Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် ရဟတ်ယာဉ် ရပ်နားစခန်းများ ဆောက်လုပ်ပြီး လမ်းပန်း ဆက်သွယ်ရေး စနစ်များလည်း ပိုမို ကောင်းမွန်အောင် လုပ်ဆောင်သွားရန် နယူးဒေလီ အစိုးရက စီစဉ်လျက် ရှိသည်။ အဆိုပါ အစီအစဉ်မှာ နယ်စပ် ဒေသသို့ တပ်များ အမြန် စေလွှတ်နိုင်ရေးနှင့် နယ်ခြား ဒေသစောင့်တပ် (BSF) များ အတွက် အခြားသော အထောက်အပံ့များ လွယ်ကူစွာ ထောက်ပံ့နိုင်ရေး အတွက် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ် အရ နယ်ခြားဒေသ စောင့်တပ်တွင် တပ်ရင်းပေါင်း ၄၁ ရင်း ထပ်မံ ဖြည့်စွက်သွားမည် ဖြစ်ကြောင်း၊ နယ်ခြားစောင့် တပ်များကို ယခုအခါ မြန်မာ နယ်စပ်နှင့် ကပ်လျက်ရှိသော ဒေသတွင် ဖြန့်ကျက်ထားကြောင်း အစိုးရက ဆိုသည်။ PTI သတင်းအေဂျင်စီက နယ်ခြားဒေသ စောင့်တပ်အနေဖြင့် တပ်ဖွဲ့ဝင်အင်အား ၄၁၀၀၀၊ တပ်ရင်းဌာနချုပ် လေးခု၊ နယ်မြေ ဌာနချုပ် ၁၁ ခု တိုးမြင့် ရရှိမည် ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ အနေအထားတွင် နယ်ခြား စောင့်တပ်သည် ၁၆၄၀ ကီလိုမီတာ ရှည်လျားသော ရှေ့တန်း နေရာများကို စောင့်ကြပ်လျက် ရှိသည်။

"နယ်ခြားစောင့်တပ်နှင့် အာသံပြည်နယ် စောင့်တပ်တို့ ပူးပေါင်းပြီး လုံခြုံရေးဆိုင်ရာ အစီရင်ခံစာ တစ်ရပ်ကို ပြည်ထဲရေး ဝန်ကြီးဌာနကို ပေးပို့ခဲ့တာပါ။ အဲဒီ အစီရင်ခံစာထဲမှာ ရဟတ်ယာဉ်ကွင်းတွေ ဆောက်လုပ်ဖို့၊ လမ်းပန်း ဆက်သွယ်ရေး ကွန်ယက်တွေ ကောင်းမွန်အောင် မြှင့်တင်သွားဖို့ အဆိုပြု ထားပါတယ်။ လုံခြုံရေး အားနည်းချက် ရှိတဲ့ နေရာတွေမှာ ဆောက်လုပ်ဖို့ အဆိုပြုတာ ဖြစ်ပါတယ်" ဟု အဆိုပါ အခြေအနေနှင့် ပတ်သက်၍ အနီးကပ် သိရှိထားသော သတင်း ရင်းမြစ်က ဆိုသည်။

"အဆိုပြုချက်ကို ပြည်ထဲရေး ဌာနက အသေအချာ အကဲဖြတ်နေပြီး နယ်ခြားဒေသ စောင့်တပ် အင်အား ကြီးမားလာရေး အတွက် အတည်ပြုချက် ပေးဖို့လုပ်နေပါတယ်။ နယ်ခြားစောင့်တပ် အနေနဲ့လည်း တာဝန် အသစ်တွေ ရယူလာရပါလိမ့်မယ်" ဟု ဆိုသည်။ အာသံပြည်နယ် စောင့်တပ်မှ
တပ်ရင်း အများစုမှာ အိန္ဒိယနိုင်ငံ အတွင်း တည်ရှိပြီး အနည်းငယ်မျှသာ နယ်ခြား ဒေသတွင် တည်ရှိရာ လက်နက်ကိုင် သူပုန်များ အနေဖြင့် မြန်မာနိုင်ငံတွင် စခန်းချ နေထိုင်ကာ အိန္ဒိယနိုင်ငံထဲသို့
အသာတကြည် ဝင်ရောက် လာနိုင်ကြောင်း သိရသည်။

သို့အတွက်ကြောင့် နယ်ခြားဒေသ စောင့်တပ်က မြန်မာနိုင်ငံနှင့် ထိစပ်နေသော ဒေသများတွင် စစ်အခြေစိုက် စခန်းများ တည်ဆောက်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။ အိန္ဒိယနယ်ခြား ဒေသ စောင့်တပ်သည် လက်ရှိ အနေအထားတွင် ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသများ၌ စောင့်ကြပ်လျက် ရှိပြီး တပ်ရင်း ၁၀ ခုခန့်ကို မော်ဝါဒီသူပုန်များ ကြီးစိုးရာ အလယ်ပိုင်းနှင့် အရှေ့ အိန္ဒိယ ဒေသအပါအဝင် အရှေ့မြောက် ဒေသများ၌ တပ်ဖြန့်ထားသည်ဟု ဆိုသည်။ အာသံပြည်နယ် စောင့်တပ်သည် ၂၀၀၂ ခုနှစ်တွင် မြန်မာ နယ်စပ်ဒေသ တစ်လျှောက် စောင့်ကြပ်ရန် တာဝန်ပေးခြင်း ခံခဲ့ရသည်။ ထိုစဉ်က အာသံတပ်တွင် တပ်ခွဲပေါင်း ၃၀ ခန့် ရှိခဲ့သည် ဟု ဆိုသည်။

PTI သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment