Transparency Myanmar

transparency.myanmar@gmail.com

BBC News, 28th June 2010

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်သည့် တင်းမာမှုများကြားမှ အမေရိကန်၏ စစ်ရေးအရ ရန်မူမည့် အရိပ်အယောင်ကြောင့် မြောက်ကိုရီးယားနိုင်ငံက နျူကလီယာ ဗုံးအသစ် စမ်းသပ် ထုတ်လုပ်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်။

နှစ်နိုင်ငံကြား စစ်ဖက် ကင်းရှင်းရေးဇုံ အတွင်းရှိ အပစ်ရပ် ကျေးရွာ ပန်မွန်ဂျုံသို့ အမေရိကန်က လက်နက်များ သယ်ယူနေသည်ဟုလည်း ပြုံးယမ်းက စွပ်စွဲထားသည်။

စစ်သင်္ဘော ကိစ္စနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ရန် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက တရုတ် သမ္မတအား တိုက်တွန်းအပြီး နာရီပိုင်း အကြာတွင် ပြုံးယမ်း၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ချိုနန် စစ်သင်္ဘောကို မတ်လ ၂၆ ရက်က တိုပီဒိုဖြင့် ပစ်ခတ် နှစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးမှူးများက ပြောကြားသည်။

နှစ်နိုင်ငံအကြား အငြင်းပွားရေပြင် နယ်နိမိတ် အနီးတွင် တောင်ကိုရီးယား စစ်သင်္ဘော ချိုနန် ၂ ပိုင်းပြတ် နစ်မြုပ်သွားခဲ့ရာ ရေတပ်သား ၄၆ ဦး အသက်ဆုံးရှုံးခဲ့သည်။

မြောက်ကိုရီးယားက လုံးဝ တာဝန် မရှိကြောင်း ငြင်းဆိုနေသည့် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် တုံ့ပြန် အရေးယူစေရန် တောင်ကိုရီးယားက ကြိုးစားနေသည်။

မြောက်ကိုရီးယား၏ ကြေညာချက်ကို အစိုးရ သတင်းဌာနက KCNA က ထုတ်ပြန်ခဲ့သော်လည်း ကွန်မြူနစ် တိုင်းပြည်တစ်ခု အနေဖြင့် ၎င်း၏ နျူကလီယာ ထုတ်လုပ်နိုင်စွမ်းကို မည်သို့ အားပေး လုပ်ဆောင်မည် ဆိုသည့် အသေးစိတ် အချက်များ မပါဝင်ပါ။

"မြောက်ကိုရီးယား အပေါ် အမေရိကန်ရဲ့ တောက်လျှောက် ရန်လိုနေတဲ့ မူဝါဒနဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုကို ကိုင်တွယ် ဖြေရှင်းဖို့ အတွက် နျူကလီယာ လက်နက်သစ် ထုတ်လုပ်ရေးကို အားပေးဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို ကိုရီးယား ကျွန်းဆွယ် အပေါ် လက်ရှိ အနှောင့်အယှက် ပေးနေတဲ့ ဖြစ်ပေါ်မှုတွေက မီးမောင်း ထိုးပြနေပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်ကို KCNA က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီယာ စမ်းသပ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ရာ ၎င်းနိုင်ငံတွင် ပလူတိုနီယံနှင့် ယူရေနီယံ အခြေခံ လက်နက် အစီအစဉ် နှစ်မျိုးစလုံး ရှိနေသည်ဟု ယူဆရသည်။

အထက်ပါ မှတ်ချက်များသည် ၎င်းတို့ပိုင်ဆိုင်ထားပြီး ဖြစ်သည်ဟု နားလည် ထားကြသော လက်နက် ပုံစံထက် အဖျက်စွမ်းအား ပိုမို ကြီးမားသော ဟိုက်ဒရိုဂျင်ဗုံး ထုတ်လုပ်ရန် ကြိုးစားနေသည် ဟူသော အချက်ကို အရိပ်အယောင်ပြသည့် လက္ခဏာ ဖြစ်ဖွယ်ရှိသည်ဟု ဆိုးလ်မှ BBC သတင်းထောက် John Sudworth က ပြောကြားသည်။

ဟိုက်ဒရိုဂျင်ဗုံး ထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာဖြစ်သော "နျူကလီယာ ပေါင်းစပ် ဓာတ်ပြုမှု" ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားက ပြီးခဲ့သော မေလတွင် ကြေညာခဲ့သည်။

သို့သော်လည်း အဆိုပါ တိုးတက် ပြောင်းလဲမှုမျိုးမှာ အဓိက နည်းပညာဆိုင်ရာ ခုန်ပျံကျော်လွှားမှု လိုအပ်သောကြောင့် မြောက်ကိုရီးယားတွင် အဆင့်မြင့် နည်းပညာ ရင်းမြစ်များ၊ နည်းပညာ အသုံးအဆောင်များ ရှိသည်ဆိုသည့် အချက်ကို ကျွမ်းကျင် ပညာရှင်များက သံသယ ရှိကြသည်ဟု BBC သတင်းထောက်က ဆိုသည်။

တနင်္လာနေ့က ထုတ်ပြန်သော ဒုတိယကြေညာချက်တွင် "နှစ်နိုင်ငံအကြား စစ်မက် ကင်းရှင်းရေးဇုံ အတွင်းရှိ အပစ်ရပ် ကျေးရွာ ပန်မွန်ဂျုံသို့ ဇွန်လ ၂၆ ရက်တွင် အမေရိကန်က လက်နက်များ သွင်းယူလာသည်" ဟု မြောက်ကိုရီးယားက စွပ်စွဲထားသည်။

အကယ်၍ လက်နက်များကို ဖယ်ရှားခြင်း မပြုပါက ပြင်းထန်သော စစ်ရေး တန်ပြန် ဆောင်ရွက်ချက်များ ပြုလုပ်သွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။

အမေရိကန် တပ်ဖွဲ့များက "မိမိတို့ အစီရင်ခံစာများကို စစ်ဆေးနေသည်" ဟု ပြောကြားသည်။

ချိုနန် သင်္ဘောကိစ္စနှင့် ပတ်သက်၍ သမ္မတ အိုဘားမားက တရုတ်သမ္မတ ဟူကျင်းတောင်နှင့် တဲ့တိုး ပြောဆို ဆွေးနွေးခဲ့ခြင်းကြောင့် မြောက်ကိုရီးယား၏ စိတ်ဓာတ် စစ်ဆင်ရေး ကြေညာချက် နှစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကုလ လုံခြုံရေးကောင်စီ၏ တညီတညွတ်တည်း တုံ့ပြန် အရေးယူမှုအတွက် တရုတ်နိုင်ငံ၏ ရပ်တည်မှုကို အရေးတကြီး လိုအပ်နေခြင်းမှာ ၎င်းတွင် ဗီတိုအာဏာ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

ဘေဂျင်းသည် ၎င်း၏ အိမ်နီးချင်း ဆင်းရဲသားနိုင်ငံ ပြိုလဲသွားမည်ကို စိုးရိမ်သောကြောင့် ပြုံးယမ်းအပေါ် ပြင်းထန်သော အရေးယူမှုများကို ယခင်က ကန့်ကွက်ခဲ့သည်။

သမ္မတ အိုဘားမားက "၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ အနေအထားကို နားလည် သဘောပေါက်သော်လည်း ယခုကိစ္စတွင် သည်းခံ စိတ်ရှည်ခြင်းနှင့် ပြဿနာ တာရှည်အောင် တမင်တကာ မျက်စိမှိတ်ထားခြင်း နှစ်ခုမှာ ကွဲပြား ခြားနားသည်" ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment