Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော နိုထွက်ပစ္စည်း ကုန်ကြမ်းများတွင် အဆိပ်အတောက် ဖြစ်စေသည့် မယ်လမင်း ဓာတုပစ္စည်း တစ်မျိုး ရောစပ် ပါဝင်နေသည်ကို တရုတ် အစားအစာနှင့် ဆေးဝါး လုံခြုံရေး အရာရှိများက စစ်ဆေး တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာန အဆိုအရ တရုတ် အစားအစာ အရည်အသွေး စစ်ဆေးရေး အဖွဲ့က Qinghai ပြည်နယ်ရှိ နို့ထွက်ပစ္စည်း စက်ရုံမှ ကုန်ကြမ်း ပစ္စည်းများကို ယူဆောင် စစ်ဆေးခဲ့ကြောင်း၊ နို့မှုန့် နမူနာများကို အကြိမ် ၅၀၀ အထိ စစ်ဆေးကြည့်ရာ ဓာတုပစ္စည်းများ ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က မယ်လမင်း ပါသော နို့မှုန့်များ အသုံးပြုမှုကြောင့် ကလေးငယ် ခြောက်ဦး သေဆုံးပြီး သုံးသိန်း(၃၀၀၀၀၀) ခန့် နာမကျန်း ဖြစ်ခဲ့ရသည်။ ယခု မယ်လမင်း ဓာတုပစ္စည်း ပါဝင်သော နို့ထွက် ကုန်ကြမ်းပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သော ပြည်နယ်သည် ယခင် ပထမဆုံးအကြိမ် ဖမ်းဆီး ရမိခဲ့သည့် ဂန်ဆုပြည်နယ်နှင့် ကပ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် အရည်အသွေး ပြည့်ဝမှု မရှိသော ထုတ်လုပ်ပြီး နို့မှုန့် ၁၂ တန်ကိုလည်း ဖမ်းဆီး ရမိခဲ့ပြီး နို့ထွက်ပစ္စည်း စက်ရုံ ပိုင်ရှင်နှင့် မန်နေဂျာကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ တရုတ်ရဲများ၏ အဆိုအရ ၂၀၀၈ ခုနှစ် နို့မှုန့် ပြဿနာ ဖြစ်ပေါ်စေခဲ့သည့် ဟီဘေး ပြည်နယ်မှ ဝယ်ယူသည့် အရည်အသွေး မပြည့်မီသော နို့ထွက် ကုန်ကြမ်းပစ္စည်း ၃၈ တန်ကိုလည်း ဖမ်းမိလိုက်သည်။

သဘောတရားမှာ တရုတ် ကုန်သည်များသည် ၂၀၀၈ ခုနှစ်အတွင်း ဖျက်ဆီး ပစ်ခဲ့ရမည့် နို့မှုန့်နှင့် နို့ထွက် ကုန်ကြမ်းပစ္စည်းများအား ကုန်သည်များက ပြန်လည် ရောင်းချရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဂန်ဆုပြည်နယ် အစားအစာ အရည်အသွေး စစ်ဆေးရေး ဗျူရို၏ အကြီးအကဲ Wang Zhongxi က ပြောကြားသည်။

မယ်လမင်းဟူသည် ပလတ်စတစ်၊ ဓာတ်မြေသြဇာနှင့် ဘိလပ်မြေတို့ ပြုလုပ်ရာတွင် အသုံးပြုရသည့် ဓာတုပစ္စည်း တစ်မျိုး ဖြစ်သည်။

၂၀၀၈ ခုနှစ်က တရုတ် နို့ထွက်ပစ္စည်း ထုတ်လုပ် ရောင်းချရေး ကုမ္ပဏီ ၂၂ ခုမှ ထွက်ကုန်များတွင် မယ်လမင်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြသည်။ ၂၀၀၈ ခုနှစ် မယ်လမင်း နို့မှုန့် ဖြစ်ရပ်ကြောင့် စားသုံးသူများနှင့် ကလေးမိဘများ အကြား မကျေနပ်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း တရုတ်နိုင်ငံ၏ အစားအစာ လုံခြုံမှုနှင့် ပတ်သက်၍ များစွာ နာမည် ပျက်ခဲ့ရသည်။

ယင်း ဖြစ်ရပ်အတွက် တာဝန်ရှိသူ လူပေါင်း ၂၀ အား ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ အနက်မှ အဓိက တာဝန်ရှိသူ ၂ ဦးအား တရုတ် အစိုးရက ကွပ်မျက်ခဲ့သည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment