ရာ အရေးကိစ္စများ အပေါ် မတူညီသည့် အမြင်များကို တူညီသော အမြင်များ၊ ရပ်တည်မှုများဖြင့် ဖြေရှင်းနိုင်မည် ဖြစ်သည်။

The Nation သတင်းစာ အယ်ဒီတာ Kavi Chongkittavorn ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment