Transparency Myanmar

transparency.myanmar@gmail.com

ယန်းငွေ တန်ဖိုး ဆက်လက် မြင့်မားနေမှုနှင့် ပတ်သက်သော စိုးရိမ်မှုများကြောင့် လက်ရှိ ဂျပန် စီးပွားရေးမှာ လုံးလုံးလျားလျား ရပ်တန့်နေကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဂျပန် အစိုးရက ပြောကြားသည်။ စီးပွားရေးတွင် ပြန်လည် နာလန်ထူအောင် လုပ်ဆောင်မှုများ ရပ်တန့်လျက် ရှိသည်ဟုလည်း ဂျပန် ကက်ဘိနက် အဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်သည် နှစ်နှစ်တာ ကာလအတွင်း ဂျပန် စီးပွားရေးနှင့် ပတ်သက်၍ အစိုးရ၏ အဆိုးမြင်သော ကြေညာချက် တစ်ရပ်လည်း ဖြစ်သည်။ ယန်းငွေ တန်ဖိုး မြင့်တက်ပြီး ဂျပန် ထုတ်ကုန် ပစ္စည်းများအပေါ် ကမ္ဘာလုံး ဆိုင်ရာ ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် စီးပွားရေး ကျဆင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

လတ်တလော လများအတွင်း ဂျပန် စီးပွားရေးကို အဖတ်ဆယ် နိုင်သည်ဟု အစိုးရက ဆိုသော်လည်း ယခု ထုတ်ပြန်သော ကြေညာချက်အရ စီးပွားရေး အင်အား ဆက်လက် ချည့်နဲ့နေဆဲ ဖြစ်သည်။ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့မှု အလွန်အမင်း လျော့ကျမှုသည် အဓိက ပြဿနာ ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အာရှဒေသသို့ ကုန်ပစ္စည်း တင်ပို့မှုမှာလည်း လျော့နည်းလာရာ ပို့ကုန် စီးပွားရေး သမားများ ထိခိုက် နစ်နာရကြောင်း၊ အကြောင်းမှာ ယန်းငွေတန်ဖိုး မြင့်တက် နေသောကြောင့် ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

ဂျပန် ယန်းငွေနှင့် အမေရိကန် ဒေါ်လာ လဲလှယ်မှု နှုန်းတွင် ယန်းငွေသည် နှစ်ပေါင်း ၁၅ နှစ်တာ ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ လအတွင်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက နှစ်ပေါင်း ခြောက်နှစ်အတွင်း ငွေကြေး ဈေးကွက်ကို ပထမဆုံး ဝင်ရောက် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သော်လည်း ယန်းငွေတန်ဖိုး ပြန်လည် ကျဆင်းမှု မရရှိခဲ့ပေ။

ဂျပန်ဝန်ကြီးချုပ် နာတိုကန်က ငွေကြေး လဲလှယ်မှုနှုန်း နိမ့်ကျမှုနှင့် ရင်ဆိုင်နေရသော ပို့ကုန် သမားများ ခုသာခံသာ ရှိစေရေး အတွက် ယန်းငွေ ၅ ဒဿမ ၁ ထရီလီယံ (ဒေါ်လာ ၆၃ ဘီလီယံ) ကို အရေးပေါ် နာလန်ထူရေး အစီအစဉ်အဖြစ် ထုတ်ပေးခဲ့သည်။ အောက်တိုဘာလ ၁၉ ရက်၊ တိုကျို ငွေကြေး ဈေးကွက် ပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာလျှင် ဂျပန် ၈၁ ဒဿမ ၄၄ ယန်း ရှိသည်။ အစိုးရ အရာရှိကြီးများ အဆိုအရ စီးပွားရေး ကျဆင်းမှုသို့ ဆိုက်ရောက်သွားနိုင်ကြောင်း သတိပေး ပြောကြားသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment