ဒီမိုကရေစီ ထွန်းကားသော နိုင်ငံများတွင် နေထိုင်သူ တို့အတွက် လွတ်လပ်မှု ဟူသော ကိစ္စမှာ ရေကန်အသင့် ကြာအသင့်ပင် ဖြစ်သည်။ သို့အတွက်ကြောင့် ဖမ်းဆီး အကျဉ်းချခံရခြင်း၊ သို့မဟုတ် မိမိ ပြုလုပ်လိုသော အရေးကိစ္စများ ကန့်သတ် ပိတ်ပင်ခံရခြင်း အစရှိသည်တို့ မဖြစ်မချင်း လွတ်လပ်မှု၏ တန်ဖိုးကို ကောင်းစွာ နားလည် သဘောပေါက်မည် မဟုတ်ပေ။
အသေအချာ စဉ်းစားကြည့်ပါ။ အကယ်၍ သင်သည် မိမိနိုင်ငံမှ မောင်းထုတ်ခံရပြီး ပြည်ပြေး ဘဝဖြင့် နေထိုင်ခဲ့ရသည်၊ ဆယ်စုနှစ် လေးခုလောက် ကိုယ့်နိုင်ငံ ကိုယ်ပြန်၍ မရသော အဖြစ်မျိုးနှင့် ကြုံနေရသူ ဖြစ်သည်၊ ဤသို့ မဟုတ်ပါက သင်သည် မိမိ နိုင်ငံတွင်းမှာ နေထိုင်ခွင့်တော့ ရထားပါသည်။ သို့သော် နှစ်ပေါင်း ၁၄ နှစ်တာမျှ နေအိမ် အကျယ်ချုပ်ကို ပုံစံ အမျိုးမျိုးဖြင့် ယနေ့ အချိန်အထိ ကျခံနေရသည် ဆိုပါက မည်သို့ ဖြစ်မည်နည်း။
ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာ့ အသိုင်းအဝိုင်းတွင် ဖော်ပြပါ ဖြစ်ရပ်များနှင့် လက်ရှိ ကြုံတွေ့နေရသူ နှစ်ဦး ရှိသည်။ တစ်ဦးမှာ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား ဖြစ်ပြီး နောက်တစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူတို့ နှစ်ဦးတွင် တူညီသည့် အရာများ ရှိကြသည်။
ဒလိုင်းလားမားသည် တိဘက် ပြည်သူများအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူများအတွက် ဒီမိုကရေစီ တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ နှစ်ဦးစလုံး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်များ ဖြစ်ကြပြီး အမေရိကန် ပြည်ထောင်စုက ချီးမြှင့်သော Congressional Gold Medal ဆုကိုလည်း လက်ခံ ရရှိခဲ့ကြသည်။ နှစ်ဦးစလုံး အကြမ်းမဖက် လှုပ်ရှားမှုကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။ ဒလိုင်းလားမားက ၁၉၈၉ ခုနှစ်တွင် ရရှိပြီး ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။
သူတို့ နှစ်ဦးစလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ နှစ်ဦးစလုံးသည် မိမိပြည်သူများ၏ လွတ်လပ်မှုနှင့် မိမိတိုင်းပြည်တွင်း ဒီမိုကရေစီ ထွန်းကားနိုင်ရေးအတွက် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။
ဒလိုင်းလားမားသည် ၁၉၅၁ ခုနှစ်တွင် တိဘက်ပြည်ကို ကိုင်တွယ် ထိန်းချုပ်လိုသော တရုတ်စစ်တပ်၏ ဖိအားပေးမှုကို စတင်ခံခဲ့ရသည်။ ၁၉၅၉ ခုနှစ် တိဘက် အရေးတော်ပုံ ရှုံးနိမ့်သောအခါ တိဘက်ပြည်မှ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှ စကာ အိန္ဒိယရှိ ဓမ္မ သာလာတွင် အခြေချ နေထိုင်ခဲ့ရသည်။
ထို့နောက် ဒလိုင်းလားမားသည် အဝေးရောက် တိဘက် အစိုးရ တစ်ရပ်ကို ဖွဲ့စည်း ထူထောင်သည်။ လတ်တလော ကာလအတွင်း တရုတ် သတင်းစာ ဆရာများနှင့် တွေ့ဆုံရာတွင် ဘုန်းတော်ကြီး ဒလိုင်းလားမားက "ကြောက်ရွံ့မှု၊ ဖိနှိပ်မှု စတဲ့ ပုံစံနဲ့ အကြမ်းဖက်မှု ပြုလုပ်ပြီး လူတွေရဲ့ ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကြေက်ရွံ့မှုက သံသယစိတ်နဲ့ စိုးရိမ်စိတ်တွေကို ဖြစ်ပေါ်စေပြီး ချစ်ကြည် ရင်းနှီးမှုနဲ့ ယုံကြည်မှုတွေ ဖြစ်မလာအောင် ပိတ်ဆို့ ဟန့်တားတတ်တဲ့ သဘော ရှိလို့ပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ သမူဟ မျှရေးတို့လည်း ဖြစ်မလာနိုင်ပါဘူး" ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နာမကျန်း ဖြစ်နေသည့် သူမ၏ မိခင်ကြီးကို ပြုစု စောင့်ရှောက်ရန် မြန်မာနိုင်ငံသို့ ပြန်လာရာမှ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ကြုံတွေ့ခဲ့ရသည်။ ၁၉၈၈ ခုနှစ် မြန်မာ တစ်နိုင်ငံလုံး ဒီမိုကရေစီ အရေးတော်ပုံကို ဦးဆောင်ခဲ့သည်။ ထို့နောက် သူမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပင်မ အစိတ်အပိုင်း တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အောင်ပွဲရခဲ့သည်။ အသစ် ဖွဲ့စည်းမည့် အစိုးရ အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ် ဖြစ်ရန် သေချာခဲ့သည်။ သို့သော် မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို လုံးဝ အသိအမှတ် မပြုဘဲ အာဏာ လွှဲပြောင်းပေးခြင်းလည်း မရှိခဲ့သည်မှာ ယနေ့ အချိန်ထိပင် ဖြစ်သည်။ ဒေါ်စုကြည်မှာလည်း ယနေ့တိုင်အောင် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းများနှင့်လည်း တွေ့ဆုံခွင့် ရရန် မဆိုထားနှင့်။ တယ်လီဖုန်း သို့မဟုတ် အီးမေးလ်ပင် အသုံးပြုခွင့် မရှိပေ။ "အခုလို အထီးကျန် ဖြစ်နေတာ ကျွန်မအတွက် ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အဆုံးအမကြောင့် ဖြစ်မယ် ထင်တယ်" ဟု သူမက ပြောဖူးသည်။
ယခု ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ဒလိုင်းလားမားမှာ အသက် ၇၅ နှစ်သို့ ရောက်ရှိခဲ့ပြီး ကျန်ခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၆၅ နှစ်ထဲသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ အစိုးရများ အတွက်မူ သူတို့နှစ်ဦးမှာ အတိုက်အခံများ ဖြစ်ပြီး ပြည်သူလူထု အတွက်မူ ကယ်တင်ရှင်နှစ်ဦး ဖြစ်သည်။ ကမ္ဘာ့ပြည်သူများ အတွက်မူ သူတို့ နှစ်ဦးမှာ ဖိနှိပ် ချုပ်ခြယ်မှုများကို ကျယ်ကျယ်လောင်လောင် ဆန့်ကျင်သူများ ဖြစ်သည်။
မျက်မှောက်ခေတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်းလားမားတို့သည် သတ္တိရှိမှု၊ ရဲဝံ့မှု၊ အနစ်နာခံမှု၊ ဒူပေဒါပေ ခံမှု၊ အကြမ်းမဖက်မှု၊ လူသားဆန်မှု တို့ကို ကိုယ်စားပြုသူများပင် ဖြစ်သည်။ ဆိုရလျှင် နှစ်ဦးစလုံးသည် လွတ်လပ်မှုကို လိုလားသော ပြည်သူများ၏ ဆန္ဒကို ဖော်ကျူးသည့် သင်္ကေတများပင် ဖြစ်သည်။
One India မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.