Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ နိုင်ငံမှ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော ကချင် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နှင့် မြန်မာ စစ်တပ်အကြား လိပ်ခဲတည်းလည်း အခြေအနေ ဆိုက်ရောက်ကာ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာ စစ်တပ်က KIA အဖွဲ့ဝင် သုံးဦးကို ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီးနောက် ယခုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

KIA ရုံးခွဲများ အနက်မှ ရုံးခွဲတစ်ခုအား မြန်မာ စစ်တပ်က ဝိုင်းရံထားကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ဒေသ အနီးရှိ မြန်မာ စစ်စခန်း တစ်ခုကိုလည်း မိမိတို့ လက်နက်ကိုင် တပ်ဖွဲ့များက ပြန်လည် ဝိုင်းရံထားကြောင်း BBC မြန်မာပိုင်း ဆိုင်ရာ သတင်းဌာနက ဆိုသည်။

KIA သည် မြန်မာ စစ်အစိုးရနှင့် နှစ်ပေါင်း ၁၆ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ကချင် ပြည်သူများ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေး အတွက် ကြိုးပမ်းလျက် ရှိသော လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုလည်း ဖြစ်သည်။ မြန်မာ စစ်အစိုးရ၏ ကမ်းလှမ်းချက် ဖြစ်သော နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေး စာချုပ် ချုပ်ဆိုရန် KIA က ငြင်းပယ်ထားသည်။

သို့သော် စစ်အစိုးရနှင့် ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်အရ KIA နှင့် မဟာမိတ် အရပ်ဖက် အဖွဲ့အစည်း အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အတော်များများကို အုပ်ချုပ်ခွင့် ရရှိထားသည်။

၎င်းတို့က တရုတ်ပြည်နှင့် ပြုလုပ်သော ကုန်သွယ်ရေး၊ ကျောက်မျက်နှင့် ရွှေတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး အစရှိသည့် လုပ်ငန်းများမှ ရရှိသော အခွန်ဖြင့် ကချင်ပြည်နယ်တွင်း လျှပ်စစ်မီး သွယ်တန်းခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ စာသင်ကျောင်း ရန်ပုံငွေ ရှာဖွေခြင်း တို့ကို ထောက်ပံ့ပေးလျက် ရှိသည်။

သို့သော် နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းပေးရမည့် နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်သွားပြီ ဖြစ်သောကြောင့် မြန်မာစစ်တပ်နှင့် စစ်မက်ရေးရာ ပဋိပက္ခ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက် ရှိသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ Laiza မြို့သို့ BBC သတင်းထောက် Alastair Leithead သွားရောက်၍ KIA မှ ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံ မေးမြန်းတွင် ၎င်းတို့က အဆိုးဆုံး အခြေအနေ အတွက် ပြင်ဆင်ထားကြောင်း ပြောကြားသည်။

"ဒီမှာ စစ်ဖြစ် လာလိမ့်မယ် လို့တော့ ကျွန်တော်တို့ သေချာပေါက် မပြောနိုင်ပါဘူး။ ဒါပေမဲ့ အစိုးရက ကျွန်တော်တို့ကို ဒီလ နောက်ဆုံးထားပြီး နယ်ခြား ဒေသစောင့် တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းစေချင်နေပါတယ်" ဟု KIA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Gen Gam Shawng က ဖေဖော်ဝါရီလတွင် ပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ အဲဒီလို လက်နက်ချပြီး နယ်ခြား ဒေသစောင့်တပ် ပြောင်းဖွဲ့မှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ကချင်ပြည်နယ်ကို ၁၉၄၇ ခုနှစ်မှာ သဘော တူညီခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ တိုင်းရင်းသား အခွင့်အရေးတွေ ရရှိတဲ့ ဒေသ တစ်ခုအဖြစ် မသတ်မှတ် ပေးသရွေ့ပေါ့" ဟု ၎င်းက ဆိုသည်။ ယခင် သတင်း ပေးပို့ချက်များ အရ ကချင် ပြည်နယ်တွင်း တင်းမာမှုများ လျော့နည်းလာသည့် သဘောတွင် ရှိသည်။ BBC သတင်းထောက် အဆိုအရ အိမ်နီးချင်း တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် KIA၊ ညီညွတ်သော ဝ တပ်ဖွဲ့ (UWSA) နှင့် မြန်မာ စစ်တပ်အကြား တင်းမာမှုများ လျော့ကျလာသည်ဟု ယူဆရသည်။

မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၂၅ ဖွဲ့ခန့် ရှိပြီး အများစုမှာ နယ်စပ်ဒေသနှင့် တောင်ထူထပ်သော နေရာများတွင် အခြေစိုက် လှုပ်ရှားလျက် ရှိသည်။ အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြီးများတွင် KIA လည်း အပါအဝင် ဖြစ်သည်။ KIA တပ်ဖွဲ့မှူးများ အဆိုအရ စစ်သည် အင်အား ၁၀၀၀၀ နှင့် အရန်စစ်သည် ၁၀၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည်။

အာရှတွင် အင်အား အကြီးဆုံးသော စစ်တပ်များ စာရင်းတွင် မြန်မာ စစ်တပ်လည်း ပါဝင်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment