Transparency Myanmar

transparency.myanmar@gmail.com

The Nation, 22nd November 2010

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပြီးနောက် ကမ္ဘာတလွှားမှ သတင်း ခေါင်းစဉ်သစ်များကို မီဒီယာ အင်တာဗျူး များစွာဖြင့် နေရာ ယူလိုက်သည်။ လာမည့် လပိုင်း၊ နှစ်ပိုင်းအတွင်း သူမ၏ တိုင်းပြည်နှင့် လူထုအတွက် သူမ လုပ်ဆောင် ပေးချင်သမျှ အရာရာကို ဖော်ပြခဲ့သလို စစ်အစိုးရက သူမအား နောက်တစ်ကြိမ် မဖမ်းဆီးရေး အချက်လည်း ပါဝင်သည်။

သို့သော်လည်း သူမ ကျော်လွှား သွားခဲ့သည့် အကြောင်းအရာ တစ်ခု ရှိသည်။ အားလုံးအသိ အာဆီယံပင် ဖြစ်သည်။ လွန်ခဲ့သည့် ၁၅နှစ်လုံးလုံး သူမနှင့် ဆက်သွယ်ရန် ငြင်းဆန်ခဲ့သော အာဆီယံ အဖွဲ့၏ အကြောင်းကို အထက်ပါ အင်တာဗျူးများတွင် လုံးဝ ထည့်သွင်း ပြောကြားသွားခဲ့ခြင်း မရှိပါ။ ၁၉၉၅ ခုနှစ်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများထံ သူမပေးပို့သည့် စာမှာလည်း ယခုအထိ ပြန်ကြားခြင်း မရှိသေးပါ။ အမှန်တကယ်ပင် နှစ်ဖက်စလုံးသည် အမှားဖြင့် စတင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုစဉ်က သူမနှင့် စစ်အစိုးရ အကြားတွင် အာဆီယံ၏ အသိအမှတ် ပြုခံရရေး ပြိုင်ဆိုင်မှု တစ်ခုမျှသာ ရှိနေသည်။ သူမ ပထမဆုံး အကြိမ် လွတ်မြောက်ခဲ့ပြီး ၂ ပတ် အတောအတွင်း အာဆီယံ ခေါင်းဆောင်များနှင့် တိုက်ရိုက် ဆက်သွယ် လိုခဲ့ခြင်း ဖြစ်သကဲ့သို့ မြန်မာ အစိုးရကလည်း အာဆီယံ တင်းပြည့် အဖွဲ့ဝင် ဖြစ်လာရေး လမ်းကြောင်းအတွက် ဘရူနိုင်းတွင် ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို လက်မှတ် ထိုးရန် ပြင်ဆင် နေချိန် ဖြစ်သည်။ သံသယ ရှိစရာ မလိုပါ၊ အာဆီယံက စစ်အစိုးရ ဖက်ကို ရွေးချယ်ခဲ့သည်။

ထိုအချိန်က သူမသည် အာဆီယံ၏ ကဏ္ဍကို အလွန်အကျွံ စိတ်ဝင်တစား အားကိုးခဲ့ပြီး အာဆီယံ အဖွဲ့က သူမကို ကူညီနိုင်မည့် အပြင် မြန်မာနိုင်ငံကို လမ်းကြောင်း မှန်အောင် ထိန်းကျောင်း ပေးနိုင်မည်ဟု ကြောင်းကျိုး ဆင်ခြင်မှု မရှိပဲ စဉ်းစားခဲ့ခြင်း ဖြစ်သည်။ ၁၉၆၇ ခုနှစ် အာဆီယံ မထူထောင်မီကပင် မြန်မာနိုင်ငံကို အာဆီယံ စတင် ထူထောင်သူ အဖွဲ့ဝင် ဖြစ်လာရန် ထိုင်းနိုင်ငံက ချဉ်းကပ်ခဲ့သည်။ အမြဲတမ်း ကြားနေရေး မူဝါဒကို ကိုးကား၍ ထိုစဉ်က ခေါင်းဆောင် ဦးနေဝင်းက အာဆီယံသို့ ပူးပေါင်းရေး အစီအစဉ်ကို ငြင်းပယ်ခဲ့ပြီး၊ ဖွဲ့စည်းမည့် အုပ်စုသည် အမေရိကန် ပြည်ထောင်စု၏ ထိန်းချုပ် ကိရိယာ တစ်ခုသာ ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ ထိုအချိန်မှ နှစ်ပေါင်း ၃၀ကြာသော အချိန်တွင်မူ တရုတ်နိုင်ငံ၏ သြဇာ ကြီးထွားလာမှုကို အလျင်စလို စိုးရိမ် နေရသောကြောင့် မြန်မာ နိုင်ငံကို အာဆီယံက အဖွဲ့ဝင်အဖြစ် လက်ခံလိုက်သည်။ အဆိုပါ ကိစ္စတွင် မြန်မာ နိုင်ငံကို အနောက် နိုင်ငံများက ပြင်းထန်စွာ ပြစ်တင် ဝေဖန်နေမှုကို ဆန့်ကျင်၍ အာဆီယံ၏ သံတမန်ရေး လွတ်လပ်ခွင့်ကို သိသိ သာသာ အသုံးပြုကာ ဝင်ခွင့် ပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်မှ စ၍ အာဆီယံနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒေသ၏ ရွေ့လျားမှု ပုံစံ အသစ်နှင့် သူမ၏ နိုင်ငံရေး ပြည့်ဝ ရင့်ကျက်မှုတို့ကို အသီးသီး ထင်ဟပ်နေသည့် ကိုယ်ပိုင် လမ်းကြောင်းများကို ကူးပြောင်း လျှောက်လှမ်းခဲ့ကြသည်။ မြန်မာနှင့် လာအို နိုင်ငံတို့ ဝင်ရောက်ခဲ့ပြီး ၁၀ နှစ်ခန့် ကြာလာချိန်တွင်မူ အာဆီယံ အဖွဲ့သည် စည်းမျဉ်း အခြေပြု အဖွဲ့အစည်း တစ်ခု ဖြစ်လာစေရန် လုံလောက်သော စိတ်ချ ယုံကြည်မှု ရှိလာခဲ့သည်။ လွန်ခဲ့သော ၂ နှစ်အတွင်း နာဂစ် အလွန်ကာလတွင် အာဆီယံ ဦးဆောင်သည့် လူသားချင်း စာနာသော ကူညီမှု အစီအစဉ်များ ရှိခဲ့သော်လည်း အာဆီယံ၏ အတူတကွ တာဝန်ယူရေး စိတ်ကူးသစ်ကို  လိုက်နာရန် လိုလားမှုကို မြန်မာနိုင်ငံက ယခုတိုင် ပြသခြင်း မရှိသေးပါ။

လတ်တလောတွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံ သံတမန်တချို့ တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ မကြာမီ အတောအတွင်း သူမနှင့် အာဆီယံ သံအမတ်များ အကြား တွေ့ဆုံရန် စီစဉ်မှုများကို ပြုလုပ်ကြမည် ဖြစ်သည်။ ၁၉၉၅ ဇူလိုင်လတွင် ထိုသို့ တွေ့ဆုံရန် ထိုင်းနိုင်ငံက ကမကထ ပြုခဲ့သော ပထမအကြိမ် ကြိုးပမ်းမှုမှာမူ စစ်အစိုးရ၏ အပြင်းအထန် ကန့်ကွက်မှုကြောင့် ပျက်ပြား သွားခဲ့ရသည်။ ထိုစဉ်က မြန်မာနိုင်ငံရောက် ထိုင်းကိုယ်စားလှယ် ဖိုဆက်နီလူဘောက အာဆီယံသည် မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင် အဖြစ် စည်းကမ်း သတ်မှတ်မှုမရှိ ဝင်ခွင့် မပြုရန် စည်းလုံးနိုင်မည့် အခွင့်အလမ်းကို ဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလည်အလတ် အင်အားစုသာ ဖြစ်နိုင်မည်ဟု ၎င်းက ဆိုခဲ့သည်။

အာဆီယံ ကိုယ်စားလှယ်များသည် တစ်ဦးချင်း အနေဖြင့် သူမနှင့် တွေ့ဆုံကာ သဘောထား တီးခေါက် ကြည့်နိုင်သည်။ ယင်းကဲ့သို့ တွေ့ဆုံမှုမျိုးကို တားမြစ်သည့် စည်းကမ်းချက်များ အာဆီယံ ချာတာတွင် မပါဝင်ပါ။ ယခုကဲ့သို့ အရေးပါသော လုပ်ငန်းမျိုးကို ထိုင်းနိုင်ငံ အနေဖြင့် နောက်ဆုတ် ရှောင်ဖယ် မနေသင့်ပါ။ အဆိုပါ ကိစ္စမျိုးနှင့် ပတ်သက်၍ ကမ္ဘောဒီးယား နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများမှ ပြည်တွင်း ပလေယာများနှင့် တွေ့ဆုံခြင်းဖြင့်  အဖုံးအကာများကို တွန်းဖယ် ထုတ်ခဲ့သည်ကို တွေ့ရသည်။ ဧပြီလက ဂျကာတာတွင် ကျင်းပသော ဒီမိုကရေစီ ဆိုင်ရာ နိုင်ငံတကာ ညီလာခံ၏ အဝန်းအဝိုင်းတွင် သမ္မတ ဆူစီလိုဘမ်ဘန်းယူဒိုအိုနို က အန်နဝါ အီဘရာဟင်နှင့် အလွတ်သဘော အသေးစိတ် တွေ့ဆုံ ဆွေးနွေးခဲ့သည်ကိုလည်း တွေ့မြင်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် အတွက်မှာမူ ထင်ရှား ကျော်ကြားသော အာဆီယံပြည်သူ တစ်ဦး အနေဖြင့် တစ်ဦးတည်းသော နိုဘယ်ဆုရှင်၊ ဝါရင့် အမျိုးသမီးခေါင်းဆောင်စသော သူမ၏ အဆင့်အတန်းနှင့် တံခွန်မှာ အတိုင်းထက် အလွန် မြင့်မားလျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စကို ကိုင်တွယ်နေသော အာဆီယံနှင့် လုပ်ပုံကိုင်ပုံ နည်းလမ်းကြောင့် အာဆီယံချာတာကို ဖော်ပြထားသမျှ အားလုံးနှင့် အာဆီယံ၏ လေးစားဖွယ် အထောက် အထားများ အားလုံးသည် အောင်မြင်မှုမရ၊ အသုံးမကျ ဖြစ်လာတော့မည် ဖြစ်သည်။ အာဆီယံ၏ ကတိကဝတ်များကို ရယ်စရာ ကောင်းအောင် အသေအချာ ပြုလုပ်ကြလိမ့်မည်။

အာဆီယံ ခေါင်းဆောင်များ ဝန်ခံဖွယ် ရှိသည်ထက် ပို၍ သူမ၏ ကိုယ်ကျင့်တရား သိက္ခာ အာဏာစက်က ၎င်းတို့ထက် များစွာ ကျော်လွန်နေသည်။ လက်ရှိ အာဆီယံ ပြည်သူ အားလုံးထဲတွင် သူမသည် လူသိ အများဆုံး ခေါင်းဆောင် ဖြစ်သည်။ သူမ၏ ကိစ္စကို ပြန်လည် လေ့လာပြီး အာဆီယံ ပြည်သူများအတွက် လုပ်ဆောင်ပေးရန် တာဝန်ရှိကြောင်း ၎င်းတို့ ကတိပြု ထားသည့် နည်းလမ်းဖြင့် ကိုင်တွယ်ရန် အာဆီယံ ခေါင်းဆောင်များကို သူမအနေဖြင့် စိန်ခေါ်နိုင်သည်။ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း နည်းတူ အာဆီယံ ချာတာတွင် "ကျွန်ုပ်တို့ပြည်သူများ" ဟူသော စကားလုံးများနှင့် စတင်ထားခြင်းကို အာဆီယံ ခေါင်းဆောင်များအား သတိပေးရန် မလိုအပ်ပါ၊ ၂၀၀၇ ခုနှစ် အာဆီယံ ချာတာ မူကြမ်း ရေးဆွဲမှု လုပ်ငန်းစဉ်တွင် အဆိုပါ အကောင်းဆုံး ပဋိဥာဉ် စာတမ်းကို သဘော ကွဲလွဲမှု မရှိပဲ အလျင်အမြန် အတည်ပြု ခဲ့ကြပြီး ဖြစ်သည်။

အကယ်၍ သူမသာ ဆန္ဒ ရှိပါက လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဗီယက်နမ် (သို့) လာမည့် နှစ်အတွက် ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံသို့ လိပ်မူသည့် အိတ်ဖွင့် ပေးစာ ရေးသားကာ ယခင်နှင့် ရှင်းရှင်း လင်းလင်း ကွဲပြားသည့် သူမ၏ မှန်ကန်မှု အထက်စီး အနေအထားကို တောင်းဆို ရယူနိုင်သည်။ ၁၉၉၅ ခုနှစ် ဝန်းကျင်က အာဆီယံ၏ ချုပ်ချယ်မှု ရှိသော အနေအထားနှင့် မတူတော့ဘဲ၊ လက်ရှိ အာဆီယံ ပြည်သူ အများစုမှာ ယခင်ကထက် ဒီမိုကရေစီ ဆန်သော ပတ်ဝန်းကျင်တွင် နေထိုင်လျက် ရှိကြသည်။ လက်ရှိ မြန်မာ စစ်ဖက်၏ ပုံစံကို အသုံးပြုခဲ့ဖူးသော အင်ဒိုနီးရှား နိုင်ငံသည် ယခုအခါ ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ၎င်းဘာသာ၎င်း အသွင် ကူးပြောင်းခဲ့သည်။ ဖိလစ်ပိုင်သည်လည်း ဒီမိုကရေစီ တန်ဖိုးများကို တာဝန်ယူသည့် သမ္မတသစ်ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင် အားလုံးသည်လည်း လူထု ဦးစားပေး  အသိုင်းအဝိုင်း အဖြစ် အာဆီယံ အဖွဲ့ကို ပြုလုပ်ရန် ကတိပြုထားကြသည်။

အဆိုပါ လမ်းကြောင်းဖြင့် သူမသည် အာဆီယံ ခေါင်းဆောင်များ၊ သာမန်ပြည်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ် နိုင်ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံတွင် မြန်မာကို ကိုယ်စားပြု၍ ဖြစ်စေ၊ ကမ္ဘာတွင် အာဆီယံကို ကိုယ်စားပြု၍ ဖြစ်စေ၊ အပြုသဘော ဆောင်သော ကဏ္ဍ ၂ ရပ်မှ အမှန်တကယ်ပင် ပါဝင် လုပ်ဆောင်နိုင်သူ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အာဆီယံ ၂ ခုစလုံး၏ ရပ်တည်မှုနှင့် ပုံရိပ်ကို သူမက တိုးတက်စေနိုင်သည်။ သူမ လွတ်မြောက်လာပြီး နောက်ပိုင်း သူမ၏ ပြောဆိုမှုများကို အကဲခတ်မည် ဆိုလျှင် သူမသည် အလည်အပတ် သွားခြင်း၊ အချိန် ဖြုန်းခြင်းများကို ပြုလုပ်မည် မဟုတ်ပဲ တက်ကြွသော လူမှု ဘဝကို အမှန်တကယ် အသေအချာ ထိန်းသိမ်း ထားမည့် လက္ခဏာကို တွေ့ရသည်။ သူမ၏ နိုင်ငံရေး အနာဂတ်သည် နောက်ပိုင်းတွင် ခေါင်းဆောင် ကဏ္ဍကို ရရှိသွားသော ကမ္ဘာတလွှားမှ အခြား အတိုက်အခံ ခေါင်းဆောင်များ၏ လမ်းကြောင်းအတိုင်း တစ်ချိန်ချိန်တွင် လိုက်ပါနိုင် ပါလိမ့်မည်။ ဘာလင်တံတိုင်း ပြိုကျသွားပြီး နောက်တွင် အာဆီယံ အတွင်းမှ ရန်သူများစွာသည် မိတ်ဆွေများအဖြစ်သို့ ပြောင်းလဲ သွားခဲ့ကြသည်။

လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှ ခေါင်းဆောင်များသည် အာဆီယံသို့ ဝင်ရောက်ပြီး နောက်တွင် ၎င်းတို့၏ ယခင်က ရန်သူ ဖြစ်ခဲ့သူများနှင့် ပထမဆုံးအကြိမ် ဆွေးနွေးမှုများကို အလွယ်တကူ ပြုလုပ် ကျင်းပနိုင်ခဲ့ကြသည်။ အဆိုပါ ခေါင်းဆောင်ပိုင်း နားလည် လေးစား ချစ်ခင်မှုမျိုး စတင်ဖြစ်ပေါ်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ အဖွဲ့သည် ထိုသို့ ပြုလုပ်ရန် အတွက် အမျှော်အမြင် ရှိကြလိမ့်မည်ဟု တင်ပြလိုက်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment