Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယနိုင်ငံသည် လာမည့် သြဂုတ်လအတွင်း မြန်မာနိုင်ငံနှင့် ဥပဒေဆိုင်ရာ အပြန်အလှန် အထောက်အပံ့ ပေးရေး သဘောတူညီချက် စာချုပ် (MLAT) တစ်ရပ်ကို လက်မှတ် ရေးထိုးဖွယ် ရှိသည်။

သတင်းရင်းမြစ်များ အဆိုအရ ယင်း သဘောတူညီချက် စာချုပ်သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း အိန္ဒိယ နယ်စပ်ဒေသရှိ လက်နက်ကိုင် အုပ်စု အချို့ကြောင့် ဖြစ်ပေါ်လျက် ရှိသော ဒုက္ခသည်များ ပြဿနာ အဆုံးသတ်ရန် ဒီဇိုင်းဆင်ထားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာအစိုးရက စာချုပ်နှင်ပတ်သက်၍ သဘော တူညီလိုက်ပြီးနောက် အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက သဘော တူညီချက် စာချုပ်ပါ အချက်အလက်များကို အဆုံးသတ် ရေးသား ပြုစုလိုက်ပြီ ဖြစ်သည်။ ယင်းသဘော တူညီချက် စာချုပ်ကို သြဂုတ်လ အစောပိုင်း ကာလထက် နောက်မကျစေဘဲ ချုပ်ဆိုမည် ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ယင်းသဘော တူညီချက် စာချုပ်သည် နှစ်နိုင်ငံ တာဝန်ယူ လုပ်ဆောင်ရမည့် အရေးကိစ္စများကို ညီတူမျှတူ ခွဲဝေပေးထားသည်။ ရာဇဝတ်မှုများ စုံစမ်း ဖော်ထုတ်ရေး၊ တရား စီရင်ရေး၊ သက်သေ အထောက်အထားနှင့် မျက်မြင် သက်သေများကို အပြန်အလှန် ရှာဖွေ ဖော်ထုတ်ပေးရေး အစရှိသည် တို့ကို ဆောင်ရွက်ရာ၌ နှစ်နိုင်ငံစလုံး အထောက်အပံ့များ ရရှိမည် ဖြစ်သည်။

ထို့ပြင် စာချုပ်အရေ မျက်မြင် သက်သေများကို နှစ်နိုင်ငံစလုံး (အကျဉ်းထောင်များ အပါအဝင်) တွင် ခေါ်ယူ စစ်ဆေးနိုင်တော့မည် ဖြစ်သည်။ အိန္ဒိယသည် စစ်သွေးကြွ ခေါင်းဆောင်များ ဖမ်းဆီး ရမိလိုသည့် အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများမှ ထွက်ပေါ်လာသော ကုန်ကျစရိတ်ကို ပြန်လည် တောင်းခံရန် အဆိုပြုထားသည်။

ယင်းသဘော တူညီချက်တွင် ပါရှိသော ဥပဒေဆိုင်ရာ အပိုဒ်ငယ်တွင် ကုန်ကျစရိတ် ဆိုင်ရာ ပြဋ္ဌာန်းချက် ပါဝင်သည်။ အဆိုပါ ပြဋ္ဌာန်းချက်အရ အိန္ဒိယနိုင်ငံ၏ တောင်းဆိုချက်ကြောင့် အထူး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ထွက်ပေါ်လာမည့် ကုန်ကျစရိတ်များကို မြန်မာနိုင်ငံ အနေဖြင့်လည်း ပြန်လည် တောင်းခံခွင့် ရှိသည်။

ကုန်ကျစရိတ် တောင်းခံမှုသည် ပုံမှန်ဥပဒေဆိုင်ရာ အပြန်အလှန် အထောက်အပံ့ ပေးရေး သဘောတူညီချက် စာချုပ်များတွင် ပါဝင်သော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟု သတင်း ရင်းမြစ်များက ဆိုသည်။ သို့သော် ယခု သဘောတူညီချက် စာချုပ်တွင် လက်နက်ကိုင် ပုန်ကန်မှုများနှင့် ဆက်နွယ်သော အမှုကိစ္စများကို မြန်မာနိုင်ငံ အနေဖြင့် အထူး စုံစမ်း စစ်ဆေးမှုများ တာဝန်ယူ လုပ်ဆောင်လာနိုင်အောင် ဦးစားပေး ပြဋ္ဌာန်းထားသည်ဟု အိန္ဒိယ အစိုးရ အရာရှိကြီး တစ်ဦးက ရှင်းပြသည်။

ယခု မြန်မာနိုင်ငံနှင့် သဘောတူညီမှု ထွက်ပေါ်လာခြင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် အလားတူ သဘောတူ စာချုပ် ချုပ်ဆိုပြီးနောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင် ဖြစ်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် MLAT သဘောတူညီချက် စာချုပ် တစ်ရပ်ကို မကြာသေးခင်ကမှ လက်မှတ် ရေးထိုးခဲ့သည်။ ရာဇဝတ်မှု ပြဿနာ၊ နိုင်ငံတကာ အကြမ်းဖက် နှိမ်နင်းရေး ပြဿနာ၊ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု ပြဿနာ အစရှိသည်တို့ကို ဆောင်ရွက်ရာတွင် အပြန်အလှန် အကူအညီ ပေးရန် သဘော တူညီထားသည်။

အိန္ဒိယနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ ခရီးစဉ်အတွင်း ယင်းသဘော တူညီချက် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ယင်းသဘော တူညီချက်ကြောင့် ULFA နှင့် NDFB လက်နက်ကိုင် အဖွဲ့များ၏ ထိပ်တန်း ခေါင်းဆောင်များကို ဖမ်းဆီးရာ၌ ဒါကာ အစိုးရက များစွာ အကူအညီ အထောက်အပံ့များ ပေးနိုင်ခဲ့သည်။

သတင်း ရင်းမြစ်များအရ အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ချုပ်ဆိုမည့် သဘောတူညီချက် စာချုပ်ကို ထိပ်တန်း ဦးစားပေးအဖြစ် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံသည် ၁၆၅၀ ကီလိုမီတာ ရှည်လျားသော နယ်စပ်ဒေသဖြင့် ထိစပ်လျက် ရှိသည်။

Assam Tribune သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment