Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၏ ငွေကြေးပံ့ပိုးမှု ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံဖြင့် တည်ဆောက်ခဲ့သော ဆိပ်ကမ်း စီမံကိန်း ပထမပိုင်းကို ဖွင့်လှစ်ရန် သီရိလင်္ကာ အစိုးရက ပြင်ဆင်လျက် ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကြောင့် တောင်အာရှ ဒေသတွင်း တရုတ်နိုင်ငံ၏ မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံအတွက် စိုးရိမ်ပူပန်မှုများကို တိုးပွားစေသည်။

အဆိုပါ ဆိပ်ကမ်းအမည်မှာ ဟန်ဘန်တိုတာ (Hambantota) ဖြစ်ပြီး ရှေးယခင် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သော ပိုးသားလမ်း (Silk Road) နှင့် ကမ္ဘာပေါ်တွင် သင်္ဘော သွားလာမှု အများဆုံး ရေကြောင်း လမ်းမပေါ်တွင် တည်ရှိကာ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေး အတွက် အဓိက မောင်းနှင်မည့် အင်ဂျင်ကြီး တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

တရုတ်နိုင်ငံ၏ အတိုးနှုန်း မပါဝင်သော ချေးငွေ ဒေါ်လာသန်း ၃၀၀ ဖြင့် တည်ဆောက်ခဲ့သော အဆိုပါ ရေနက်ဆိပ်ကမ်း ပထမအဆင့်ကို လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ဆိပ်ကမ်း၏ ဒုတိယပိုင်းကို လာမည့် ၂၀၁၄ ခုနှစ်တွင် အပြီးသတ် တည်ဆောက်သွားနိုင်မည်ဟု သီရိလင်္ကာ အစိုးရက မျှော်မှန်းထားသည်။ အဆိုပါ ကာလ နောက်ပိုင်းတွင် သီရိလင်္ကာ နိုင်ငံသည် ကုန်ပစ္စည်း ဖြတ်ကျော် တင်ပို့မှု အခန်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ဆွဲဆောင်မှု ရှိသည့် နိုင်ငံတစ်ခု ဖြစ်လာမည် ဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများလည်း ပေါများလာမည်ဟု ခန့်မှန်းရသည်။

သီရိလင်္ကာ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ Priyath Wickrama က "ဒီဆိပ်ကမ်းကြီး ပြီးသွားရင် နှစ်စဉ် အရှေ့-အနောက် ပင်လယ် ရေကြောင်းလမ်းမှာ ခေါက်တုံ့ခေါက်ပြန် သွားလာနေတဲ့ ကုန်တင်သင်္ဘော အစီး ၇၀၀၀၀ လောက်ထဲက အစီး ၂၅၀၀ လောက်ကို ဝန်ဆောင်မှု ပေးနိုင်မှာပါ" ဟု ပြောကြားသည်။

"ဒုတိယပိုင်း အပြီးသတ် ဆောက်လုပ်ပြီး နောက်ထပ် ၁၀ နှစ်လောက်ဆိုရင် တစ်နှစ်ကို သင်္ဘောအစီး ၈၀၀၀ လောက်ကို ဝန်ဆောင်မှု ပေးသွားနိုင်မယ်လို့ ရည်မှန်းထားပါတယ်" ဟု ၎င်းက ဆိုသည်။ သီရိလင်္ကာ နိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်၊ အကြီးဆုံးသော ကုန်သွယ်ဘက် နိုင်ငံလည်း ဖြစ်သည့် အိန္ဒိယနိုင်ငံအနေဖြင့် ဟန်ဘန်တိုတာ ဆိပ်ကမ်း ပေါ်ထွန်းလာမှုသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာ တစ်ရပ်အဖြစ် ရှုမြင်ကာ မလွဲမသွေ စိုးရိမ်ပူပန်မှုများ ဖြစ်နေမည် ဖြစ်သည် ဟု လေ့လာ အကဲခတ်သူများက ဆိုသည်။

တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှင့် ပါကစ္စတန်နိုင်ငံ တို့တွင်လည်း ဆိပ်ကမ်း တည်ဆောက်မှုများ ဝင်ရောက် လုပ်ကိုင်ပေးလျက် ရှိသကဲ့သို့ နီပေါနိုင်ငံတွင်း မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းများ လုပ်ကိုင်ရန် အစီအစဉ်လည်း ရှိသေးသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment