BBC News, 23rd November 2010
တောင်ကိုရီးယားက ပြောကြားရာတွင် မြောက်ကိုရီးယားသည် ၎င်း၏ နယ်စပ် ကျွန်းများပေါ်သို့ လက်နက်ကြီး ကျည်ဆံများ ဒါဇင်နှင့် ချီ၍ ပစ်ခတ်ခဲ့ပြီး၊ မရိန်း တပ်သား နှစ်ဦး သေဆုံး ခဲ့သဖြင့် ပြန်လှန် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
တောင်ကိုရီးယားသည် ၎င်း၏ Yeonpyeong ကျွန်းပေါ်သို့ လက်နက်ကြီးများ ကျရောက် ပြီးနောက် စစ်တပ်အား စစ်အတွင်း မဟုတ်သော်လည်း အမြင့်ဆုံး တပ်လှန့် ထားသည်။
ပြုံယမ်းကမူ တောင်ကိုရီးယားက စတင် ပစ်ခတ်ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ တောင်ကိုရီးယား စစ်တပ်က ပြောကြားရာတွင် ၎င်းတို့သည် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ပစ်ခတ်မှုများမှာလည်း မြောက်ကိုရီးယားနှင့် ဝေးကွာသော နေရာသို့သာ ချိန်ရွယ်ခဲ့ကြောင်း ဆိုသည်။
ယခု အကြိမ်သည် ကိုရီးယား စစ်ပွဲပြီးနောက် ပထမဆုံး အကြိမ် အဆိုးဝါးဆုံး ပဋိပက္ခ ဖြစ်ကြောင်း သုံးသပ်သူများက ပြောသည်။
၁၉၅၃ ခုနှစ်က ငြိမ်းချမ်းရေး စာချုပ် မရှိဘဲ၊ ပြီးဆုံးခဲ့သော ကိုရီးယား စစ်ပွဲအပြီးတွင် နယ်စပ် ပဋိပက္ခလေးများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း ယခု အကြိမ်မှာမူ နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လျက် ရှိစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား၏ အထီးကျန် ခေါင်းဆောင် ကင်ဂျုံအီမှာ နေမကောင်း ဖြစ်နေသည်ဟု ယူဆရပြီး၊ ၎င်းသည် သားအငယ်ဆုံးအား အာဏာ ဆက်ခံစေရေး အတွက် ကြိုးစား စီမံလျက် ရှိသည်။
ပြီးခဲ့သည့် စနေနေ့က မြောက်ကိုရီးယားသည် အမေရိကန် သိပ္ပံပညာရှင် တစ်ဦးအား ယူရေနီယမ် သန့်စင်မှု အဆောက်အဦသစ် တစ်ခုအား ထုတ်ဖော် ကြွားဝါ ပြသခဲ့သည်။
ထိုသို့ ပြသခဲ့မှုကြောင့် အမေရိကန်တို့က ခြောက်နိုင်ငံ နျူကလီယာ လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲ ပြန်လည် ကျင်းပရေးမှာ မဖြစ်နိုင်သေးကြောင်း ချက်ချင်း ပြောကြားခဲ့သည်။
အိမ်ဖြူတော် သတင်း ထုတ်ပြန်ရေး တာဝန်ခံ Robert Gibbs က မြောက်ကိုရီးယားအား ရန်လိုသည့် လုပ်ရပ်များ ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး၊ တောင်ကိုရီးယား၏ ပြန်လှန် ခုခံ ကာကွယ်မှုအား ခိုင်မာစွာ ကာကွယ် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးကို အင်္ဂါနေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့တွင် ကျင်းပဖွယ် ရှိကြောင်း ပြင်သစ် သံတမန် သတင်းတစ်ရပ်က ပြောသည်။
တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် မြောက်ကိုရီးယား လက်နက်ကြီး ကျည်ဆံများသည် Yeonpyeong ကျွန်း၏ ရေပြင်သို့ ဒေသဆိုင်ရာ စံတော်ချိန် ၁၄၃၄ (၀၅၃၄ GMT) တွင် စတင် ကျရောက်ခဲ့သည်ဟု ဆိုသည်။
ကျွန်းပေါ်သို့ အလုံး (၅၀) ခန့် တိုက်ရိုက် ထိမှန်ပြီး၊ အများစုမှာ ကျွန်းပေါ်ရှိ တောင်ကိုရီးယား စစ်တပ် ဌာနချုပ်ကို ထိမှန်ခဲ့သည်။ ထို့ကြောင့် တောင်ကိုရီးယား မရိန်းတပ်သား (၁၆) ဦးနှင့် အရပ်သား (၃) ဦး ဒဏ်ရာ ရရှိခဲ့သည်။
ကျွန်းပေါ်တွင် နေထိုင်သူ တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားရာတွင် လက်နက်ကြီး ထိမှန်မှုကြောင့် အိမ်ဒါဇင်ပေါင်း များစွာ ပျက်စီးခဲ့သည်ဟု ဆိုသည်။ ရုပ်မြင်သံကြား ဓာတ်ပုံများတွင် ကျွန်းပေါ်၌ မီးခိုးလုံးကြီးများ တက်နေသည်ကို တွေ့ကြရသည်။
"အိမ်တွေနဲ့ တောင်တွေပေါ်မှာ မီးလောင်နေပြီး လူတွေဟာ ကြောက်လို့ ထွက်ပြေး ကုန်ကြပါပြီ" ဟု ကျွန်းပေါ်ရှိ မျက်မြင် သက်သေ တစ်ဦးက YTN ရုပ်မြင်သံကြား သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Yoon Kwan-seok က ပြောကြားရာတွင် ပစ်ခတ်မှုများမှာ တစ်နာရီခန့် ကြာပြီးမှ ရုတ်တရက် ရပ်သွားသည်ဟု ဆိုသည်။
"ကျွန်းပေါ်မှာ နေထိုင်သူ ၁၆၀၀ ကျော်ကတော့ လုံခြုံရာကို ပြောင်းရွှေ့ပေးခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
တောင်ကိုရီးယား စစ်တပ်က လက်နက်ကြီး အချက် (၈၀) ခန့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း မြောက်ကိုရီးယားဖက်မှာ အထိအခိုက် မည်မျှ ရှိသည်ကိုမူ မသိရှိရချေ။
တောင်ကိုရီးယား တိုက်လေယာဉ်များကလည်း ကျွန်းပေါ်တွင် နေရာယူထားသည်။ ထိုကျွန်းသည် ကိုရီးယား နှစ်နိုင်ငံကြား အငြင်းပွားနေသော ရေပိုင်နက်၏ တောင်ဖက် ၃ ကီလို (၁.၈ မိုင်) အကွာတွင် ရှိသည်။
တောင်ကိုရီးယား သမ္မတ Lee Myung-bak က ၎င်း၏ စစ်တပ်သို့ အမိန့်ပေးထားခဲ့ရာ အကယ်၍ မြောက်ကိုရီးယားတို့က ထပ်မံ တိုက်ခိုက်လာပါက လက်တုန့်ပြန်ရန် အမိန့် ပေးထားသည်ဟု ၎င်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။
အစောပိုင်း သမ္မတရုံးက ပြောကြားရာတွင် "မြောက်ကိုရီးယား၏ Yeonpyeong ကျွန်းကို ပစ်ခတ်ခြင်းသည် လက်နက်ဖြင့် ရန်စခြင်း ဆိုတာ ရှင်းပါတယ်" ဟု ပြောသည်။
သို့သော် မြောက်ကိုရီးယား၏ စစ်ဦးစီးချုပ်က ထိုကိစ္စအတွက် တောင်ကိုရီးယား အပေါ် အပြစ်တင်ခဲ့သည်။
"ရန်သူ တောင်ကိုရီးယားတွေဟာ ကျွန်တော်တို့ သတိပေး နေတဲ့ကြားက Yeonpyeong ကျွန်း အနီးက ကျွန်တော်တို့ရဲ့ ရေပိုင်နက်ထဲကို ၁၃၀၀ နာရီ (၀၄၀၀ GMT) မှာ လက်နက်ကြီးတွေနဲ့ စတင် ပစ်ခတ်ခဲ့ပါတယ်" ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ပြောခဲ့သည်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
"အကယ်၍ ရန်သူ တောင်ကိုရီးယားဟာ ကျွန်တော်တို့ ပင်လယ် ပိုင်နက်ကို တစ်မီလီမီတာပင် ကျူးကျော်လာပါက မဆိုင်းမတွ မညှာမတာ ပြန်လည် တိုက်ခိုက်ပါ့မယ်" ဟု မြောက်ကိုရီးယားတို့က သတိပေးခဲ့သည်။
"ရန်စမှုတွေကို မိုးကြိုးသွားလို ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ရပ်ဆိုင်အောင် ပြုလုပ်တာဟာ ကျွန်တော်တို့ စစ်တပ်ရဲ့ ရိုးရာပါပဲ" ဟု ၎င်းတို့က ဆိုသည်။
တောင်ကိုရီးယား စစ်တပ် တာဝန်ရှိသူများက နောက်ပိုင်းတွင် ပြောကြားခဲ့သည်မှာ ထိုအဖြစ်အပျက် မတိုင်မီ ၎င်းတို့သည် ပုံမှန် စစ်လေ့ကျင့်ခန်းများကို ပြုလုပ်နေခဲ့ပြီး၊ မြောက်ကိုရီးယားကို ရည်ရွယ်ပြီး ပစ်ခတ်ခဲ့ခြင်း မရှိဟု ဆိုသည်။
ရုရှား၊ အီးယူနှင့် ဗြိတိန်တို့မှ မြောက်ကိုရီးယားအပေါ် ရှုတ်ချမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်း၏ အဓိက မဟာမိတ် တရုတ်ကမူ မြောက်ကိုရီးယား အပေါ် အပြစ်တင်ရန် ငြင်းဆန်ခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေး အတွက် ပိုမို လုပ်ဆောင်သင့်သည်ဟု ဆိုခဲ့သည်။
"အခု အရေး အကြီးဆုံးကတော့ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်စဖို့ပါပဲ" ဟု Hong Lei က Beijing တွင် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဂျပန် ဝန်ကြီးချုပ် Naoto Kan ကလည်း ၎င်း၏ ဝန်ကြီးများအား ဖြစ်လာမည့် အဆိုးများ အတွက် ပြင်ဆင်ထားရန် အမိန့်ပေးထားသည်ဟု ဆိုသည်။
"ကျွန်တော်က ပြင်ဆင်မှုတွေ လုပ်ထားဖို့ အမိန့်ပေးထားပါတယ်။ ဒါမှသာ မမျှော်လင့်ပဲ ဖြစ်လာ တာတွေကို ကြံ့ကြံ့ခံ ပြန်လည် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်" ဟု ဂျပန် ဝန်ကြီးချုပ်က တိုကျိုတွင် ပြုလုပ်သော အရေးပေါ် ကက်ဘိနက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ယခု ကိစ္စသည် ကြီးမားသော အန္တရာယ် ဖြစ်ကြောင်း၊ တိုက်ခိုက်မှု နောက်ကွယ်တွင် ကြီးမားသော တာဝန်ယူရမှုများ ရှိကြောင်း သတိပေးခဲ့သည်။
ဆိုးလ်ရှိ BBC သတင်းထောက် John Sudworth က ပြောကြားရာတွင် ယခု ကိစ္စသည် နိုင်ငံတကာ ငွေကြေး ဈေးကွက်အပေါ် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်စေကြောင်း၊ အဘယ်ကြောင့် ဆိုသော် ကိုရီးယား ဝမ်ရော ဂျပန်ယန်းပါ ကျဆင်းလျက် ရှိသည်ဟု ဆိုသည်။ သို့သော် တောင်ကိုရီးယား မြို့တော်တွင်မူ စိုးရိမ် ကြောက်ရွံ့မှု လက္ခဏာများ မတွေ့ရဟု ဆိုသည်။
ယခု ဖြစ်ပွားသော ရေပိုင်နက်သည် အနောက်ဖက် ကန့်သတ်မျဉ်း (Northern Limit Line) အဖြစ် လူသိ များပြီး ယခင်ကလည်း မကြာခဏ ရန်ဖြစ်မှုများ ရှိခဲ့သည်။
မတ်လက ထိုပိုင်နက် အနီးတွင် တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့ရာ လူ (၄၆) ဦး သေဆုံးခဲ့ပြီး၊ နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများက မြောက်ကိုရီးယား တော်ပီဒိုကြောင့်ဟု ဆိုခဲ့သော်လည်း၊ မြောက်ကိုရီးယားကမူ ငြင်းဆိုခဲ့သည်။ ထိုအချိန်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာလာခဲ့ခြင်း ဖြစ်သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.