Transparency Myanmar

transparency.myanmar@gmail.com

လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြောက်ကိုရီးယား အုပ်ချုပ်ရေးပါတီ ကွန်ဖရင့်ကြီး တစ်ရပ် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက သတင်း ပေးပို့သည်။ အဆိုပါ ကွန်ဖရင့်သည် နှစ်ကာလ များစွာ အတွင်း ရှားရှားပါးပါး ကျင်းပသည့် ပထမဆုံး ဆွေးနွေးပွဲ ဖြစ်ပြီး ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် နေရာကို ဆက်ခံမည့်သူ မည်သူမည်ဝါ ဖြစ်သည်ကို ထုတ်ဖော် အသိ ပေးမည့်ပွဲ ဖြစ်မည်ဟုလည်း ထင်ကြေးပေး ပြောဆိုမှုများ ရှိသည်။

အဆိုပါ ကွန်ဖရင့်တွင် အာဏာရ အလုပ်သမား ပါတီ အနေဖြင့် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ တတိယမြောက် သားဖြစ်သူ ကင်ဂျွန်အန်အား စီနီယာ အဆင့်ရာထူး တိုးမြှင့် ပေးလာဖွယ် ရှိကြောင်း ခန့်မှန်း ပြောဆိုလျက် ရှိသည်။ လေ့လာ သုံးသပ်သူများ အဆိုအရ ကင်ဂျွန်အန်အား ရာထူး တိုးမြှင့်ပေးမှုသည် ကင်ဂျုံအီလ် နေရာသို့ ဆက်ခံမည် ဟူသော အချက်ကို ဖော်ပြရာ ရောက်ကြောင်း သိရသည်။

"နောက်ဆုံးတော့ သမိုင်းဝင်ပြီး အလှည့်အပြောင်း တစ်ခု ဖြစ်မယ်လို့ မြောက်ကိုရီးယားက ပြောဆိုနေတဲ့ ဆွေးနွေးပွဲ ပြုလုပ်မယ့်နေ့ကို ကျွန်တော်တို့ အနေနဲ့ အတည်ပြု လိုက်နိုင်ပါပြီ" ဟု တောင်ကိုရီးယား သတင်းဌာန Yonhap က ရေးသား ဖော်ပြသည်။ သို့အတွက်ကြောင့် လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကင်ဂျွန်အန်အပေါ် မျက်စိ ဒေါက်ထောက် ကြည့်ကြတော့မည် ဖြစ်ကြောင်း၊ ၎င်းကို မြောက်ကိုရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် နေရာကို ဆက်ခံမည့် သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလျက် ရှိသည့်တိုင် သူနှင့် ပတ်သက်သည့် အကြောင်းကိစ္စများကို နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အနည်းငယ်သာ သိရှိကြကြောင်း ယင်းသတင်းဌာနက ဆိုသည်။

ဆွေးနွေးပွဲတွင် ထီးနန်းဆက်ခံပွဲ ပုံစံမျိုး ဖြစ်လာဖွယ် မရှိသော်လည်း အကယ်၍ ကင်ဂျွန်အန်အား ပါတီ၏ စီနီယာအဆင့် ရာထူး လွှဲပြောင်းပေးလိုက်ပြီ ဆိုပါက အဆိုပါကိစ္စသည် မြောက်ကိုရီးယား၏ ခေါင်းဆောင်နေရာ ဆက်ခံမည့်သူ မည်သူမည်ဝါ ဖြစ်သည် ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း အချက်ပြလိုက်ရာ ရောက်သည်။

မြောက်ကိုရီးယား 'ကင်' တတိယ မျိုးဆက်ဖြစ်ပြီး နိုင်ငံရေးအရ အတွေ့အကြုံလည်း မရှိ၊ အသက်အရွယ်လည်း ငယ်ရွယ်သူ တစ်ဦးအနေဖြင့် စစ်ဘက်ရေးတွင် ယုံကြည်စိတ်ချမှု အပြည့်အဝ ရရှိရေး၊ ထင်ရှားသြဇာ ရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်လာရေးမှာ မည်မျှ အတိုင်းအတာအထိ လွယ်ကူနိုင်မည်နည်း ဟူသည့် အချက်မှာလည်း အကြောင်းကိစ္စတစ်ခု ဖြစ်နေသည်။

လက်ရှိ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်မှာ အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် လေသင်တုန်း ဖြတ်သည့် ရောဂါ ခံစားခဲ့ရသည်ဟု ယုံကြည်ရသည်။ မြောက်ကိုရီးယား KCNA သတင်းဌာနက လာမည့် စက်တင်ဘာလ ၂၈ ရက် (အင်္ဂါနေ့) တွင် ပါတီ ဆွေးနွေးပွဲကြီး ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း အကျဉ်းချုံး ကြေညာသည်။

အဆိုပါ ကြေညာချက်ကြောင့် မည်သည့် နေ့ရက်တွင် အစည်းအဝေး ကျင်းပနိုင်သည်ဟူသော ထင်ကြေးပေး ပြောဆိုမှုများ အဆုံးသတ်သွားသည်။ အစောပိုင်းက အဆိုပါ အစည်းအဝေးကို စက်တင်ဘာလ ပထမပတ် အတွင်း ကျင်းပရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတွင်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသောကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား အရာရှိကြီးများက ဆိုသည်။

"မြောက်ကိုရီးယား အလုပ်သမား ပါတီ (WPK) သည် ထိပ်ပိုင်း ခေါင်းဆောင် ရွေးချယ် တင်မြှောက်နိုင်ရေးအတွက် စက်တင်ဘာလ ၂၈ ရက်နေ့ ပြုံယမ်း မြို့တော်တွင် ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်သည်" ဟု KCNA သတင်းဌာနက ဆိုသည်။

လက်ရှိ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် ပြီးခဲ့သည့် ၁၉၈၀ ပြည့်နှစ်တွင် နောက်ဆုံး ကျင်းပခဲ့သည့် ပါတီ ကွန်ဖရင့်တွင် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုစဉ်ကလည်း ကင်ဂျုံအီလ်သည် မြောက်ကိုရီးယား ခေါင်းကိုင်ဖခင်ကြီး ကင်အီဆွန်းနေရာကို ဆက်ခံမည့်သူအဖြစ် အတည်ပြု ပြောဆိုခြင်း ခံခဲ့ရသည်။

နောက်ဆုံးတွင် ကင်သည် သူ၏ ဖခင်ကြီး ကွယ်လွန်ပြီးနောက် ၁၉၉၄ ခုနှစ်၌ မြောက်ကိုရီးယား ခေါင်းဆောင် ဖြစ်လာသည်။ ထို့နောက် ကင်သည် မြောက်ကိုရီးယားကို နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အထီးကျန်ဖြစ်အောင် ဦးဆောင် အုပ်ချုပ်လာခဲ့သည်။

ကင်သည် လတ်တလော နှစ်ကာလများတွင် မြောက်ကိုရီးယား နိုင်ငံ၏ အနီးကပ် မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံ၌ ဆေးဝါးကုသမှု ခံယူရန် ကြိုးပမ်းခဲ့သည်ဟု ယုံကြည်ရသည်။ သို့သော် လျှို့ဝှက်လွန်းသော ကွန်မြူနစ် အစိုးရက ကင်ဂျုံအီလ်၏ ကျန်းမာရေးနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန် ပြောဆိုခြင်း မပြုလုပ်ခဲ့ပေ။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment