Transparency Myanmar

transparency.myanmar@gmail.com

( Reuters သတင်းဌာနမှ 12 Jan 2011 ရက်စွဲပါ "Gates. No daubt on Civillian control on China military" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

ရေဒါပျောက် စတဲ့လ် ဂျက်တိုက် လေယာဉ် စမ်းသပ် ပျံသန်းမှုကို တရုတ် အရပ်ဖက် ခေါင်းဆောင်များ မသိရှိကြောင်း ရှင်းရှင်း လင်းလင်း ကြားသိရပြီးနောက် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က တရုတ် သမ္မတ ဟူကျင်းတောင်သည် ၎င်းနိုင်ငံ စစ်ဖက်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စုက သံသယ မရှိကြောင်း ပြောကြားလိုက်သည်။

အဆိုပါ စမ်းသပ် ပျံသန်းမှုသည် တရုတ်နိုင်ငံ၏ စစ်လက်ရုံး ကြီးထွားမှုကို ပြသခြင်း အဖြစ် ရှုမြင်လျက် ရှိကြပြီး၊ တရုတ် သမ္မတ ဟူကျင်းတောင် လာမည့် အပတ် အမေရိကန် ပြည်ထောင်စု ခရီးစဉ် မတိုင်မီ ကြိုတင် လာရောက်သော ရောဘတ်ဂိတ်စ်၏ ချစ်ကြည်ရေး ပေါင်းကူး ခရီးစဉ် အပေါ်တွင်လည်း တစိတ်တပိုင်း လောင်းရိပ် မိုးခဲ့သည်။

၎င်းဖြစ်ရပ်သည် စိုးရိမ် ပူပန်စရာ ဖြစ်၍ စစ်ရေးကိစ္စများ အပေါ် အရပ်ဖက်နှင့် စစ်ဖက် တာဝန်ရှိသူများ၏ အမေရိကန်-တရုတ် ဒိုင်ယာလော့ ဆွေးနွေးမှု အရေးကြီးပုံကို ထင်ဟပ်နေသည်ဟု ရောဘတ်ဂိတ်စ်က ပြောကြားသည်။

တရုတ် အရပ်ဖက် ခေါင်းဆောင်များ အသေးစိတ် မသိရှိနိုင်သော၊ သီးသန့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည့် သာဓကများကို မိမိတို့ တွေ့မြင်ရသည်ဟု ယုံကြည်ကြောင်း ရောဘတ်ဂိတ်စ်က ပြောဆိုခဲ့သည်။

"ဒါပေမယ့် အလုံးစုံ ထိန်းချုပ်ထားမှု အနေအထားအရ သမ္မတဟူနှင့် အရပ်ဖက် ခေါင်းဆောင်များ၏ အပြည့်အဝ သြဇာ သက်ရောက်မှုကို မိမိတို့ လုံးဝ သံသယ မရှိပါ" ဟု ဂိတ်စ်က ဆိုသည်။

သမ္မတ ဟူနှင့် အရပ်ဖက် ခေါင်းဆောင်များသည် အင်္ဂါနေ့က ရောဘတ်ဂိတ်စ်နှင့် တွေ့ဆုံချိန်တွင် ထိုနေ့ အစောပိုင်းက စတဲ့လ် တိုက်လေယာဉ် ပထမဆုံး စမ်းသပ် ပျံသန်းမှုနှင့် ပတ်သက်၍ သိရှိခြင်း မရှိကြဟု အမေရိကန် အရာရှိများက ပြောကြားသည်။

ရောဘတ်ဂိတ်စ်က လွန်ခဲ့သော ၃ နှစ်က ဂြိုလ်တု ဖျက်လက်နက် စမ်းသပ်မှု အပါအဝင် အခြား ဖြစ်ရပ်များကို ကိုးကားကာ "တရုတ် အရပ်ဖက် ခေါင်းဆောင်များ အနေဖြင့် တခါတရံတွင် မသိလိုက်သည့် အဖြစ်မျိုး ရှိနိုင်သော်လည်း ၎င်းတို့က ဗျူရိုကရေစီ အမှားအယွင်းများကို အကြောင်းပြ ရှင်းလင်းကြဖွယ် ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

ရောဘတ်ဂိတ်စ်က ဆက်လက်၍ "ခြုံငုံ ပြောရရင်တော့ ဒါဟာ စိုးရိမ် ပူပန်စရာ တစ်ခုပါ။ နှစ်နိုင်ငံစလုံးက အရပ်ဖက်နဲ့ စစ်ဖက် ကိုယ်စားလှယ် နှစ်ဖွဲ့စလုံးနဲ့ ထိရောက်တဲ့ ထိပ်တန်းအဆင့် အရပ်ဖက်၊ စစ်ဖက် ဆွေးနွေးပွဲ ပြုလုပ်ဖို့ အတွက် ကျွန်တော် ကြိုးစားပမ်းစား တွန်းအားပေးခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ထိပ်ပိုင်းအဆင့် အရပ်ဖက်၊ စစ်ဖက် တာဝန်ရှိသူတွေ ပါဝင်တဲ့ စစ်ရေး၊ လုံခြုံရေး ကိစ္စဆိုင်ရာ ဖိုရမ် ဆွေးနွေးပွဲတွေ လောလောဆယ် မရှိတဲ့ အချက်ပါပဲ" ဟု ပြောကြားသည်။

ထို့အပြင် ရောဘတ်ဂိတ်စ်က တရုတ် စစ်ဖက်၏ ဆိုက်ဘာနှင့် ဂြိုလ်တုဖျက် စစ်စွမ်းရည် နည်းပညာ တိုးတက်မှုများသည် အမေရိကန် တပ်ဖွဲ့များ၏ ပစ္စဖိတ် သမုဒ္ဒရာ အတွင်း စစ်ဆင်ရေး စွမ်းရည်ကို စိန်ခေါ်နိုင်ဖွယ် ရှိကြောင်း သတိပေးခဲ့ခြင်းကြောင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ စစ်အင်အား ပြုပြင် တည်ဆောက်မှု အပေါ် စိုးရိမ် ပူပန်မှုများ အသစ် ထပ်မံ ထွက်ပေါ်လာသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment