Transparency Myanmar

transparency.myanmar@gmail.com

ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီများက အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုများ ပြုလုပ်နိုင်သော အဆင့်မြင့် နည်းပညာ ပစ္စည်များ တင်ပို့ ရောင်းချနေမှုများကို ဟန့်တားနိုင်ရေး အတွက် နိုင်ငံတကာ လမ်းညွှန်ချက် တစ်ရပ် သတ်မှတ် ပြဋ္ဌာန်းရန် ပြင်သစ်နှင့် နယ်သာလန် နိုင်ငံတို့က တိုက်တွန်းလိုက်သည်။

နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး Maxime Verhagen က အင်တာနက်ကို ကမ္ဘာလုံး ဆိုင်ရာ ဖိုရမ် တစ်ခုအဖြစ် ဆက်လက် တည်ရှိ နေစေရေးအတွက် ခိုင်မာသော ဆောင်ရွက်ချက်များ မဖြစ်မနေ ရှိထားရမည် ဖြစ်ကြောင်း ပြောကြားပြီး အီရန်သည် အစိုးရ ဆန့်ကျင်ရေး ဝက်ဘ်ဆိုက်များကို ပိတ်ပင်ထားသည့် နိုင်ငံတစ်ခု အဖြစ် သတ်မှတ် ဖော်ပြသည်။

"နိုင်ငံရေးအရ အစိုးရ ဆန့်ကျင်ရေး သမားတွေကို ကျွန်တော်တို့ ထောက်ပံ့ပေးတဲ့ အတိုင်း နည်းပညာအရ အစိုးရ ဆန့်ကျင်တဲ့ Cyber ကျွမ်းကျင်သူတွေကိုလည်း ကျွန်တော်တို့ တတွေ ထောက်ပံ့ပေးရပါမယ်" ဟု ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Bernard Kouchner က အမေရိကန် ပြည်ထောင်စုနှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း ၂၀ တက်ရောက်သော ဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။

ပြင်သစ်နှင့် နယ်သာလန် နှစ်နိုင်ငံသည် ဒီမိုကရေစီ ထွန်းကားမှုကို အဟန့်အတား ဖြစ်အောင် ပြုလုပ်နိုင်မည့် အင်တာနက် နည်းပညာများ ရောင်းချနေသည့် ကုမ္ပဏီများအတွက် လမ်းညွှန်ချက်များ ထုတ်ဖော်နိုင်ရန် ဆွေးနွေးပွဲ တစ်ရပ်ကို လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြင်သစ်၌ ကျင်းပရန် စီစဉ်လျက် ရှိသည်။

ယခု ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ နာမည်ကျော် Google ကော်ပိုရေးရှင်း နှင့် Microsoft ကော်ပိုရေးရှင်းတို့မှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲသည် အင်တာနက် ပေါ်တွင် လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် ရရှိနိုင်ရေးအတွက် ပထမဆုံး ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲ ဖြစ်သည်။

အင်တာနက် ဆင်ဆာ တည်းဖြတ်မှုနှင့် ပတ်သက်လာပါက အများအားဖြင့် အီရန်နှင့် တရုတ်နိုင်ငံတို့ကို အာရုံစိုက် ပြောဆို ဆွေးနွေးကြသည်က များသည်။ ဂျာမနီ နည်းပညာ ကုမ္ပဏီကြီး ဖြစ်သော Siemens နှင့် ဖင်လန် တယ်လီကွန်း ကုမ္ပဏီ ဖြစ်သော နိုကီယာ (Nokia) တို့သည် အီရန် နိုင်ငံ အစိုးရ အနေဖြင့် အစိုးရ အတိုက်အခံများကို ဖိနှိပ်မှုများ ပြုလုပ်နိုင်ရေးအတွက် နည်းပညာ အကူအညီများ ပံ့ပိုးပေးလျက် ရှိကြောင်း ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် Shirin Ebadi စွပ်စွဲ ပြောဆိုသည်။ သို့သော် အဆိုပါ Siemens နှင့် Nokia တို့က စွပ်စွဲ ပြောဆိုချက်များ မဟုတ် မမှန်ကြောင်း ငြင်းပယ်ခဲ့သည်။

အင်တာနက် ဝက်ဘ်ဆိုက်များနှင့် လူမှုရေး ကွန်ယက် ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ရပ်ပင် ဖြစ်ကြောင်း နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး Maxime Verhagen က သတိပေး ပြောကြားသည်။

ပြင်သစ် ဆက်သွယ်ရေး ပစ္စည်းနှင့် တယ်လီဖုန်းများ ရောင်းချသည့် ကုမ္ပဏီ Alcatel သည် မြန်မာနိုင်ငံသို့ နည်းပညာ ပစ္စည်းများ ရောင်းချလျက် ရှိကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) မှ Jean-Francois Julliard က စွပ်စွဲ ပြောဆိုသည်။

ထို့ပြင် Cisco ကုမ္ပဏီကြီး သည်လည်း တရုတ်ပြည်သို့ Encoder များ၊ ဆော့ဖ်ဝဲများ ရောင်းချလျက် ရှိသည်ဟု ၎င်းက ဆိုသည်။

"ဒါတင် မကပါဘူး။ သတင်း အချက်အလက်နဲ့ အင်တာနက် လွတ်လပ်ခွင့် မရှိတဲ့ မော်ရိုကိုနဲ့ တူနီရှား နိုင်ငံတို့မှာ အစု ရှယ်ယာ ဝင်ထားတဲ့  France Telecom ကုမ္ပဏီရဲ့ တာဝန်ယူမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မေးစရာတွေ ရှိလာပါတယ်" ဟု Julliard က ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment