Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ပိုလျှံမှုနှင့် ကုန်ပစ္စည်း တင်ပို့မှုများ မြင့်တက် လာသည်ကို တွေ့မြင်ရကြောင်း ဘေဂျင်းအစိုးရ၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။ ယခုနှစ် ဇွန်လအတွင်း တရုတ်နိုင်ငံ၏ ကုန်ပစ္စည်း တင်ပို့မှုသည် ယခင်နှစ်ကကဲ့သို့ ၄၃ ဒဿမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး ပိုလျှံမှု တန်ဖိုးမှာ  ဒေါ်လာ ၂၀ ဘီလီယံ အထိ ရှိခဲ့ကြောင်း သိရသည်။ ယင်းပိုလျှံမှုသည် ယခုနှစ်အတွက် အများဆုံး ဖြစ်သည်။

ဥရောပ ကြွေးမြီ အကျပ်အတည်း၏ ဂယက် ရိုက်ခတ်မှုမှာ ထင်ထားသလောက် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိခဲ့ခြင်း မရှိကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်သည်။ ယခု တရုတ် အစိုးရက ထုတ်ပြန်လိုက်သော ရလဒ်များသည် ဘဏ္ဍာရေး ဌာနက နိုင်ငံသုံး ယွမ်ငွေအား နိုင်ငံတကာ ပေါက်ဈေးအတိုင်း နိုင်ငံခြားငွေဖြင့် လဲလှယ်ခွင့် ပြုမည်ဟု ကြေညာပြီး နောက်ပိုင်း ပထမဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။

အနောက် နိုင်ငံရေး သမားများက ယွမ်ငွေကြေး လဲလှယ်မှု တန်ဖိုး လျှော့ချထားခြင်းသည် တရုတ်ပြည်အတွက် မျှတမှု မရှိသော ကုန်သွယ်ရေး အကျိုးအမြတ်များကို ဖြစ်ပေါ်စေသည်ဟု ဝေဖန် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ် အစိုးရက ယင်းသို့ ပြုပြင် ပြောင်းလဲပေးခဲ့သည်။

ယခုကဲ့သို့ တရုတ်ပြည် ကုန်သွယ်ရေး ပိုလျှံမှုနှင့် ကုန်ပစ္စည်း တင်ပို့မှုများ မြင့်တက်လာခြင်းတို့သည် ဈေးကွက် မျှော်မှန်းချက်များကို ထိခိုက် စေသည်ဟုလည်း ဆိုသည်။ ကုန်ပစ္စည်း တင်ပို့မှုမှာ ၂၀၀၉ ခုနှစ်၊ ဇွန်လအတွင်းက ၄၃ ဒဿမ ၉ ရာခိုင်နှုန်း ရှိခဲ့သည်။ ယခုနှစ် ဇွန်လ ကုန်ပစ္စည်း တင်ပို့မှု တန်ဖိုးမှာ ဒေါ်လာ ၁၃၇ ဒဿမ ၄ ဘီလီယံ ဖြစ်သည်။ ကုန်ပစ္စည်း တင်သွင်းမှုမှာ မျှော်မှန်း ထားသလောက်ပင် ၃၄ ဒဿမ ၁ ရာခိုင်နှုန်း ဝန်းကျင် ရှိခဲ့သည်။

ရှန်ဟိုင်း အခြေစိုက် Bank of Communications မှ စီးပွားရေး ပညာရှင် Liu Nenghua က "ဥရောပ ကြွေးမြီ အကျပ်အတည်း ကိစ္စက ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေက ဈေးကွက်ကို ထိခိုက်လိမ့်မယ်လို့ စိုးရိမ်ခဲ့ကြပေမယ့်လည်း ထင်သလို မဟုတ်ခဲ့တဲ့အတွက် ကုန်ပစ္စည်း တင်ပို့မှုဟာ မျှော်မှန်း ထားတာထက်ကို ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်"  ဟု ရိုက်တာ သတင်းဌာနသို့ ပြောဆိုသည်။

သို့သော် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု နှေးကွေးမည် ဟူသော ခန့်မှန်းချက်များ ရှိကြောင်း၊ စီးပွားရေး ကျွမ်းကျင်သူများက ယင်းသို့ တိုးတက်မှုနှုန်း နှေးကွေးမည့် ကိစ္စ ဖြစ်ပေါ်လာမည်ဟု ယုံကြည်လျက်ပင် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ကုန်သွယ်ရေးနှင့် ပတ်သက်သော ကိန်းဂဏန်းကောင်းများ ထွက်ပေါ်လာသည့် အတွက် တရုတ် အစိုးရအနေဖြင့် ယွမ်ငွေအပေါ် ထိန်းချုပ်ထားမှုများ ပိုမို ဖြေလျှော့ပေးရန် တိုက်တွန်းချက်များ ထပ်မံ ထွက်ပေါ်လာဖွယ် ရှိသည်။

တရုတ်အစိုးရက ငွေကြေး လဲလှယ်မှုနှုန်းထားနှင့် ပတ်သက်၍ ဇွန်လအတွင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ယွမ်ငွေ တန်ဖိုးမှာ ၀ ဒဿမ ၇၈ ရာခိုင်းနှုန်းအထိ မြင့်တက်ခဲ့သည်။ ယွမ်တန်ဖိုး ခိုင်မာမှုက တရုတ် ကုန်ပစ္စည်း တင်ပို့မှုကို လျော့ကျလာစေပြီး ပြည်တွင်း စားသုံးသူများ အနေဖြင့် ဈေးနှုန်းချိုသာသော သွင်းကုန်များ သုံးစွဲမှုကို မြင့်တက်စေသည်။

"ကုန်သွယ်ရေး ပိုလျှံမှု ပြန်ဖြစ်လာတဲ့ ကိစ္စကြောင့် တရုတ် ယွမ်ငွေအပေါ် တန်ဖိုးထားမှုနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ပိုမို များပြားလာမှာ သေချာပါတယ်။ ဒါပေမဲ့ တရုတ် ကုန်ပစ္စည်း တင်ပို့မှုဟာ စာရင်းဇယားတွေအရ လွန်ခဲ့တဲ့ နှစ်လလို တည်တည်ငြိမ်ငြိမ် မရှိသေးပါဘူး" ဟု ဘေဂျင်း အခြေစိုက် စီးပွားရေး သုတေသန အဖွဲ့အစည်း တစ်ခုမှ ပညာရှင် Tom Orlik က AP သတင်းဌာနသို့ ပြောကြားသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment