Transparency Myanmar

transparency.myanmar@gmail.com

AFP, 20th October 2010

မြောက်ကိုးရီးယားသည် နျူကလီယာ ဆွေးနွေးပွဲများသို့ ပြန်လာရန် အသင့် ရှိသည်ဟု ကြေညာပြီး ရက်မကြာမီတွင်ပင် တတိယအကြိမ် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ရန် ပြင်ဆင်နေပုံ ရသည်ဟု တောင်ကိုးရီးယား သတင်းစာက သတင်း ဖော်ပြခဲ့သည်။

သို့သော် တောင်ကိုးရီးယား အစိုးရ တာဝန်ရှိသူများက ပြောကြားရာတွင် ပြုံးယမ်း အနေဖြင့် စမ်းသပ်ရန် အဆင်သင့် ဖြစ်ကြောင်း ခိုင်မာသည့် သက်သေ မရှိသေးကြောင်း ဆိုသည်။ ဆိုးလ်နှင့် ယင်း၏ မဟာမိတ်များသည် မြောက်ကိုးရီးယား၏ နျူကလီယာ ဆိုင်ရာများ၏ တိုးတက် ဖြစ်ပေါ်မှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောသည်။

အမေရိကန် ဂြိုဟ်တုသည် မြောက်ကိုးရီးယားတွင် 2006 ခုနှစ်နှင့် 2009 ခုနှစ်များက နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် နေရာတွင် လူများနှင့် ယာဉ်များ ရွေ့လျားနေသည်ကို ထောက်လှမ်း တွေ့ရှိရသည်ဟု တောင်ကိုးရီးယား အကြီးဆုံးနှင့် အရောင်းရဆုံး သတင်းစာ Chosun Ilbo ၏ အဆိုအရ သိရှိရသည်။

"မကြာသေးမီက ထောက်လှမ်း တွေ့ရှိချက်များအရ Punggye-ri မှာ လူတွေ ယဉ်တွေ ပျားပန်းခတ်မျှ အလုပ်ရှုပ်နေတာ တွေ့ရပါတယ်" ဟု အတည် မပြုနိုင်သော အစိုးရ သတင်း တစ်ခု၏ ပြောဆိုမှုကို Chosum က ကိုးကား ဖော်ပြခဲ့သည်။

မြောက်ကိုးရီးယားသည် ပထမ စမ်းသပ်မှု နှစ်ခု ပြုလုပ်စဉ်က ဖျက်သိမ်းခဲ့သော ဥမင်လိုဏ်များအား ပြန်လည် ဖော်ထုတ်နေပုံ ရသည်ဟု အဆိုပါ သတင်း ရင်းမြစ်၏ အဆိုအရ သိရှိရသည်။

"ဒါပေမယ့် သူတို့ ချက်ခြင်းတော့ ဘာမှ လုပ်မယ့်ပုံ မပေါ်သေးပါဘူး။ တတိယအကြိမ် စမ်းသပ်မှု အတွက် ပြင်ဆင်မှု အသင့်ဖြစ်ဖို့ နောက်ထပ် သုံးလလောက် အချိန် ယူရမယ်လို့ မျှော်လင့်ရပါတယ်"ဟု အဆိုပါ သတင်းက ဆိုသည်။

သို့သော် တောင်ကိုးရီးယား၏ ပူးတွဲ စစ်ဦးစီး အရာရှိချုပ်များ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ထိုသို့ ပြင်ဆင်နေကြောင်း အထောက်အထားများ မတွေ့ရဟု ပြောဆိုခဲ့သည်။

"အဲဒီသတင်းမှန်တယ်လို့ ပြောဖို့ ခိုင်မာတဲ့ အထောက်အထား မရှိသေးပါဘူး"ဟု ယင်းက သတင်းထောက်များသို့ ပြောသည်။ "ကျွန်တော်တို့ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီယာ အဆောက်အဦတွေရဲ့ တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒီကိစ္စကို စိုးရိမ်တဲ့ အခြား နိုင်ငံတွေနဲ့လည်း သတင်း ဖလှယ်ပါတယ်"ဟု ယင်းက ပြောသည်။

အမည် မဖော်လိုသူ တောင်ကိုးရီးယား ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက AFP သို့ ပြောကြားရာတွင် ထိုသို့သော လှုပ်ရှားမှုများမှာ အမြဲတစေ တွေ့ရလေ့ ရှိကြောင်း၊ မဟာဗျူဟာ ကျသော စက်အစိတ် အပိုင်းများကို နေ့စဉ် ပြုပြင် ထိန်းသိမ်းခြင်းပင် ဖြစ်မည် ထင်ကြောင်း ပြောခဲ့သည်။

မြောက်ကိုးရီးယားသည် ပထမအကြိမ် နျူကလီယာ စမ်းသပ်မှုကို ၂၀၀၆ ခုနှစ်၊ အောက်တိုဘာတွင် လည်းကောင်း၊ ဒုတိယအကြိမ် စမ်းသပ်မှုကို ၂၀၀၉ ခုနှစ် မေလတွင် လည်းကောင်း၊ အရှေ့ မြောက်ပိုင်း Hamgyong နယ်ရှိ Punggye-ri တွင် ပြုလုပ်ခဲ့သည်။

Chosun မှ သတင်းသည် လာမည့် လတွင် အမေရိကန် သမ္မတ Barak Obama အပါအ၀င် ကမ္ဘာ့ ခေါင်းဆောင်များ တက်ရောက်မည့် G-20 အစည်းအဝေးအတွက် ဆိုးလ်က ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြောက်ကိုးရီးယားက စနေနေ့က ပြောကြားရာတွင် ယင်းသည် ခြောက်နိုင်ငံ နျူကလီယာ လက်နက် ဖျက်သိမ်းရေး အစည်းအဝေးသို့ ပြန်လည် ကျင်းပရန် ဆန္ဒရှိကြောင်း သို့သော် အမေရိကန်နှင့် အခြား နိုင်ငံများ အဆင်သင့် မရှိသေးသောကြောင့် အလျင်အမြန် မဖြစ်နိုင်သေးကြောင်း ပြောခဲ့သည်။

အမေရိကန် ပြည်ထောင်စုက ပြောကြားရာတွင် မြောက်ကိုးရီးယား အနေဖြင့် တောင်ကိုးရီးယားနှင့် ဆက်ဆံရေးကို ပြင်ရမည် ဖြစ်ကြောင်း၊ အခြားညှိနှိုင်းမှုများ မစတင်မှီ နျူကလီယာ လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက် ရိုးသားမှု ရှိရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

တောင်ကိုးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် မြောက်ကိုးရီးယား အနေဖြင့် ယင်း၏ နျူကလီယာ အဆောက်အဦများသို့ စစ်ဆေးသူများ ခွင့်ပြုသင့်ပြီး၊ ခြောက်နိုင်ငံ ဆွေးနွေးပွဲ မတိုင်မီ နျူကလီယာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားကြောင်း ကြေညာရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယမန်နှစ်က သမ္မတ Lee Myung-bak က မြောက်ကိုးရီးယားကသာ နျူကလီယာများ လုံးဝ ဖျက်သိမ်းခဲ့မည် ဆိုပါက ကြီးမားသော စီးပွားရေး အကူအညီများ ပေးမည်ဟု ကမ်းလှမ်းချက်မှာ အသက်ဝင်လျက် ရှိနေသေးကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ဟု Yonhap သတင်း အေဂျင်စီက ပြောသည်။

မြောက်ကိုးရီးယား၏ တစ်ခုတည်းသော မဟာမိတ်နှင့် စီးပွားရေးအရ မှီခိုမှု ပြုရသော တရုတ်ကလည်း ၂၀၀၃ ခုနှစ်က စတင် ကျင်းပခဲ့သော ခြောက်နိုင်ငံ အစည်းအဝေး ပြန်စရန် ဖိအားပေးလျက် ရှိသည်။

ညှိနှိုင်းမှုများ ပြန်လည် ပြုလုပ်ရေး အတွက် အလားအလာများမှာ တောင်ကိုးရီးယားနှင့် အမေရိကန်တို့က ဆိုးလ်၏ စစ်သင်္ဘောကို မြောက်ကိုးရီးယား၏ တိုပီဒိုက ပစ်ခတ်ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ခြင်း အကြောင်းကြောင့် မှေးမှိန်လျက် ရှိသည်။ ထိုကိစ္စကို မြောက်ကိုးရီးယားက ငြင်းဆိုခဲ့သည်။

၁၉၅၀-၅၃ ကိုးရီးယား စစ်ပွဲမှာ တရားဝင် ငြိမ်းချမ်းရေး စာချုပ် မရှိဘဲ အပစ်အခတ် ရပ်ရန် သဘော တူညီမှုဖြင့်သာ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment