Transparency Myanmar

transparency.myanmar@gmail.com

AFP, 24th November 2010

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအား လွန်ခဲ့သော ၁၁ ရက်ခန့်က အထိ အကျယ်ချုပ် ဖမ်းဆီး ထားခဲ့ကြသည့် စစ်ဖက် အာဏာရှင်များ နှင့်အတူ စီးပွားရေး လုပ်နေသည့် အိန္ဒိယ နိုင်ငံကို ဗုဒ္ဓဟူးနေ့က သတင်းစာ အင်တာဗျူး တစ်ခုတွင် ပြစ်တင် ဝေဖန်လိုက်သည်။

၁၉၈၀ ခုနှစ်များက အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ် ဆက်တိုက်မက ထိန်းသိမ်း ခံရပြီးနောက် နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၌ လွတ်မြောက် လာခြင်း ဖြစ်သည်။

အိန္ဒိယ နိုင်ငံသည် သူမအား တစ်ချိန်က အခိုင်အမာ ထောက်ခံသူ ဖြစ်ခဲ့သော်လည်း ၁၉၉၀ ခုနှစ်များ အလယ်ခန့်တွင် လုံခြုံရေးနှင့် စွမ်းအင် ကိစ္စများနှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရနှင့် စတင် ဆွေးနွေး ညှိနှိုင်းခဲ့သည်။ နယူးဒေလီ အစိုးရသည် မြန်မာနိုင်ငံမှ ရေနံနှင့် ဓာတ်ငွေ့သိုက်များကို လိုချင် မက်မောလျက် ရှိသလို အရှေ့တောင် အာရှတွင် တရုတ်နိုင်ငံ၏ သြဇာ ကြီးထွားလာမှုကို တုန့်ပြန်ရန် ဆန္ဒ ပြင်းပြနေသည်။

"အိန္ဒိယ နိုင်ငံကြောင့် စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်မတို့ရဲ့ နောက်မှာ အိန္ဒိယနိုင်ငံ ရပ်တည် ပေးလိမ့်မယ်လို့ပဲ ကျွန်မ ယူဆချင်ပါတယ်။ အိန္ဒိယနိုင်ငံဟာ မဟတ္တမ ဂန္ဒီနဲ့ ဂါဝါဟာလာ နေရူး တို့ရဲ့ အစဉ်အလာ နောက်ကိုသာ လိုက်ရမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က Indian Express သို့ ပြောကြားသည်။

"စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကို ကျွန်မ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အိန္ဒိယ အစိုးရက ကျွန်မတို့ကိုလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု သူမက ဆိုသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော အိန္ဒိယနိုင်ငံသည် ၎င်း၏ အရှေ့ဖက် အိမ်နီးချင်း တိုင်းပြည်မှ အိမ်တွင်းပုန်း စစ်ဖက် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို နိုင်ငံတော် ခရီးစဉ် အဖြစ် ဇူလိုင်လက ကြိုဆိုခဲ့သည်။

ယင်းကဲ့သို့ ဖိတ်ခေါ်မှုကို ဒေါသ ထွက်ခဲ့ကြသော လူ့အခွင့်အရေး အုပ်စုများက အိန္ဒိယနိုင်ငံသည် ၎င်း၏ ကုန်သွယ် ဆက်ဆံရေး တိုးတက်စေရန်နှင့် တရုတ်နိုင်ငံကို ယှဉ်ပြိုင်ရန် အတွက် ဒီမိုကရေစီ စည်းမျဉ်းများကို ဖောက်ဖျက်လျက် ရှိသည်ဟု ပြောကြားခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားကလည်း ယခုလ အစောပိုင်းက အိန္ဒိယနိုင်ငံ ခရီးစဉ်တွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက် ညှင်းပန်းမှုများကို ပြစ်တင် ရှုတ်ချရန် ပျက်ကွက်မှု အတွက် အိန္ဒိယနိုင်ငံကို ဝေဖန်ခဲ့သည်။

"အခု မြန်မာနိုင်ငံမှာ ဖြစ်နေသလိုမျိုး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ဖိနှိပ်ခံရတဲ့ အချိန်မှာ ကမ္ဘာပေါ်က ဒီမိုကရေစီ နိုင်ငံတွေက အသံ တိတ်နေဖို့ မဖြစ်နိုင်ပါဘူး" ဟု အိုဘားမားက အိန္ဒိယ ပါလီမန်သို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ လွတ်မြောက်လာပြီးနောက် အင်တာနက် ချိတ်ဆက်ခွင့် ရရန်အတွက် လျှောက်ထားကြောင်းနှင့် လူမှုကွန်ယက် ဝက်ဘ်ဆိုဒ်များ ဖြစ်သော Facebook နှင့် Twitter တို့မှတဆင့် သူမအား ထောက်ခံသူများနှင့် ဆက်သွယ်နိုင်ရန် မျှော်လင့်နေကြောင်း သတင်းစာသို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment