Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သော လျှို့ဝှက်ချက်များ ဖော်ထုတ်ခဲ့မှုကြောင့် နိုင်ငံပိုင် မီဒီယာများ၏ စွပ်စွဲ ထိုးနှက် တိုက်ခိုက် ရေးသားခြင်း ခံခဲ့ရသူ စစ်ဘက် အရာရှိဟောင်း နှစ်ဦးက စွပ်စွဲချက်များ အားလုံးသည် အသရေဖျက်မှု သက်သက်သာ ဖြစ်ကြောင်း ခုခံ ပြောဆိုသည်။

DVB က ပြုလုပ်ခဲ့သော မြန်မာနျူကလီယာ လက်နက် အစီအစဉ် ဆိုင်ရာ ထုတ်ဖော်ချက်တွင် အဓိက ပါဝင်ခဲ့သူ မြန်မာစစ်တပ်မှ ဗိုလ်မှူးဟောင်း နှစ်ဦးဖြစ်သော စိုင်းသိန်းဝင်း နှင့် အောင်လင်းထွဋ်တို့အား မြန်မာနိုင်ငံပိုင် မီဒီယာများက "တပ်ပြေးနှင့် ဝရမ်းပြေး" များအဖြစ် ပြစ်တင် ရှုတ်ချရေးသားခဲ့သည်။

စိုင်းသိန်းဝင်းမှာ နျူကလီယာ ဒုံးကျည်အတွက် ရှေ့ပြေးပုံစံငယ် တပ်ဆင် ထုတ်လုပ်သော စက်ရုံတွင် လုပ်ကိုင်ခဲ့ပြီး မြန်မာ စစ်အစိုးရ၏ နျူကလီယာ ပန်းတိုင်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို DVB သို့ ပေးခဲ့သူ ဖြစ်သည်။ အောင်လင်းထွဋ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်တွင် စစ်ထောက်လှမ်းရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသလို အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူးလည်း ဖြစ်ခဲ့ဖူးသည်။ မြန်မာ စစ်တပ်၏ စစ်ရေး စီမံကိန်းများကို ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံပိုင် သတင်းစာတွင် ပါရှိသော သတင်းဆောင်းပါး၌ ၎င်းတို့ နှစ်ဦးစလုံးကို ရာဇဝတ်မှု ကျူးလွန်သူများအဖြစ် ဖော်ပြ ရေးသားသည်။ အောင်လင်းထွဋ်သည် အမေရိကန် ဒေါ်လာ ၄၅၂၅ တန်ဖိုးရှိ နိုင်ငံတော် ဘတ်ဂျက်ငွေ အလွဲသုံးစား ပြုမှုကြောင့် တရားစွဲ အရေးယူရန် အမှုဖွင့် ခံရပြီးနောက် ၂၀၀၅ ရက်နေ့၊ မေလ ၂၀ ရက်နေ့တွင် ဝရမ်းပြေးအဖြစ် ကြေညာ ခံထားရသူ ဖြစ်သည်ဟု သတင်းဆောင်းပါးက ဆိုသည်။ ထို့ပြင် ၎င်းသည် နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အခြားသော ပြစ်မှုများဖြင့် တရားစွဲဆိုခံထား ရသူလည်း ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ပါသော ဆောင်းပါးက ဆိုသည်။

စိုင်းသိန်းဝင်းမှာ စစ်တပ်တွင် တာဝန် ထမ်းဆောင်ခဲ့သော ရာထူးကို လိမ်ညာ ပြောဆိုခဲ့သူ ဖြစ်ကြောင်း၊ ၎င်းသည် တပ်ပြေးတစ်ဦး ဖြစ်ရုံသာမက အခြားသော ရာဇဝတ်မှုများ ကျူးလွန်သူ တစ်ဦးလည်း ဖြစ်ရာ သက်ဆိုင်ရာက ၎င်းအား ဖမ်းဆီး အရေးယူရန် လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း ရေးသားသည်။

၁၉၉၂ ခုနှစ်တွင် စတင် ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံပိုင် မဟုတ်သည့် ရုပ်သံဌာန ဖြစ်သော DVB သည်လည်း ခလောက်ဆန် အကောက်ကြံသော အစီအစဉ်များကို သွေးထိုး ထုတ်လွှင့် ပေးနေသည့် လေလှိုင်းထဲက လူသတ်သမား ဖြစ်သည်ဟု စွပ်စွဲ ရေးသားသည်။ DVB သည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အကြား၊ မြန်မာ ပြည်သူများ အကြား ကတောက်ကဆ ဖြစ်အောင် သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

စိုင်းသိန်းဝင်းက ၎င်းအား စစ်ဘက်ရာထူး လိမ်လည် ပြောဆိုသူအဖြစ် စွပ်စွဲရေးသားမှု မဟုတ် မမှန်ကြောင်း ပြောဆိုပြီး DVB သတင်းဌာနသို့ သက်သေ အထောက်အထားများ ပေးပို့ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ မန္တလေးတိုင်း၊ သပိတ်ကျင်း အနီးရှိ တပ်မတော် စက်ရုံတစ်ခုတွင် တာဝန် ထမ်းဆောင်နေစဉ် အတွင်း နေပြည်တော် ကာကွယ်ရေး ဝန်ကြီးရုံးက ဗိုလ်ကြီးရာထူးမှ ဗိုလ်မှူးရာထူးအဆင့်သို့ တိုးမြှင့်ပေးသည့် စာရွက်စာတမ်းများကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သပိတ်ကျင်း မြောက်ဘက် ၇ မိုင် အကွာတွင် တည်ရှိသော အဆိုပါ စက်ရုံသည် မြန်မာ နျူကလီယာ အစီအစဉ် သုံးသပ် လေ့လာမှုနှင့် ပတ်သက်ပြီး အဓိက ဖိုးကပ်လုပ်ရာ နေရာ ဖြစ်သည်။ ယင်းဒေသကို နျူကလီယာ တပ်ရင်းဟု ခေါ်သည်။ စိုင်းသိန်းဝင်း၏ အဆိုအရ အဆိုပါ စက်ရုံတွင် နျူကလီယာ လက်နက် ထုတ်လုပ်ရန် အဓိက ရည်ရွယ်ထားသည်။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကလည်း ၎င်းအား စွပ်စွဲ ရေးသားချက်များသည် မဟုတ်မမှန်ကြောင်း တုံ့ပြန် ပြောဆိုသည်။ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ရှိ မြန်မာနိုင်ငံ သံရုံးတွင် တာဝန်ထမ်းဆောင်စဉ် သူ၏ နေရာသို့ အစားထိုး ဝင်ရောက်မည့်သူ မင်းလွင်ထံသို့ အမေရိကန် ဒေါ်လာ ၈၅၀၀၀ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်ပြေး မီဒီယာများ၏ သတင်း ပေးပို့ချက်များအရ ယခုအခါ မြန်မာ ထောက်လှမ်းရေး အရာရှိများက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ စိုင်းသိန်းဝင်း၏ နေအိမ်သို့ မကြာခဏ ဆိုသလို သွားရောက်လေ့ ရှိသည်။

မည်သို့ပင်ဆိုစေ The New Light of Myanmar သတင်းစာ ရေးသားချက်အရ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်သော အခြား အရာရှိများနှင့် ပြည်ပြေးနှစ်ဦး၏ မိသားစုဝင်များကို စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း မရှိကြောင်း သိရသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment