Transparency Myanmar

transparency.myanmar@gmail.com

မကြာမီ ရေးဆွဲ ပြဋ္ဌာန်းတော့မည့် ပိတ်ဆို့အရေးယူမှု မူဝါဒများကြောင့် မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရကို နှစ်စဉ် ဒေါ်လာ သန်းပေါင်းများစွာ ရှာဖွေပေးလျက် ရှိသည့် တရားမဝင် လုပ်ကိုင် ဆောင်ရွက်များအပေါ် တင်းတင်းကြပ်ကြပ် နှိပ်ကွပ် တားမြစ်နိုင်တော့မည် ဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိ တစ်ဦးက သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုက သတ်မှတ် ပြဋ္ဌာန်းမည့် ပိတ်ဆို့ အရေးယူမှု မူဝါဒများသည် အမေရိကန် ဒေါ်လာ ငွေစက္ကူနှင့် အခြား ကုန်ပစ္စည်း အတုများ ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်း၊ အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေးနှင့် ငွေကြေး စနစ်များထဲတွင် တရားမဝင် လိမ်လည် လှည့်ဖျားမှုများ ပြုလုပ်ခြင်းတို့ကို တင်းတင်းကြပ်ကြပ် တားမြစ်နိုင်မည် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နျူကလီယာ မပြန့်ပွားရေးနှင့် လက်နက် ထိန်းချုပ်ရေး ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် Robert Einhorn က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံအပေါ် တင်းကြပ်သော ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိသည်ဟု တောင်ကိုရီးယား နိုင်ငံသို့ ရောက်ရှိစဉ် မစ္စတာ Robert Einhorn က ဆိုသည်။

တရားမဝင် ဆောင်ရွက်ချက်များက မြောက်ကိုရီးယားအတွက် ဒေါ်လာ ငွေသန်းပေါင်း များစွာကို ငွေမာအဖြစ် အသုံးပြုရန် ရှာဖွေပေးနိုင်ပြီး နျူကလီယာ သို့မဟုတ် ဒုံးကျည် ထုတ်လုပ်မည့် အစီအစဉ်များ လုပ်ကိုင်ရန်၊ သို့တည်းမဟုတ် ဇိမ်ခံပစ္စည်းများ ဝယ်ယူနိုင်ရန် အထောက်အကူ ပြုလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။ မြောက်ကိုရီးယား၏ ပင်မ စီးပွားရေး မဟာမိတ် ဖြစ်သော တရုတ်နိုင်ငံ အနေဖြင့် ပိတ်ဆို့ အရေးယူမှုများကို ကျောထောက် နောက်ခံ ပြုရန်နှင့် အခြားနိုင်ငံများက ပြုလုပ်သော ကန့်သတ်ချက်များ အပေါ် အကျိုးအမြတ် မထုတ်ရန်လည်း ၎င်းက တိုက်တွန်း ပြောဆိုသည်။

"နိုင်ငံတကာ စနစ်ထဲမှာ တရုတ်နိုင်ငံကို တာဝန်ရှိတဲ့ Stakeholder တစ်ဦး ဖြစ်စေလိုပါတယ်" ဟု ၎င်းက ဆိုသည်။

"သဘောကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း တရုတ်နိုင်ငံက ပူးပေါင်း ဆောင်ရွက်လာဖို့ပါ။ တခြားနိုင်ငံတွေက မြောက်ကိုရီးယားနဲ့ အီရန်အပေါ် ထားရှိတဲ့ ကန့်သတ်ချက်တွေကို အကျိုးအမြတ် ယူဖို့ မဟုတ်ပါဘူး" ဟုလည်း ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ တောင်ကိုရီးယား နိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ရောက်ရှိခိုက် ထုတ်ပြန် ကြေညာခဲ့သော မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ အရေးယူရေး မူဝါဒသစ်များသည် အမေရိကန် နိုင်ငံသားများ သို့မဟုတ် ဘဏ်များ၏ ထိန်းချုပ်မှု အောက်တွင် ရှိသော အဖိုးတန် ပိုင်ဆိုင်မှု ပစ္စည်းများကို မြောက်ကိုရီးယား အာဏာပိုင်များ ဝယ်ယူခြင်း သို့မဟုတ် အသုံးပြုခြင်းများ အားလုံးကို ပိတ်ပင်သွားမည် ဖြစ်သည် ဟု မစ္စတာ Robert Einhorn က ဆိုသည်။

"မြောက်ကိုရီယား အာဏာပိုင်တွေ၊ စီးပွားရေး သမားတွေရဲ့ နာမည်တွေကို လူသိရှင်ကြား ထုတ်ဖော်မှာ ဖြစ်တဲ့အတွက် ဒီပိတ်ဆို့ အရေးယူမှု ဆောင်ရွက်ချက်ဟာ ယခင်ကထက် ထိထိရောက်ရောက် ရှိမှာပါ။ မြောက်ကိုရီးယားကို နိုင်ငံတကာ ဘဏ္ဍာရေးနဲ့ စီးပွာရေး စနစ်ထဲမှာ အထီးကျန် ဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်မှာပါ" ဟု ၎င်းက ဆိုသည်။

မစ္စတာ Robert Einhorn နှင့် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ စီနီယာ အရာရှိ Faniel Glaser တို့သည် အကြမ်းဖက် သမားများအပေါ် ငွေကြေး ထောက်ပံခြင်း၊ ဘဏ္ဍာရေး ဆိုင်ရာ ဒုစရိုက်မှုများ ကျူးလွန်ခြင်း အစရှိသည် တို့ကို ပူးတွဲ နှိမ်နင်းလျက် ရှိကြသည်။

ယခင်က ပုဂ္ဂလိက အခန်းကဏ္ဍများက ပိတ်ဆို့ အရေးယူခြင်း ခံထားရသော နိုင်ငံများ၏ တရားမဝင်သော ဆောင်ရွက်ချက်များ အပေါ် ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်းမျိုး ရှိခဲ့ကြောင်း Faniel Glaser က ပြောသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုက မကာအိုဘဏ်ကို မြောက်ကိုရီးယားနှင့် ငွေစက္ကူတု ပြုလုပ်မှုတွင် ပတ်သက်နေသည် ဟူသော စွပ်စွဲချက်ဖြင့် လူသိရှင်ကြား နာမည်ပျက် စာရင်း သွင်းခဲ့သည်။ ထိုလုပ်ရပ်ကြောင့် မကာအိုဘဏ်ရှိ မြောက်ကိုရီးယားနှင့် သက်ဆိုင်သော ငွေစာရင်းမှ ဒေါ်လာ ၂၅ သန်းကို ထုတ်ဖော်နိုင်ခဲ့သည်။

အခြားသော ငွေကြေး အသင်းအဖွဲ့များနှင့် ဘဏ်များက မကာအိုဘဏ်ကဲ့သို့ အလားတူ နာမည်ပျက် စာရင်း သွင်းခံရမည် စိုးသောကြောင့် မြောက်ကိုရီးယားနှင့် ချိတ်ဆက်မှုများ အားလုံးကို ဖြတ်တောက်လိုက်ခဲ့သည်။ ထိုဖြစ်ရပ်က မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံကို များစွာ အထိ နာစေခဲ့သည်ဟု သိရသည်။

"ဝါရှင်တန် အစိုးရအနေနဲ့ ရှိထားတဲ့ ပိတ်ဆို့ အရေးယူမှု မူဝါဒတွေကို တင်းတင်းကြပ်ကြပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားပါလိမ့်မယ်" ဟု မစ္စတာ Rober Einhorn က ပြောကြားသည်။ လူအမြောက်အမြား သေကြေ ပျက်စီးနိုင်သော လက်နက်များ၊ ဒုံးကျည်များ တပ်ဆင် ထုတ်လုပ် ရောင်းချမှုတွင် ပါဝင် ပတ်သက်နေသည့် ကုမ္ပဏီကြီးများ သို့မဟုတ် လူပုဂ္ဂိုလ်များကိုလည်း ပိတ်ဆို့ အရေးယူမှု မူဝါဒသစ်က ပစ်မှတ်ထားသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခု အမေရိကန် ပြည်ထောင်စုက သတ်မှတ် ပြဋ္ဌာန်းမည့် ပိတ်ဆို့ အရေးယူမှု မူဝါဒသစ်များသည် မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားအပေါ် အပြစ်ပေးလိုသည့် သဘောဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုစစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က စွပ်စွဲ ပြောဆိုထားသည်။ သို့သော်
မြောက်ကိုရီးယားက စွပ်စွဲပြောဆိုမှုများ အားလုံး မဟုတ်မမှန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ၎င်းတို့နိုင်ငံမှ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ခွင့် ပေးရန် အဆိုပြုထားသည်။

သင်္ဘော နစ်မြုပ်မှုကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုများကို တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့က နယ်စပ်ဒေသတွင် စစ်ရေး လေ့ကျင့်မှုများ ဇူလိုင်လ ကုန်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများကို ဆန့်ကျင်သည့် အနေဖြင့် ပြင်းထန်သော ကိုယ်ထိလက်ရောက် လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယား နိုင်ငံက ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း Yonghap သတင်းဌာနက ဖော်ပြသည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့က ချိုနန် စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရခြင်းကြောင့် နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ထုတ်ဖော်ခဲ့သော်လည်း တရုတ်နိုင်ငံက အဆိုပါ ကိစ္စကို အသိအမှတ် ပြုခြင်း မရှိသေးပေ။

မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့သည် နျူကလီယာ လက်နက် မပြန့်ပွားရေး ဆောင်ရွက်ချက်များနှင့် နိုင်ငံတကာ လုံခြုံရေးကို အဟန့်အတား ဖြစ်အောင် အဓိက ခြိမ်းခြောက်လျက် ရှိသည်ဟု မစ္စတာ Robert Einhorn က ပြောသည်။

AFP သတင်းကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment