Transparency Myanmar

transparency.myanmar@gmail.com

VOA News, 20th October 2010

ရဝမ်ဒါ၊ ယီမင်နှင့် ဆီးရီးယား တို့သည်လည်း မြန်မာ၊ မြောက်ကိုးရီးယားနှင့် Eritrea တို့နှင့် အတူ ကမ္ဘာပေါ်တွင် မီဒီယာများအပေါ် အရက်စက် အကြမ်းကြုတ်ဆုံး အုပ်စုသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း Reporter's Without Borders 2010 Press Freedom Index အရ သိရှိရသည်။

Reporter's Without Borders က ပြောကြားရာတွင် ၎င်း၏ စာရင်းရှိ အောက်ဆုံး ဆယ်နိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့်မှာ ပိုမို ဆိုးရွားလျက် ရှိကြောင်း ဆိုသည်။ အဆိုပါ နိုင်ငံများအနက် မည်သည့် နိုင်ငံက ပိုမို၍ ပြဿနာများကြောင့် ပြောရန် ခက်ခဲကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထိုနိုင်ငံ အားလုံးသည် မီဒီယာအား နှိပ်ကွပ်လျက် ရှိပြီး သတင်းများနှင့် သတင်း အချက်အလက်များကို ၎င်းတို့ ပြည်သူများထံ မရောက်ရှိအောင် ပိတ်ဆို့လျက် ရှိသည်ဟု ၎င်းက ဆိုသည်။

ရဝမ်ဒါသည် ရာဇဝတ်မှု ကျူးလွန်သော အဆိုးဆုံး ဆယ်နိုင်ငံတွင် အပါအဝင် ဖြစ်သည်ဟု အစီရင်ခံစာ အရ သိရှိရသည်။ မီဒီယာ စောင့်ကြည့်ရေး အဖွဲ့မှ သုတေသန ဒါရိုက်တာ Gilles Lordet က ပြောကြားရာတွင် ရဝမ်ဒါ အစိုးရသည် ယခုနှစ် အစောပိုင်း ရွေးကောက်ပွဲတွင် မီဒီယာများကို နှိပ်ကွပ်ခဲ့သည်ဟု ဆိုသည်။

"ဒီနှစ် ဂျာနယ်လစ် တစ်ယောက် အသတ်ခံရပြီး၊ ဂျာနယ်လစ် အတော်များများ ထောင်ထဲ ရောက်နေပါတယ်" ဟု Lordet က ပြောသည်။ "သတင်းနဲ့ အင်တာနက်ဆိုဒ် တော်တော်များများကို ပိတ်ထားပြီး၊ ဂျာနယ်လစ်တွေဟာ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး ခိုလှုံကြရပါတယ်။ ဒါတွေကို သမ္မတ Paul Kagame ကိုယ်တိုင် တိုက်ရိုက် စီမံနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်" ဟု ၎င်းက ပြောသည်။

ရဝမ်ဒါ အစိုးရကမူ ၎င်းတို့သည် စာနယ်ဇင်း လွတ်လပ်ခွင့်များကို ချိုးဖောက်နေသည် ဆိုသည့် စွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။ အစိုးရက ပြောကြားရာတွင် တိုင်းပြည်တွင် လုံခြုံရေးက အရေးကြီးသဖြင့် မီဒီယာများ အနေဖြင့် သွေးထွက်သံယို ရက်စက်မှုများကို မြှောက်ပင့် မပေးနိုင်ရန် လွတ်လပ်ခွင့် ပေးမထားခြင်း ဖြစ်ကြောင်း ဆိုသည်။

တရုတ်ပြည် သည်လည်း အဆိုးဆုံး စာရင်းတွင် ပါဝင်နိုင်သော နိုင်ငံ ဖြစ်သည်။ အစီရင်ခံစာတွင် တရုတ်နိုင်ငံ ထောင်ထဲတွင် ရှိနေသော ပူပူနွေးနွေး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူ့အခွင့်အရေး လှုပ်ရှားသူ Lu Xiaobo ကို လွှတ်ပေးရန် တောင်းဆိုထားသည်။

သို့သော် တရုတ်နိုင်ငံ၏ အခြေအနေမှာ စာရင်း အောက်ခြေရှိ အခြား နိုင်ငံများလောက် မဆိုးရွားသေးကြောင်း Lordet က ပြောသည်။

"ဘလော့ဂါတွေရဲ့ အရွေ့ကို ကျွန်တော်တို့ ပိုပိုပြီး တွေ့လာရပါတယ်။ လူတွေလည်း  အင်တာနက်မှာ တက်ကြွနေပါတယ်။ အင်တာနက်မှာ သတင်းအတွက် လုပ်နေတဲ့ ဂျာနယ်လစ်တွေ ပြည်သူတွေဟာ အလွန်တရာ စတင် တက်တက်ကြွကြွ ရှိလာတာကို တွေ့ရပါတယ်" ဟု Lordet က ဖြည့်စွက် ပြောသည်။

အာရှ၏ ကွန်မြူနစ် နိုင်ငံ လေးနိုင်ငံသည် အစီရင်ခံစာ အောက်ဆုံး စာရင်း (၁၅) နိုင်ငံတွင် ပါဝင်လျက် ရှိပြီး၊ မြောက်ကိုးရီးယားသည် အောက်ဆုံးရှိ Eritrea နိုင်ငံ ပြီးလျှင် ဒုတိယ အဆိုးရွားဆုံး နိုင်ငံ ဖြစ်သည်။

အာဖရိက၏ ဆိုမာလီယာ နိုင်ငံသည်လည်း ရာဇဝတ်မှု ကျူးလွန်သော အဆိုးဆုံး နိုင်ငံ (၂၀) တွင် ပါဝင်သည်ဟု Lordet က ပြောသည်။

"ဆိုမာလီယာမှာ ရှိတဲ့ စာနယ်ဇင်းနဲ့ သတင်းစာ ဆရာတွေ အကြောင်း စဉ်းစားလိုက်ရင်၊ စိတ်ကုန်ဖို့ ကောင်းပါတယ်။ ဘာလို့လဲဆို စစ်ဖြစ်နေသလိုပဲ။ ဖရိုဖရဲနဲ့။ သတင်းစာ ဆရာတွေကို အကာအကွယ် ပေးဖို့ ကြီးမားတဲ့ ပြဿနာပဲ။ အခု လောလောဆယ်တော့ ဖြေရှင်းဖို့ မလွယ်သေးပါဘူး" ဟု Lordet က ပြောသည်။

Reporter's Without Borders 2010 Press Freedom Index ကို ၂၀၀၂ ခုနှစ်က စတင် ထုတ်ဝေပြီး ၎င်းသည် ၁၇၈ နိုင်ငံကို အဆင့် သတ်မှတ်ထားသည်။ ဥရောပ မြောက်ပိုင်း ခြောက်နိုင်ငံ ဖြစ်သော ဖင်လန်၊ အိုက်စလန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်နှင့် ဆွစ်ဇာလန်တို့သည် စတင် ထုတ်ဝေသော ၂၀၀၂ ကတည်းက စာရင်းတွင် အဆင့် သတ်မှတ်ချက် ထိပ်ပိုင်းတွင် ရှိနေခဲ့သည်။ ယခုနှစ်တွင် ပထမဦးဆုံး အကြိမ်အဖြစ် ကျူးဘားသည် အောက်ဆုံး ဆယ်နိုင်ငံ စာရင်းမှ လွတ်မြောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment