Transparency Myanmar

transparency.myanmar@gmail.com

စစ်ဘက်အုပ်ချုပ်ရေးအလွန် အရပ်ဘက်အုပ်ချုပ်ရေးပြောင်းလဲခြင်း(၅)

            အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံများတွင် စစ်ဘက်-အရပ်ဘက်ပြောင်းလဲမှုနှင့်ပတ်သက်၍ အနည်းငယ်တင်ပြလိုပါသည်။ အာဖရိကသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ အကွဲကွဲအပြားပြားဖြစ်နေသော လက်နက်ကိုင်တပ်ဖွဲ့များမှာ စုစည်းမှုမရှိနိုင်ခြင်း၊ ရောဂါကပ်ဆိုးများနှင့် လူမျိုးစုပဋိပက္ခများသည် တိုင်းပြည်ကို တည်ငြိမ်မှုကင်းမဲ့စေခဲ့သည်။ ထို့ပြင် ၎င်းနိုင်ငံများ၏  နိုင်ငံခြားကြွေးမြီထူပြောမှု ၊ ပြည်ပဈေးကွက် ပျောက်ဆုံး မှုများက တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်းများနှင့်အတူ တိုင်းပြည်ကို အကျပ်အတည်း အတွင်း ပိုမိုရောက်ရှိ စေခဲ့သည်။ အကွဲကွဲအပြားပြားဖြစ်နေသော လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံရေးအရ၊ ပုဂ္ဂိုလ်ရေးအရ၊ လူမျိုးရေးအရသာ သစ္စာခံသည့်ပုံစံတွင်ရှိခဲ့သည်။ စစ်အေးတိုက်ပွဲပြီးဆုံးသွားသောအခါတွင် အင်အားကြီး နှစ်နိုင်ငံက အာဖရိကတွင် ၎င်းတို့အကျိုးစီးပွားအတွက် အခွင့်အလမ်းမရှိတော့၍ အာဖရိကတပ်ဖွဲ့များကို အကူအညီပေးမှုရပ်ဆိုင်းလိုက်ခြင်း၊ ဒီမိုကရေစီဖြစ်စဉ်ကို စမ်းတဝါးဝါးကူးပြောင်းလိုသော အာဖရိကနိုင်ငံ များရှိလာခြင်းက အာဖရိကဒီမိုကရေစီဖြစ်စဉ်နှင့် စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးကို ပြောင်းလဲလာစေ ခဲ့သည်။ တောင်အာဖရိကသည် ထိုဖြစ်စဉ်ကို အကောင်းဆုံးဥပမာပြခဲ့သည်။ ၁၉၉၄ ခုနှစ် အစောပိုင်းကာလ တွင် တောင်အာဖရိက ကာကွယ်ရေးတပ်ဖွဲ့ (SADF) သည် လူမည်းများအတွက် သီးသန့် သတ်မှတ်သည့်နေရာရှိ ဘိုဖြူသာတ်စ်ဝါနာ (Bothuthatswana ) မှ လက်ျာကျေးလက် အာဖရိကန်တို့၏ ပုန်ကန်မှုကို ထိန်းသိမ်းခဲ့သည်။ ဂိုဏ်းကွဲမှုနှင့် လူမျိုးစုအကြမ်းဖက်မှုတို့ ကြောင့် အရှေ့ရဲဒ် (East Rand) နှင့် ကွာဇူလာနေတယ် (KwaZula-Natal) နေရာတို့တွင် မတည်မငြိမ်ဖြစ်ခဲ့ရသည်များကို ဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှုရှိလာစေရန် ကူညီခဲ့သည်။ ထို့အပြင် တောင်အာဖရိက ကာကွယ်ရေးတပ်ဖွဲ့ (SADF)သည် ၁၉၉၄ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလအတွင်း လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရသောမဲပြားများ ဖြန့်ဝေခြင်းတွင် ကူညီခဲ့ သည်။ သို့ရာတွင် စစ်တပ်များကို အင်အားလျော့ချရင်၊ လုံခြုံရေးတပ်ဖွဲ့များသို့အသွင်ပြောင်းပေးရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအတွင်း အကျင့်သိက္ခာကောင်းမွန်သည့် စိတ်ဓါတ်ရေးရာများ မြှင့်တင်ရန်အတွက် ထောက်ကူပေးရန်၊ အားကောင်းသော ကာကွယ်ရေးမူဝါဒများ ချမှတ်ရန်အတွက် ကူညီရန်၊ အရပ်ဘက် ဒီမိုကရေစီ အဖွဲ့အစည်းများ၏ ဦးဆောင်မှုအောက်တွင် စစ်တပ်မှ ရှိနေစေရန် တို့အတွက် အားကောင်းသော ခေါင်းဆောင်မှုကို လိုအပ်နေပါသေးသည်။

            အရှေ့ဥရောပမှ ပိုလန်နိုင်ငံကိုကြည့်လျှင်မူ ပိုလန်တွင် စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကြီးမားစွာပါဝင်မှုကို စစ်အေးကာလအလွန်အထိ လက်ခံထားပြီး  စစ်တပ်သည်ပြည်သူ၏ လေးစားမှုကို ကောင်းစွာရရှိသည်။ ယနေ့အီဂျစ်တွင်ရှိသည့် ပြည်သူက နိုင်ငံ့စစ်တပ်ကိုတန်ဖိုးထားသည့်  စစ်ဘက်နှင့်အရပ်ဘက် နီးစပ်သည့်ပုံစံဖြစ်သည်။ ၁၉ ရာစုအတွင်းက အမျိုးမျိုးသော အမျိုးသားရေးအုံကြွမှုများနှင့် ပြည်တွင်းစစ်ပွဲ ဖြစ်ပွားစေခဲ့သော နိုင်ငံရေး အကြပ်အတည်း ကာလများအတွင်း မာရှယ်ဂျိုးဇက်ဖ် ပင်လ်ဆူဒ်စ်ကီ (Marshal Jozef Pilsudski) ကဲ့သို့ စစ်ခေါင်းဆောင်များ အာဏာရှင်နီးပါး ဖြစ်သော လုပ်ပိုင်ခွင့်အာဏာများကို တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ကွန်မြူနစ် ခေတ်ကာလအတွင်းကတောင်မှ အလုပ်သမားပုန်ကန်မှုများကို နှိမ်နှင်းရန် စစ်တပ်ဖွဲ့များသည် ဆင့်ခေါ်ခံခဲ့ရပါသည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံ့အာဏာကို ရရှိလာခဲ့သည့် သွေးစည်းညီညွတ်ရေးအဖွဲ့ ဦးဆောင်သည့် အစိုးရ (Solidarity-led government) သည်  စစ်တပ်ကို ပြုပြင်ရန်နှင့် အရပ်ဘက်ထိန်းချုပ်မှု စနစ်သစ်တစ်ခုကို တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။

သမ္မ ဝိုစီးခ်ျဂျယ်ရူဇယ်စကီးသည် 

(၁) အစိုးရအဖွဲ့အသစ်အပေါ် စစ်တပ်၏သစ္စာရှိမှုကို သေချာအောင်ပြုလုပ်ခြင်း။

(၂) စစ်တပ်အတွင်း ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုကို ဖယ်ရှားပစ်ခြင်း။

(၃) လက်နက်ကိုင်တပ်ဖွဲ့များ အမျိုးသားရေး ထိန်းချုပ်မှုအောက်သို့ လုံးလုံးရောက်ရှိစေခြင်း။

(၄) စစ်တပ်အဆင့်မြင့်အရာရှိများ အပြောင်းအလဲကို ပြုလုပ်ခြင်း။

(၅) စစ်တပ်၏ လုပ်ငန်းရည်မှန်းချက်များကို ပြန်လည်ပုံသစ်သွန်းလောင်းခြင်း။

(၆) အမျိုးမျိုးသော အထူးလုပ်ငန်းဌာနများကို ပြန်လည်ဖွဲ့စည်းခြင်း တို့ကို အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ပါသည်။ သို့ရာတွင် စစ်ဘက်၏  တုံ့ပြန်မှုကို ခက်ခဲစွာ ရင်ဆိုင်ခဲ့ရသေးသည် ။ ၎င်းကို ဆက်ခံသော သမ္မတလက်ဝဲလ်ဆာ (Lech Walesa)သည် ၁၉၉၁ခုနှစ်က ပြဌာန်းခဲ့သည့် စစ်ဘက်သည်နိုင်ငံရေးနှင့်ပတ်သက်၍ မဲဆွယ်လှုပ်ရှားခြင်းပါဝင်ပတ်သက် ခြင်းမရှိစေရ ဟူသည့်အချက်ရှိနေသော်လည်း ပါတီစွဲကင်းစင်သည်ဟူသော ကြွေးကြော်ချက်ဖြင့် စစ်တပ်၏ထောက်ခံမှုကို ရယူရန်ကြိုး ပမ်းခဲ့သေးသည်။ ကာကွယ်ရေးဦးစီးချုပ်ကို ၎င်းအောက်ရောက်ရှိစေရန်ကြိုးပမ်းခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ဌာန၏ ဖွဲ့စည်းလုပ်ဆောင်ပုံကို အရပ်ဘက်အောက်ရောက်ရှိရန်ကြိုးပမ်းရာတွင် ဆန့်ကျင်မှုများစွာကြုံခဲ့ရသည်။

            ရုရှားနိုင်ငံတွင်မူ ကွန်မြူနစ်စနစ်ကျဆုံးမှုနှင့် ဆိုဗီယက်ယူနီယံ ပြိုလဲမှုတို့သည် ရုရှားစစ်တပ်အား လုပ်ငန်း ရည်မှန်းချက်ဆိုင်ရာ စိတ်ခံစားမှုမရှိ ဆိုသည့် အနေအထားမျိုးဖြင့် ချန်ထားပစ်ခဲ့ပြီး မကျေမနပ် ဖြစ်စိတ်နှင့် ကျရှူံးစိတ်ဆိုင်ရာ စိတ်ခံစားမှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ စစ်တပ်အတွင်း ခွဲခြားဆက်ဆံခံရမှုနှင့် မညီမျှမှုများက နိုင်ငံရေး အခွင့်ထူးခံများက ၎င်းတို့ကို အသုံးချနေခြင်းဖြစ်ကြောင်း သိမြင်လာကြပြီး  ဘက်တစ်ဘက်တည်းတွင် ရပ်တည်ခြင်းမလုပ် ရန် ထိန်းထိန်းသိမ်းသိမ်းနေခဲ့ကြသည်။ ၁၉၉၃ ခုနှစ် စက်တင်ဘာ အဖြစ်အပျက်တွင် မလွှဲသာမရှောင်သာပါဝင်ခဲ့ပြီး  သမ္မတနှင့် သဘောထားကွဲလွဲခဲ့ယုံသာမက ပါလီမန်၏ အုပ်ချုပ်မှုအပေါ်တွင်ပါ အတိုက်အခံပြုလာကြသည်။ စစ်ဘက်အရာရှိများက ၎င်းတို့၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပါလီမန်တွင် ရဲဝန့်စွာထုတ်ဖော်ပြောဆိုလာကြသည်။

 

            ဤကဲ့သို့ စစ်ဘက်-အရပ်ဘက်ဆံရေးကို လေ့လာသူ ရှက်စ်တိုဗာက မည်သည့် အလားအလာများသည် စစ်ဘက်အာဏာသိမ်းမှုအား ဖြစ်ပွားစေသည်၊ စစ်ဘက်အာဏာသိမ်းမှု (သို့မဟုတ်) စစ်ဘက် ကျောထောက်နောက်ခံပြုသော အရပ်ဘက် အာဏာသိမ်းမှုတခု ဖြစ်ပွားခြင်း မတိုင်မီ တည်ရှိ နိုင်သည့် ကြိုတင်အခြေအနေ (preconditions) ၃ ရပ်ကို အောက်ပါအတိုင်းတင်ပြခဲ့သည်။-

 

(၁) ကြည်ညိုလေးစားအားထားဖွယ်ကောင်းသောခေါင်းဆောင်ရရှိနိုင်မှု (လက်နက်ကိုင် တပ်ဖွဲ့အတွင်းမှဆွဲထုတ် ရရှိနိုင်မှုကို ပိုမိုနှစ်သက်သည်)၊

 

(၂) ထိုကဲ့သို့သော အာဏာသိမ်းမှုကို စီစဉ်ဆောင်ရွက်နိုင်စွမ်း၍ အယူအဆရေးရာ မျက်နှာဖုံးအုပ်ထားမှု သို့မဟုတ် အယူအဆရေးရာ အစီအစဉ်တခုခုကို ထောက်ပံ့ပေး နိုင်သော နိုင်ငံရေးအဖွဲ့အစည်းတခု တည်ရှိမှု၊

 

(၃) ဖြစ်ပေါ်လာသော အစိုးရသစ်အောက်တွင် စစ်ဘက်ဆိုင်ရာ ကိုယ်ပိုင်စီမံအုပ်ချုပ် ပိုင်ခွင့်၏ အတော် အတန်ကြီးသော ဒီဂရီအတိုင်းအတာအား အာမခံပေးရန် အရပ်ဘက်မှ ပူးပေါင်းကြံစည်သူများအပိုင်း၌ ဆန္ဒရှိနေမှုတို့ဖြစ်သည် ဟူ၍ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment