IPS News, 16th June 2010
မြန်မာနိုင်ငံမှ ဆန္ဒပြပွဲများ၊ ဂျကာတာ ဗုံးပေါက်ကွဲမှုများ၊ လတ်တလော ဟေတီငလျင်နှင့် တိုင်ဖွန်း ကက်ဆာနာကြောင့် ဖိလစ်ပိုင်တွင် ကြီးမားစွာ ပျက်စီးခဲ့မှုများ စသည့် ကိစ္စများတွင် ရှိနေသည့် တူညီသော အချက်တစ်ခုမှာ မည်သည့်အရာ ဖြစ်သနည်း။
အဆိုပါ ဖြစ်ရပ်အားလုံးသည် မိုဘိုင်းလ်ဖုန်း အပါအဝင် ခေတ်မီ ဆက်သွယ်ရေး နည်းပညာများကို အသုံးပြုကာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ခြင်းကြောင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သဘာဝကပ်ဘေး၏ ဖျက်ဆီးမှု ပမာဏကို မိုဘိုင်းလ်ဖုန်းများနှင် ပုံရိပ်များ ရိုက်ကူး ရရှိခဲ့ကြပြီး သိန်းပေါင်းများစွာသော မုန်တိုင်းဒဏ်ခံ ဒေသခံများက နောက်ဆက်တွဲ ကြေကွဲဖွယ် ဖြစ်ရပ်များ၏ နက်ရှိုင်းမှုကို ကမ္ဘာသို့ အသိပေးခဲ့ကြသည်။
"မြန်မာနိုင်ငံတွင်လည်း အရေးကြီး သတင်း အချက်အလက်များကို အများပြည်သူနှင့် ပြင်ပကမ္ဘာသို့ မိုဘိုင်းလ်ဖုန်းများ အသုံးပြု၍ တဆင့် ပေးပို့ခဲ့ကြရာ၌ အလွန်ပင် ပေါ့ပါး လွယ်ကူကြောင်း သက်သေပြခဲ့ကြသည်" ဟု မီဒီယာများကို တင်းကြပ်စွာ စိစစ်သည့် မြန်မာနိုင်ငံမှ AFP သတင်းထောက် မွန်မွန်မြတ်က IPS သို့ ပြောကြားခဲ့သည်။
"မိုဘိုင်းလ်ဖုန်းကို အသုံးပြု ရိုက်ကူးရတာ အရမ်း လုံခြုံမှု ရှိပါတယ်။ ဗွီဒီယို မဟုတ်ဘဲ ဓာတ်ပုံပဲ ရိုက်တာလို့ လူတွေက ထင်ကြတယ်လေ။ ကျွန်မတို့အတွက် ဘေးအန္တရာယ် နည်းတာပေါ့။ တကယ်လို့ လိုအပ်လာရင် အလွယ်တကူ ဖွက်နိုင်တယ်။ လွှင့်ပစ်လို့လည်း ရတယ်" ဟု အဆိုပါ မြန်မာ သတင်းထောက်က ဆက်လက် ပြောကြားခဲ့သည်။
မိုဘိုင်းလ်ဖုန်းများသည် အာရှတိုက်တွင် အရေးကြီးသော "သတင်းယူ ကိရိယာ" ဖြစ်လာသည်ဟု မီဒီယာ ကျွမ်းကျင်သူများက ဆိုသည်။ မိုဘိုင်းလ်ဖုန်း သတင်း ပေးပို့မှုများကို အယ်ဂျာဇီယာကဲ့သို့ ရုပ်သံလွှင့် ကွန်ယက်များက အသုံးပြုနေသည်။ ဤအခြေအနေသည် Mobile Journalism ကို တိုးတက် ဖြစ်ပေါ်စေပြီး "Majo" ဟုလည်း ခေါ်ဝေါ်ကြသည်။
မိုဘိုင်းလ် သတင်းကဏ္ဍ၏ ခံယူချက်မှာ မိုဘိုင်းလ်ဖုန်း အပါအဝင် သတင်း၊ ဆက်သွယ်ရေး နည်းပညာများ ICT ကို အသုံးပြုကာ ဖြစ်ရပ်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများကို စုစည်းပြီး စက္ကန့်ပိုင်း အတွင်း အင်တာနက် ဝက်ဘ်ပေးတွင် တင်ရန် ဖြစ်သည်။
ယခုကဲ့သို့ သတင်းယူသည့် ပုံစံသည် စက်ရပ် သတင်းများ၊ မီဒီယာကို တင်းကြပ်စွာ ချုပ်ချယ်သည့် တိုင်းပြည်များနှင့် အထူးသဖြင့် သက်ဆိုင်သည်။
သြစတြေးလျ Deakin University မှ သတင်းနှင့် စာနယ်ဇင်း ပါမောက္ခ စတီဖင်ကွင်း ရေးသားသော "အာရှဒေသမှ မိုဂျို Mojo (သို့) မိုဘိုင်းလ် သတင်းနှင့် စာနယ်ဇင်း" စာအုပ်၏ အဆိုအရ ၂၀၀၉ နှစ်လယ်တွင် ကမ္ဘာတလွှား အသုံးပြုနေသော မိုဘိုင်းလ် ဖုန်းပေါင်း ၄.၂ ဘီလျံကျော် ရှိသည့်အနက် ၄၃ % မှာ အာရှဒေသတွင် အသုံးပြုနေသည်ဟု သိရှိရသည်။
မိုဘိုင်းလ်ဖုန်းသည် သမိုင်းတလျှောက်တွင် ကြီးထွားမှု အမြန်ဆုံး ဆက်သွယ်ရေး ကိရိယာ ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံများ၌ အသုံးပြုသူ ရာခိုင်နှုန်းသည် ၁၉၉၇ တွင် ၁၈ % မှ ၂၀၀၇ တွင် ၉၇ % အထိ ခုန်တက်ခဲ့သည်ဟု နိုင်ငံတကာ တယ်လီဖုန်း ဆက်သွယ်ရေး အသင်းချုပ်က ပြောကြားသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မိုဘိုင်းလ်ဖုန်းများသည် မထူးဆန်းသည့် အလျောက် မိုဘိုင်း သတင်းထောက်များသည် လူအုပ်အတွင်း လွယ်ကူစွာ ရောနှောနိုင်သည်။ ဥပမာအားဖြင့် ဖိလစ်ပိုင် နိုင်ငံတွင် သဘာဝကပ်ဘေးနှင့် ပြဿနာ ဖြစ်ရပ်များအား ရုပ်သံနှင့် ဓာတ်ပုံများ ရိုက်ကူးရာတွင် မိုဘိုင်းလ်ဖုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက် ရှိကြသည်။
"ဓာတ်ပုံသမားတွေဟာ ရှေ့တန်း နေရာတွေမှာ ရှိနေတာပါ။ ပြီးတော့ သတင်းဖြစ်ပွားတဲ့ နေရာမှာ ရောက်နေဖို့ လိုပါတယ်။ အထူးသဖြင့် အကန့်အသတ်တွေ ရှိနေတယ်ဆိုရင် သတင်းပုံရိပ်တွေ ရိုက်ကူးဖို့ အတွက် တခါတရံမှာ မိုဘိုင်းလ်ဖုန်းကို အသုံးပြုတာ အကောင်းဆုံး နည်းလမ်းပါပဲ" ဟု Philippine Center for Photojournalism ကို ပါဝင် တည်ထောင်သူ အဖွဲ့ဝင်၊ ဓာတ်ပုံသတင်းထောက် ဂျင်မီဒိုမင်ဂိုက IPS သို့ ပြောကြားသည်။
သတင်းဖိုင်များကို သတင်းခန်းမသို့ ဖြစ်နိုင်သမျှ မြန်မြန် ပေးပို့လိုသော ဓာတ်ပုံနှင့် ဗီဒီယို သတင်းထောက်များသည် မိုဘိုင်းလ်ဖုန်းများ အတွင်းမှ နည်းပညာသစ်များက ၎င်းတို့၏ လုပ်ငန်းကို လွယ်ကူ ချောမွေ့စေသည်ကို တွေ့ရှိခဲ့ကြသည်။ Flip Video Comcorder ကဲ့သို့သော ကိရိယာငယ်များသည် သတင်းနှင့် ရုပ်သံဖိုင်များကို ကွန်ပြူတာ (သို့) အင်တာနက် ဝက်ဘ်ပေါ်သို့ အလွယ်တကူ ပို့ဆောင်နိုင်သည်။ ၁၅၀ ဂရမ်ထက် ပို၍ ပေါ့သော Flip Mino Camcorder သည် အရည်အသွေးမြင့် ရုပ်သံ ဗွီဒီယိုများကို ရိုက်ကူးနိုင်သည်။ ကမ္ဘာကျော် Apple ကုမ္ပဏီထုတ် နာမည်ကြီး iphone တွင်လည်း သတင်းပို့ လုပ်ဆောင်ချက်များ ပါဝင်နေပြီး ရေဒီယို သတင်းပို့ ကိရိယာ (သို့) မာလတီ မီဒီယာ ရုပ်သံလွှင့် ကိရိယာ အဖြစ် အသွင်ပြောင်းလဲနိုင်သည်။
ရေဒီယို အသံလွှင့်သူများ အတွက် ဒီဇိုင်းထုတ်ထားသော Poddio လုပ်ဆောင်ချက်ကြောင့် အသုံးပြုသူများ အနေဖြင့် ဖမ်းယူ၊ တည်းဖြတ်ပြီး ပြည့်စုံသော သတင်းအစီအစဉ်များ ပေးပို့ရာတွင် Laptop အသုံးပြုခြင်းထက် iphone က ပို၍ မြန်ဆန်သည်။
အထက်ပါ နည်းပညာ အားသာချက်များကြောင့် အာရှ ပစိဖိတ်ဒေသ မိုဘိုင်းလ်ဖုန်း အသုံးပြုမှုသည် ၂၀၀၇ တွင် ၃၈၉ သန်း ရှိရာမှ ၂၀၁၂ တွင် သန်း ၈၉၀ သို့ ခုန်တက်လာလိမ့်မည်ဟု သုတေသန ကုမ္ပဏီ Data Monitor က ခန့်မှန်းထားသည်။
မနီလာတွင် လတ်တလော ကျင်းပခဲ့သော မီဒီယာ ဖိုရမ်တွင် ဆွေးနွေးရာ၌ ဒေါက်တာ စတီဖင်ကွင်းက "ယခု တိုးတက်မှုများသည် သတင်း ထုတ်လွှင့်မှုကိုပင် မြန်ဆန်လာစေလိမ့်မည်။ ခေတ်မှီ ဆက်သွယ်ရေး ကိရိယာများ၏ နည်းပညာ စွမ်းကြောင့် မိုဘိုင်းလ် သတင်းထောက်များသည် သတင်းဖြစ်ရပ် စတင်သည်နှင့် တပြိုင်နက် ရိုက်ကူး၊ တည်းဖြတ်ကာ ဝက်ဘ်ပေါ်သို့ အလွယ်တကူ လွှင့်တင်နိုင်ကြသည်" ဟု ပြောကြားခဲ့သည်။
ကင်မရာ၊ ၃ ချောင်းထောက်၊ Laptop နှင့် ကေဘယ်ကြိုး စသော ကိရိယာများ လိုအပ်သည့် ဗီဒီယို အဖွဲ့တစ်ခုသည် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ထားသူ တစ်ဦးနှင့် များစွာ ခြားနားလှသည်။ "Tools တွေကို အလွယ်တကူ အသုံးပြုလို့ရဖို့ လိုအပ်ပါတယ်။ ဒါမှသာ သတင်းတင်ဆက်တဲ့ အခါမှာ အခက်အခဲ မရှိမှာပါ" ဟု 'ကွင်း' က ဆိုသည်။
အခြေခံ စနစ်များသို့ ပြန်သွားခြင်းသည် နောက်တွင် ကျန်ရစ်ခဲ့ပြီဟု ကျွမ်းကျင်သူများက သဘောတူခဲ့ကြသည်။
လက်ဟောင်းမီဒီယာ ပုံစံကို အသုံးပြုနေသမျှတော့ မီဒီယာ ပုံစံသစ်ကို လုပ်နိုင်မှာ မဟုတ်ပါဘူးဟု ပြောကြားခဲ့သော 'ကွင်း' က စာနယ်ဇင်းပညာ၊ သုတေသန၊ အရေးအသား ကျွမ်းကျင်မှုနှင့် ကျင့်ဝတ် နှံ့စပ်မှုတို့ အပေါ် ခိုင်မာစွာ တတ်ကျွမ်းမှုသည် သတင်းထောက်များ အတွက် အသက်တမျှ အရေးကြီးသည်ဟု ဆက်လက် ပြောကြားခဲ့သည်။
သတင်းထောက်များ အနေဖြင့် စံချိန်မီ ကင်မရာကို မည်သို့ အသုံးပြုရမည် ဆိုသည့်အချက်နှင့် မိုဘိုင်းလ်ဖုန်းကို အခြေအနေအရ လိုအပ်မှသာ အသုံးပြုရမည် ဆိုသည့် အချက်ကို ဦးစွာ သိရှိထားသင့်သည်ဟု ဓာတ်ပုံသတင်းထောက် ဒိုမင်ဂိုက သဘောတူ ဆွေးနွေးခဲ့သည်။
အကယ်၍ မိုဘိုင်းလ်ဖုန်းသာ ယူဆောင်ခွင့် ရှိသော နေရာတွင် သတင်း ဖြစ်ပွားခဲ့ပါက သတင်း တင်ဆက်ရာတွင် ဓာတ်ပုံ ဖော်ပြနိုင်ရန် ကြိုးစားရမည့် အချက်သည် အရေးကြီးဆုံး ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.