Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရက ရှမ်းပြည်နယ်ထဲသို့ အရှည် ၃၆၁ ကီလိုမီတာ ရှည်လျားသော မီးရထားလမ်း ဖောက်လုပ်နေခြင်းသည် သူပုန်တပ်ဖွဲ့များကို ရှင်းလင်း ပထုတ်လိုသော ရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေး အုပ်စုများက သြဂုတ်လ ၁၇ ရက်နေ့တွင် ပြောကြားသည်။

ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက်အဖွဲ့ (SWAN) နှင့် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း (SHRF) တို့က ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်အရ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသ အကြား မီးရထားလမ်း ဖောက်လုပ်မှုသည် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များထက် အဆိုပါဒေသရှိ သူပုန်အုပ်စုများကို ထိန်းချုပ်လို၍သာ ဖြစ်သည်ဟု သိရသည်။

"တသီးတခြား ဖြစ်နေသော နယ်စပ်ဒေသတွင် အရှိန်အဟုန်ဖြင့် မီးရထားလမ်း သွယ်တန်း ဖောက်လုပ်နေခြင်းသည် အဆိုပါဒေသအား ရန်ပြုမည့် အရိပ်အယောင်ကို ဖော်ကျူးရာ ရောက်သည်" ဟု အစီရင်ခံစာက ဆိုသည်။ ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို မြန်မာစစ်အစိုးရ၏ စစ်ရေးတိုးချဲ့မှု တစ်ရပ်အဖြစ် သတ်မှတ် ဖော်ပြသည်။

အဆိုပါ ရှမ်းအခွင့်အရေး အဖွဲ့နှစ်ခု၏ အစီရင်ခံစာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းနှင့်အတူ မြေယာ ဟက်တာပေါင်း များစွာကို စစ်အစိုးရက ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ ရထားလမ်းသည် တပ်ဖွဲ့ဝင် အင်အား ၂၅၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး သူပုန်အုပ်စု ဖြစ်သော ဝ ပြည်နယ် ညီညွတ်ရေး တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေကို ဖောက်ထွက်သွားမည် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ဝ ပြည်နယ် ညီညွတ်ရေး တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သော်လည်း ယခုနှစ်အတွင်း နယ်ခြားဒေသ စောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် အဆိုပြုချက်ကို ငြင်းပယ်ထားသည်။

နယ်ခြားဒေသ စောင့်တပ် ဖွဲ့ရန် ငြင်းပယ်မှုကြောင့် မကြာမီကာလအတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည်။ အကြောင်းမှာ သူပုန်အုပ်စုများ အားလုံးအနေဖြင့် ယခုနှစ်အတွင်း ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ချကာ နယ်ခြားဒေသ စောင့်တပ်ဖွဲ့အဖြစ် အမြန်ဆုံး ပြောင်းလဲ ဖွဲ့စည်းရန် စစ်အစိုးရက အမိန့်ထုတ် ထားသောကြောင့် ဖြစ်သည်။

အဆိုပါ ဒေသမှ အခြားသော သူပုန်အုပ်စု တစ်ခု ဖြစ်သည့် ရှမ်းပြည်နယ် တပ်ဖွဲ့ (SSA) သည်လည်း စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုထားခြင်း မရှိပေ။

"စစ်အစိုးရက ဒီ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေ ဖြစ်တော့မယ်လို့ တစ်ကမ္ဘာလုံးကို ယုံအောင် ပြောနေတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာ သူတို့ဟာ စစ်တိုက်ဖို့ ကတုတ်ကျင်း တူးနေတာ ဖြစ်ပါတယ်" ဟု SHRF အဖွဲ့မှ သုတေသီ Puen Kham က ပြောကြားသည်။

ကျိုင်းတုံ မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ဆိုင်းထားခဲ့ကြောင်း Shan Herald  သတင်းစာက ရေးသား ဖော်ပြသည်။

ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ဖောဖော်ဝါရီလအတွင်း စတင်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် Langkher၊ Mongpan၊ Mongton၊ Monghsat နှင့် Mongphyak တို့ကို ဖြတ်သန်းသွားမည်ဟု သိရသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment