Transparency Myanmar

transparency.myanmar@gmail.com

CNN News, 8th July 2010

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က သီရိလင်္ကာနိုင်ငံမှ ကုလ ကိုယ်စားလှယ်ကို ပြန်လည် ခေါ်ယူပြီး  ကုလ သမဂ္ဂရုံးကို ပိတ်လိုက်ခြင်းမှာ အဆိုပါ နိုင်ငံမှ အာဏာပိုင်များသည် မြို့တော် ကိုလံဘိုရှိ ကုလသမဂ္ဂရုံးများ၏ လုပ်ငန်း တာဝန်များကို နှောင့်ယှက်နေသော ဆန္ဒပြပွဲများကို တားဆီးရန် ပျက်ကွက်ခဲ့သောကြောင့် ဖြစ်သည်။

အထက်ပါ လုပ်ဆောင်မှုသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်ခုအပေါ် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရှားရှားပါးပါး ပြစ်တင် မာန်မဲမှု တစ်ခု ဖြစ်၍  အစိုးရအဖွဲ့ ဝန်ကြီး တစ်ဦး စည်းရုံး ဦးဆောင်သော "ထိန်းမနိုင် သိမ်းမနိုင်'' ဆန္ဒပြမှုများသည် လက်ခံနိုင်ဖွယ် မရှိဟု ၎င်းက ကြာသပတေးနေ့တွင် သတ်မှတ် ပြောကြားခဲ့သည်။

ဘန်ကီမွန်းက ကုလ သမဂ္ဂ ဋ္ဌာနေ ကိုယ်စားလှယ် Neil Buhne ကို နယူးယောက်သို့ ပြန်လည် ခေါ်ယူ တိုင်ပင်ကာ ကိုလံဘိုရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP  ဋ္ဌာနရုံးကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

"သီရိလင်္ကာ အစိုးရသည် အိမ်ရှင်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ အပေါ် တာဝန်ယူမှုများကို မျှော်လင့်ထားသည့် အတိုင်း ဆောင်ရွက်ရန် အထွေထွေ အတွင်းရေးမှူးချုပ်က တောင်းဆိုသည်။ သို့မှသာ သီရိလင်္ကာ ပြည်သူများကို ကူညီနေသည့် ကုလသမဂ္ဂ၏ အရေးကြီး လုပ်ငန်းများကို အနှောင့်မယှက် ကင်းစွာဖြင့် အသေအချာ ရှေ့ဆက်နိုင်မည်'' ဟု ကုလသမဂ္ဂ ကြေညာချက်တွင် ပါရှိသည်။

သီရိလင်္ကာ နိုင်ငံအပေါ် စွပ်စွဲထားသော စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂက စုံစမ်း စစ်ဆေးနေခြင်းကို ရပ်ဆိုင်းအောင် တောင်းဆိုရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီး ဝီမာဝီရာဝန်ဆာ ဦးဆောင်၍ ကိုလံဘို ကုလသမဂ္ဂရုံး အပြင်ဖက်၌ ကြသပတေးနေ့တွင် စတင်၍ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

အင်ဒိုနီးရှား၊ တောင်အာဖရိကနှင့် အမေရိကန်တို့ ပါဝင်သော အကြံပေး အဖွဲ့ကို ဘန်ကီမွန်းက ဖျက်သိမ်းပေးသည် အထိ အစာ ငတ်ခံမည် ဖြစ်ကြောင်း ဝီမာဝီရာဝန်ဆာက သတင်းထောက်များအား ပြောကြားသည်။

ပြီးခဲ့သောနှစ် မေလတွင် သီရိလင်္ကာ စစ်တပ်က တမီလ်ကျား သူပုန်များကို သုတ်သင်စဉ် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ် ကိစ္စများနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အား အကြံဥာဏ်ပေးရန် အဖွဲ့ဝင် ၃ ဦးပါ ကော်မရှင်ကို ဘန်ကီမွန်းက ခန့်အပ်မှုသည် စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် အစပျိုး လက္ခဏာ ဖြစ်သည်။

စစ်တပ်နှင့် သူပုန် ၂ ဖွဲ့စလုံး ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားသည့် စစ်ရာဇဝတ်မှုများ အပါအဝင် သူပုန်များ သုတ်သင်ခံရမှုနှင့် ဆက်စပ် ကိစ္စများကို တာဝန်ယူမှု အပေါ် ကုလသမဂ္ဂက စိုးရိမ် ပူပန်လျက် ရှိသည်။ စစ်တပ်နှင့် သူပုန် ၂ ဖွဲ့စလုံးက ၎င်းတို့ အပေါ် စွပ်စွဲချက်များကို ငြင်းဆိုထားကြသည်။

"ဘန်ကီမွန်း၏ ဆောင်ရွက်မှုက သမ္မတ မာဟင်ဒါ ရာဂျာ ပါစကာကို စစ်ရာဇဝတ်မှု ခုံရုံးကို ပို့ဖို့ ရည်ရွယ်တာပါ၊ ဒီကိစ္စကို ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး'' ဟု ဝီရာဝန်ဆာက ယခုအပတ် အစောပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝီရာဝန်ဆာကို ထောက်ခံသူ ၁၀၀ နီးပါးသည် ကြာသပတေးနေ့ မနက်တွင် ကုလသမဂ္ဂ ရုံးဝင်း အပြင်ဖက်၌ စုရုံးခဲ့ကြသည်။ ရုံးအဆောက်အဦးသို့ ဝင်ပေါက်ကို ဖွင့်ထားပြီး ဝန်ထမ်းအချို့ တာဝန်အရ ဝင်ထွက် သွားလာခဲ့ကြသည်။

နယူးယောက်တွင် ကုလသမဂ္ဂ ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ Farhan Hag က ပြောကြားရာ၌ "ကုလသမဂ္ဂ ဝန်ထမ်းများ၏ ဘေးကင်းမှုနှင့် လုံခြုံမှုကို အပြည့်အဝ ပြတ်ပြတ်သားသား အာမခံချက် ပေးခဲ့သော ကုလသမဂ္ဂ ဆိုင်ရာ သီရိလင်္ကာ သံအမတ် ပါလီသာခိုဟိုနာနှင့် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး ဗီဂျေနမ်ဘီယား တို့ တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။ ကုလသမဂ္ဂ ဝန်ထမ်းများကို ရုံးအတွင်း ဝင်ထွက်ခွင့် ပြုမည်ဟု ဝီရာဝန်ဆာက ပြောကြားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

"ကျွန်တော်တို့ ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို သေချာအောင် လုပ်ဆောင်ပေးမယ်လို့ ကတိ ပေးထားတာကို သီရိလင်္ကာ အစိုးရက လေးစားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါမှသာ သီရိလင်္ကာ ပြည်သူတွေကို ကူညီဖို့ ကုလသမဂ္ဂက နေ့စဉ် ဆောင်ရွက်နေတဲ့ အရေးကြီး လုပ်ငန်းတွေကို ဝန်ထမ်းတွေက ဆက်လက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်'' ဟု Hag က သတင်းထောက်များအား နယူးယောက်တွင် ပြောကြားသည်။

အရေးကြီးသော ဝန်ထမ်းများသည် ပုံမှန် လုပ်ငန်း တာဝန်များကို သောကြာနေ့တွင် ပြန်လည် စတင်မည်ဟု ကုလသမဂ္ဂ ဋ္ဌာနေ အဖွဲ့က အတည်ပြု ပြောကြားသည်။ "ရုံးဝင်း အပြင်ဖက်မှာ ဆန္ဒပြသူတွေ ဆက်လက် ရှိနေမယ့် လက္ခဏာ တချို့ ရှိနေတယ် ဆိုပေမဲ့ ဝန်ထမ်းအားလုံး မကြာခင် ပြန်လာနိုင်ဖို့ ရှိ/ မရှိ ကို ကုလ ဋ္ဌာနေ အဖွဲ့က ခန့်မှန်းပါလိမ့်မယ်'' ဟု Hag က ဆိုသည်။

ပြုလုပ်နေဆဲ ဆန္ဒပြမှုများကို ဝန်ကြီးက မည်သို့ အဆုံးသတ်မည် ဆိုသည့် ကြေညာချက် တစ်စောင် အစိုးရက ထုတ်ပြန်ရန် အတိုက်အခံ ခေါင်းဆောင် ရာနစ် ဝစ်ကရီမေဆင်းက တိုက်တွန်းလိုက်သည်။

"အခုအချိန်မှာ သီရိလင်္ကာ အစိုးရဟာ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးကို ဆင့်ခေါ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ ဝရမ်းပြေး အဖြစ် တံဆိပ်ကပ် ခံရလုနီးပါး အခြေအနေကို ရောက်နေပါတယ်" ဟု ပါလီမန်တွင် ပြောကြားခဲ့သူမှာ ရာဂျာပါကဆာ၏ ဝန်ကြီး တစ်ကြိမ် ဖြစ်ဖူးသူ လက်ရှိ အတိုက်အခံ အမတ် မန်ဂါလာ ဆာမာရာဝီရာ  ဖြစ်သည်။

အင်္ဂလိပ်ဘာသာ မနက်ခင်း သတင်းစာ ၂ စောင်ကလည်း အစိုးရ၏ လုပ်ဆောင်မှုကို ပြစ်တင် ဝေဖန်ခဲ့ကြသည်။

Daily Mirror က ၎င်း၏ အယ်ဒီတာ အာဘော်တွင် "ဝိုင်းရံထားမှုကို ငြိမ်းချမ်းသော ဆန္ဒပြမှု အဖြစ် ဆုံးဖြတ် ကြေညာခဲ့ခြင်းသည် ဖြစ်သမျှ အားလုံး အနက် အစိုးရ၏ အမိုက်မဲဆုံး ကြေညာချက် ဖြစ်သည်'' ဟု ဖော်ပြလိုက်သည်။

Island သတင်းစာကလည်း "ဝီရာဝန်ဆာနှင့် အပေါင်းပါများသည် ကုလသမဂ္ဂ ဝန်ထမ်းများကို အဆက်အသွယ် ဖြတ်တောက်ထားရန် မိုက်မဲစွာ ကြိုးစားခဲ့သည့် အတွက် အပြည့်အဝ ပြစ်တင် ရှုတ်ချခြင်း ခံရမည်" ဟု ရေးသားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment